Wednesday, March 14, 2012

ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ပြန်လည်စတင်ရန် မျှော်လင့်ကြောင်း CPI ဥက္ကဋ္ဌပြောကြား တိုင်းရင်းသားအားလုံး စိုးရိမ်ပူပန်နေသော အဆိုပါစီမံကိန်းအား ပြန်လည်စတင်ခြင်းမပြုရန် ကန့်ကွက်မှုများရှိနေ

November | 3/14/2012 10:36:00 AM | Best Blogger Tips

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်ရပ် ဆိုင်းခဲ့သော
ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ပြန်လည်စတင်ရန် မျှော်လင့်နေကြောင်း CPI ဥက္ကဋ္ဌ၏ ပြောကြားချက်အား တရုတ်နိုင်ငံထုတ် သတင်းစာများတွင် ဖော် ပြခဲ့ပြီးနောက် မြစ်ဆုံအရေး ဆောင်ရွက်နေသူများက တိုင်းရင်းသားအားလုံး စိုးရိမ်ပူပန်နေသော အဆိုပါစီမံကိန်း ပြန်လည်စတင်ခြင်းမပြုရန် ကန့်ကွက်မှုများရှိနေသည်။

တရုတ်နိုင်ငံထုတ် China Daily  သတင်းစာတွင် CPI  ဥက္ကဋ္ဌဖြစ်သူ Lu Qizhou က မြန်မာနိုင်ငံသည် မိမိတို့၏ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်ပြီး စီမံကိန်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုချက်ကို ထည့်သွင်း ဖော်ပြခဲ့သည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လုပ်ဆောင်ခဲ့သော China Power Investment Co.,Ltd ၏ ဥက္ကဋ္ဌ Lu Qizhou က ကုမ္ပဏီသည် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုဖြစ်ပေါ်စေခြင်းမှ ရှောင်ရှားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုပါသည်။
''ဧရာဝတီအထက်ပိုင်း မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ကုမ္ပဏီလီမိတက်ကထုတ်တဲ့ နောင်တစ်ချိန်တွင် ဧရာဝတီမြစ်ကြီးသည် ပိုမိုသာယာလှပလာပါမည်ဆိုတဲ့ စာအုပ်ကို မြစ်ကြီးနား မြို့ခံတစ်ယောက် ပို့ပေးတဲ့ အတွက် ဖတ်ရှုခွင့်ရခဲ့ပါတယ်။ စာအုပ်က လျှပ်စစ်ဓာတ်အားရယူတဲ့နေရာမှာ ရေအားလျှပ်စစ်က ဘေးအန္တရာယ် အကင်းဆုံး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဆိုတာ ဖော်ပြထားပြီး သူတို့အနေနဲ့ ဒီမြစ်ဆုံ စီမံကိန်းအပေါ် ဘယ်လောက်ဂရုတစိုက် ဆောင်ရွက်ထားတယ်ဆိုတာ ကွက်ပြီး တင်ပြထားပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းကြီးတွေကို ဖော်ပြထားပြီး အဲဒီစီမံကိန်းတွေရဲ့ အကျိုးကိုပဲ တင်ပြထား ပါတယ်။ ဒီရေအားလျှပ်စစ် စက်ရုံကြီးတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လူမှုဘ၀တွေကို  တစ်လုံးတစ်ပါဒမှ ဖော်ပြထားတာ မရှိပါဘူး။ တရုတ်နိုင်ငံရဲ့ မြစ်ဝါမြစ်ကြီး သေဆုံးသွားရတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ အကြောင်း၊ သမ္မတနဲ့ ၀န်ကြီးချုပ် ဖွင့်ပွဲမတက်ခဲ့တဲ့ (Three Gorges)  ဆည်တည်ဆောက်လို့ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေအပေါ် တရုတ်အစိုးရကိုယ်တိုင် ၀န်ခံပြောကြားခဲ့ရတဲ့ ၀န်ခံချက်တွေလည်း ဖော်ပြထားတာ မတွေ့ရပါဘူး။ နောက်ပြီးသူတို့ရဲ့ နည်းပညာဟာ ရစ်ချက်တာစကေး ၈ ဒသမ ၀ ရှိတဲ့ ငလျင်ဒဏ်ကိုခံနိုင်တယ်လို့ ဖော်ပြထားပေမယ့် စီချွမ်ငလျင်အပြီး တရုတ်နိုင်ငံမှာရှိတဲ့ ဆည်အတော်များများ အက်ကြောင်းတွေ ပေါ်လာခဲ့တဲ့အကြောင်း ဖော်ပြထားတာလည်း မတွေ့ ရပါဘူး''ဟု ရန်ကုန်မြို့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါသည်။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ရေခဲတောင်ဒေသမှ ရေအရင်းအမြစ်များမှတစ်ဆင့် မေခမြစ်နှင့် မလိခမြစ်တို့ စုဆုံရာအရပ်မှ မြစ်ဖျားခံကာ စီးဆင်းလာသော ဧရာဝတီမြစ်သည် ကီလိုမီတာ ၂၁၇၀ (၁၃၄၈ မိုင်) ရှည်လျားပြီး မြစ်အထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသ၊ အောက်ပိုင်းဒေသတို့ကို ကုန်စည်ပို့ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ခရီးသွားလာရေးတို့အတွက် အဓိက အသုံးပြုနေရသော မြစ်ကြီးဖြစ်သည်။

ဧရာဝတီမြစ်သည် မြစ်ဆုံဒေသမှ အစပြုကာ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ သပိတ်ကျဉ်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ သရက်၊ ပြည်၊ ရွှေတောင်၊ မြန်အောင်၊ ဟင်္သာတ၊ ဓနုဖြူ၊ ညောင်တုန်း အစရှိသည့် မြို့ကြီးများစွာကို ဖြတ်သန်း စီးဆင်းလျက်ရှိသည်။
ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခ မြစ်ဝှမ်းရှိ မြစ်ဆုံ၊ ချီဖွေ၊ ချီဖွေငယ်၊ ၀ူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီ ဇော၊ လိုင်ဇာစသည့် ရေအားလျှပ်စစ် စီမံကိန်းတို့ကို အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ China Power Investment Corporation (CPI) တို့ ပူးပေါင်းပြုလုပ်ကြခြင်းဖြစ်ပြီး အေးရှားဝေါလ်ကုမ္ပဏီသည် စီမံကိန်းလုပ်ငန်း လည်ပတ်မှုများတွင် ပါဝင်လုပ်ဆောင်ခြင်း ဖြစ်သည်။
''နိုင်ငံတော် သမ္မတကြီးအနေနဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ ညွှန်ကြားခဲ့ပေမယ့် သူတို့ဘက်က အမှန်တကယ် လိုက်နာခြင်း မရှိခဲ့ပါဘူး။ စီမံကိန်းလုပ်ငန်းတွေကို ဟန်ပြ ရပ်တန့် ခဲ့တာပါ။ ဒါတွေကို ဒေသခံတွေ အားလုံးသိပါတယ်။ စီမံကိန်းနေရာတွေမှာ လာရောက်လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံက အလုပ်သမားတွေနဲ့ ပညာရှင်တွေ အကုန်ပြန်သွားတာ မဟုတ်ပါဘူး။ ဟိုနေရာမှာ တူးလိုက်၊ ဒီနေရာမှာ တူးလိုက်နဲ့ ဆက်လုပ်နေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီ လဆန်းကဆိုရင် ကားအစီးပေါင်းများစွာနဲ့ ပစ္စည်းတွေ ကိုသယ်ပြီး စီမံကိန်းနယ်မြေထဲ ၀င်သွားတာ တွေ့တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။ မြန်မာအစိုးရအနေနဲ့ စီမံကိန်းရပ်ခိုင်းထားတယ်ဆိုရင် CPI နဲ့ တခြားကုမ္ပဏီကလူတွေ မြစ်ဆုံဧရိယာမှာ ပြန်နေကြတဲ့ ရွာသားတွေကို ဘာမှ တားမြစ်စရာ မလိုပါဘူး။ အခုဟာက သူတို့ မရိုးသားတဲ့အတွက် ရွာသားတွေ နေရပ်ပြန်မှာကို နည်းမျိုး စုံသုံးပြီး တားမြစ်နေကြတာဖြစ်ပါတယ်''ဟု မြစ်ကြီးနားမြို့မှ မြစ်ဆုံအရေးနှင့်ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါသည်။ 
''ကျွန်တော် တိုင်းရင်းသားတွေဆီက ကြားတာပေါ့။ နိုင်ငံတော်သမ္မတကြီးက ဒီစီမံကိန်းကို ရပ်လိုက်ပြီဆိုတော့ အားလုံးက ထောက်ခံကြတယ်။ ဒေသခံတွေနဲ့တွေ့တော့ ပင်မဆည်သာ ရပ်တာ၊ ကျန်တဲ့နေရာတွေမှာတော့ ယန္တရားတွေနဲ့ နေ့စဉ် လည်ပတ်နေတာကို တွေ့နေကြရတယ်လို့ ဆိုတယ်။  မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဒီလိုရပ်ဆိုင်းအောင် Eleven Media၊ NGO တွေအပါအ၀င် နယ်ပယ်တိုင်းက ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြသလိုပဲ အခုလည်း ဒီလိုလုပ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ဒေသခံတွေကတော့ စီမံကိန်း လုပ်ငန်းတွေ ဆက်လုပ်နေတာသာ တွေ့ရတယ်၊ မီဒီယာတွေမှာ ဒါနဲ့ပတ်သက်ပြီး မတွေ့ရတော့ စိတ်ပူနေကြတယ်။ စီမံကိန်းကတော့ မလုပ်သင့်တော့ပါဘူး။ တကယ်တော့ ကချင်ပြည်နယ်ကိုရော ဧရာဝတီမြစ်ကိုရော ကာကွယ်ရမှာပါ။ ဒီအစိုးရလက်ထက်လို့ ပြောထားတဲ့အတွက် ကျွန်တော်တို့ စိတ်အေးနေလို့ မရပါဘူး။ ပြန်စမှာကို အားလုံး စိုးရိမ်ပူပန်ကြပါတယ်။ ဧရာဝတီမြစ်ကိုရော ကချင်ပြည်နယ်ကိုရော တစ်စုံတစ်ရာ ထိခိုက်မှုမရှိဖို့ အားလုံးဝိုင်းဝန်းဖို့ လိုတယ်လို့ ကျွန်တော်မြင်ပါတယ်''ဟု Myanmar Journalist Union  ပေါ်ပေါက်လာရန် ဦးဆောင်ကြိုးပမ်းနေသူ ဦးဇော်သက်ထွေးက ဆိုပါသည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှပင် စတင်ရပ်ဆိုင်းထားပြီးဖြစ်သော်လည်း ၂၀၁၂ ခုနှစ် မတ်လသို့ ရောက်ရှိချိန်အထိ ရေ၀ပ်ဧရိယာ ကျေးရွာများမှ ပြောင်းရွှေ့ပေးခဲ့ရသော ဒေသခံများ သည် မူလနေရာများတွင် ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း၊ ပြန်လည်နေထိုင်သူများအားလည်း ရွာကိုစွန့်ခွာပေးရန် ညွှန်ကြားမှုများ ရှိနေသည့်အတွက် စီမံကိန်း ရပ်ဆိုင်းထားသည်ဆိုခြင်းအပေါ် ဒေသခံများဘက်မှ စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းလည်း သိရှိရသည်။ 
ယခုကဲ့သို့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် တရုတ်နိုင်ငံဘက်မှ စတင်တိုက်တွန်းလိုက်ခြင်းအပေါ် ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဧရာဝတီမြစ် အဓွန့်ရှည်ရေး ၀ိုင်းဝန်းဆောင်ရွက်နေသူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ အားလုံးက မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ခြင်းကို ကန့်ကွက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် လူမှုအကျိုးစီးပွား ထိခိုက်နစ်နာမှု(EIA, SIA) တို့ကို အသစ်တဖန် ပြန်လည်လုပ်ဆောင်ပြီးမှ စီမံကိန်း ဆက်လက်တည်ဆောက်သင့်၊ မသင့်ဆုံးဖြတ်ရန် ထောက်ပြဝေဖန်ကြပါသည်။ 
''ပြောချင်တာကတော့ နှစ်ချက်ပါပဲ။ ပထမတစ်ချက်ကတော့ ဒီအစိုးရဟာ ဒီမိုကရေစီ အစိုးရဖြစ်တဲ့အတွက် လူထုအစိုးရပါ။ လူထုသဘောထားကို ကောက်ခံပြီးမှ အများသဘောတူ၊ မတူကို သိမှ ဆုံးဖြတ်ရမယ်။ ဒုတိယတစ်ချက်ကတော့ ပထမလုပ်ခဲ့တဲ့ EIA ဟာ စံမမီဘူး။ အဲဒီ EIA ကို လက်ခံလို့ မရဘူး။ EIA ကို ပြန်လုပ်ရမယ်။ လုပ်တဲ့နေရာမှာလည်း နိုင်ငံတကာအသိအမှတ်ပြု အဖွဲ့အစည်း၊ ပညာရှင်တွေက လုပ်ရမယ်။ EIA  ကို စစ်စစ်မှန်မှန် လုပ်ရမယ်။ ဒါမှလည်း တစ်ဖက်နိုင်ငံက ပြောသလို စီမံကိန်းဟာ ကောင်းပါတယ်ဆိုတာ တကယ်ဟုတ်သလား၊ မဟုတ်ဘူးလား သိရမှာပါ။ အရေးအကြီးဆုံးကတော့ လူထု သဘောထားပါပဲ။ လူထုသဘောထားကို ကောက်ခံပြီးလုပ်မှ မျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်မှာပါ။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ အများရဲ့ ဆန့်ကျင်မှုကို ခံရမှာပါပဲ''ဟု ဒေါက်တာထွန်းလွင် (Myanmar  Climate Change Watch) က ဆိုပါသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှပင် စတင်ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း ၂၀၁၂ ခုနှစ် မတ်လသို့ ရောက်ရှိချိန်အထိ ရေ၀ပ်ဧရိယာကျေးရွာများမှ ပြောင်းရွှေ့ပေးခဲ့ရသော ဒေသခံများသည် မူလနေရာများတွင် ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း၊ ပြန်လည်နေထိုင်သူများအားလည်း ရွာကိုစွန့်ခွာပေးရန် ညွှန်ကြားမှုများရှိနေ ...
''ဒီစီမံကိန်းကိုရပ်ခဲ့တာ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကြောင့် နိုင်ငံတော်သမ္မတကြီးက ရပ်ခဲ့တာ။ နိုင်ငံတော်သမ္မတက ရပ်ခဲ့တဲ့စီမံကိန်းကို ဘာလို့ ပြန်စရမှာလဲ။ နိုင်ငံတော်ရဲ့ သဘောထားကိုလည်း သိခဲ့ပြီ။ ပြည်သူတွေရဲ့ သဘောထားကိုလည်း သိခဲ့ပြီ။ ဒီလိုတိုက်တွန်းတယ်ဆိုတာ ၀င်ရောက် စွက်ဖက်တယ်လို့ပဲ မြင်ပါတယ်။ တရုတ်မှမဟုတ်ပါဘူး။ ဘယ်နိုင်ငံကမဆို နှောင်ကြိုးကင်းတဲ့ အကူအညီမျိုးကိုပဲ လိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက လွတ်လပ်တဲ့နိုင်ငံဖြစ်လို့ပါပဲ''ဟု မြန်မာနိုင်ငံငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောကြားခဲ့သည်။

မြစ်ဆုံဒေသသည် သဘာဝအရင်းမြစ်များ ပေါကြွယ်ဝရာဒေသဖြစ်သလို ဇီဝမျိုးစုံမျိုးကွဲ ကျင်လည်ကျက်စားရာ ဒေသဖြစ်သောကြောင့် ပြည်တွင်း ပြည်ပမှ ပညာရှင်များက စီမံကိန်း မစတင်မီကတည်းက ဝေဖန် ထောက်ပြမှုများ ရှိနေခဲ့သည်။ ထို့အတူ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရယူထားသော ပြည်နယ်တွင်း လက်နက်ကိုင်အဖွဲ့တို့သည် မြစ်ဆုံဒေသအား ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့်နှင့် တိုက်ပွဲများ ဖြစ်ပေါ်နေခဲ့သည်မှာ ကိုးလကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
''ကချင်ပြည်နယ်မှာက ငြိမ်းချမ်း ရေးအစစ်အမှန်ရသေးတာမဟုတ် ဘူး။ အခုလိုမျိုး နှစ်ဖက်ဆွေးနွေးနေ တဲ့အချိန်မှာ တရုတ်နိုင်ငံက CPI အနေနဲ့ ဒီစီမံကိန်းပြန်စဖို့ပြောတာဟာ ပြည်တွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေ နိုင်ပါတယ်။ နိုင်ငံတော်တည်ငြိမ်မှုကို ထိခိုက်စေနိုင်တဲ့ဘယ်အရာမဆိုဆန့် ကျင်ကန့်ကွက်ဖို့ဆိုတာနိုင်ငံသားတိုင်း ရဲ့တာဝန်ဖြစ်ပါတယ်''ဟု မန္တလေးမြို့ မှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူ တစ်ဦးကဆိုပါသည်။

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအား China Power Corporation (CPI) က အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်နေခြင်းဖြစ်ကာ မြစ်ဆုံ စီမံကိန်းအပါအ၀င် ဧရာဝတီမြစ်ညာဒေသ ရေအားလျှပ်စစ်စီမံကိန်းများအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလျံရှိပြီး စီမံကိန်းပြီးစီးသည့် နောက်နှစ်ပေါင်း ၅၀ လည်ပတ်သုံးစွဲပြီးနောက်တွင် မြန်မာနိုင်ငံအစိုးရထံ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း China Power Corporation (CPI)က ဖြန့်ဝေသည့် လက်ကမ်းစာ အုပ်တွင် ဖော်ပြထားသည်။

သတင်းအယ်ဒီတာအဖွဲ့
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြောကြားချက်များ
မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ အခုတလော သတင်းတွေပြန်ပြီးတော့ ကြားနေရတယ်။ အလုပ်တွေ ဆက်ပြီးတော့ ရေကာတာစီမံကိန်းတွေ ဆက်ပြီးတော့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ၊ နောက်အနားမှာနေတဲ့ လူတွေကို ဖယ်ရှားခိုင်းတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ ဒီသတင်းတွေကြားရတော့ တော်တော်လည်းပဲ အံ့သြသွားတယ်။ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုတစ်ရပ်လုံးက ကန့်ကွက်ကြတာဟာ တိုင်းပြည်ရဲ့ အကျိုးစီးပွား၊ ဧရာဝတီပျောက်သွားမှာ၊ တိုင်းပြည်ပျောက်သွားမှာကို အမျိုးသားရေး စိတ်ဓာတ်၊ ပြည်ချစ် စိတ်ဓာတ်နဲ့ ပြည်သူလူထုက ကန့်ကွက်ခဲ့ကြတာ ဖြစ်တယ်။ ဒါကို လျစ်လျူရှုပြီးတော့ ကိုယ့်အကျိုးစီးပွားလေး တစ်ခုတည်းအတွက် ဒါကိုဆက်ပြီးတော့ လုပ်မယ်ဆိုရင်တော့  ပြည်သူတစ်ရပ်လုံးရဲ့ ဆန့်ကျင်မှုကို ခံရလိမ့်မယ်လို့ သတိပေးချင်တယ်။

ဒီလို မြစ်ဆုံကိစ္စမှာတောင်မှ ဗြောင်လိမ်တာကြီးက သိလာရပြီဆိုရင် အရင်အစိုးရတွေ အဆက်ဆက်တုန်းက နှစ်ပေါင်းငါးဆယ်ရှိလာတဲ့  အစိုးရတွေထဲက အစိုးရဘာပြောပြော ဘာလုပ်လုပ် ပြည်သူလူထုက မယုံတော့ဘူး။ ည ၈နာရီထိုးတာနဲ့ TV ထပိတ်လိုက်တယ်။ သတင်းစာကို နောက်ကျောကနေ လှန်ဖတ်တယ်ဆိုတဲ့ ဒီစရိုက်တွေ ဘာကြောင့် ပေါ်ထွက်လာတာလဲဆိုရင် အစိုးရပြောသမျှက ပြည်သူက မယုံ တော့ဘူးဆိုတာ သက်သေပြတာပဲ။ အခုအစိုးရပြောင်းသွားပြီဆိုတော့ အရင်အကျင့်ဟောင်းတွေလည်း ချန်ထားလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီပုံစံဟောင်းတွေ မပြောင်းဘဲနဲ့ကတော့ ဘယ်လိုဒီမိုကရေစီနိုင်ငံကိုမှ သိကြားမင်း ဆင်းလာပြီးတော့ ထူထောင်ရင်တောင်မှ မရနိုင်ဘူးလို့ သတိပေးလိုက်ချင်ပါတယ်။   -လူထုစိန်ဝင်း(၀ါရင့်သတင်းစာဆရာ)
သမ္မတကြီးအနေနဲ့  ဒီစီမံကိန်းကို ၂၀၁၅ အထိ ရပ်ဆိုင်းထားပြီးပြီလို့ ဆိုပါတယ်။ တရုတ် အစိုးရကပဲ ဖြစ်စေ၊ တရုတ် ကုမ္ပဏီတွေကပဲ ဖြစ်စေ ဘယ်လိုဖိအားပေးပေး ဒီစီမံကိန်း ပြန်စစရာမရှိပါဘူး။ ဒါ့အပြင် မြစ်အထက်ပိုင်းက စီမံကိန်းတွေရဲ့ အကြောင်းလည်း တိတိကျကျ သိချင်ပါတယ်။ တရုတ်နိုင်ငံနဲ့လုပ်တဲ့ စီမံကိန်းတွေအကြောင်းလည်း တိတိကျကျ သိချင်ပါတယ်။ တရုတ်နိုင်ငံနဲ့လုပ်တဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အားလုံး နောက်ကြောင်း ပြန်သွားသင့်ရင် သွားရမှာပဲ။ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေအပြီး စစ်ရှုံးတဲ့ မြန်မာတွေအပေါ်မှာ အခွင့်အရေး မတရားယူခဲ့တဲ့ စာချုပ်တွေလို့ပဲ ခံစားရတယ်ဗျာ။ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းကိစ္စ၊ ရေနံပိုက်လိုင်းကိစ္စတွေဟာ ကျွန်တော်တို့နိုင်ငံထက် တရုတ်နိုင်ငံအကျိုးကို ပိုရှိစေတယ်။ ကျွန်တော်တို့ နိုင်ငံကို နစ်နာစေခဲ့တယ်ဗျာ။ ဒါပေမယ့် နှစ်နိုင်ငံဆက်ဆံရေးကို ထောက်ရှုပြီး အကျယ်အကျယ် မဖြစ်စေချင်လို့ ဒီ Issue တွေကို သည်းခံနေခဲ့တာပါ။ အခု နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင်လုပ်တာ ကျွန်တော်တို့ ပြည်သူတွေ မဟုတ်ဘူး။ CPI  အနေနဲ့ ဒီကိစ္စကို နိုင်ငံတကာ တရားရုံး တင်ကြည့်ပြီး ဥပဒေအရ ရှင်းကြည့်ပါလား။ အခုမြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ပြီး နိုင်ငံတကာအသိုင်း အ၀ိုင်းထဲ ၀င်ရောက်တော့မယ်။ ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတစွာ ကျင်းပပြီးရင် Sanction တချို့ ရုပ်သိမ်းတော့မယ်။ နိုင်ငံအနာဂတ် လှပဖို့ များနေပြီ။ ဒီအခြေအနေမျိုးမှာ CPI ကတစ်ဆင့် ပြည်တွင်းရေးကို ၀င်ရောက် အနှောင့်အယှက်ပေးသလို ဖြစ်၊ မဖြစ် တရုတ်အစိုးရအနေနဲ့ စဉ်းစားသင့်တယ်။ အခု CPI ရဲ့ ဖိအားကြောင့် တန်ဖဲရွာကို အတင်းဖယ်ခိုင်းနေပြန်ပြီ။ တန်ဖဲရွာ ကျဆုံးခြင်းဟာ မြစ်ဆုံ ကျဆုံးခြင်းပဲ။ မြစ်ဆုံကျဆုံးခြင်းက ဧရာဝတီကျဆုံးခြင်း၊ မြန်မာနိုင်ငံ ပျက်သုဉ်းခြင်းရဲ့ အစပဲ။ ဒါကြောင့် တန်ဖဲရွာကို ကာကွယ်ရမယ်။ မြစ်ဆုံကို ကာကွယ်ရမယ်။ ဒါဟာ ကျွန်တော်တို့အားလုံးရဲ့ သမိုင်းပေး တာဝန်ပဲ။
နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ဖို့၊ မြန်မာနိုင်ငံတွင်းက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မထိခိုက်စေဖို့ အကောင်းဆုံး အကြံဉာဏ်ကတော့ CPI ကုမ္ပဏီ အနေနဲ့ ကျွန်တော်တို့နိုင်ငံက အမြန်ဆုံး ထွက်ခွာသွားပါတော့လို့ မေတ္တာရပ်ခံပါတယ်။   -ဒေါက်တာသန်းထွဋ်အောင် (CEO,Eleven Media Group)
- အရင်တုန်းက ပြောခဲ့သလိုပါပဲ။ ဒါမလုပ်သင့်ဘူးပေါ့။ တစ်ခါတလေမှာ တချို့ကိစ္စတွေဟာ အကျိုးနဲ့ အကြောင်းနဲ့ မဟုတ်ဘူး။ လူတွေရဲ့ နှလုံးသည်းပွတ်၊ ချစ်ခြင်း၊ ကိုယ့်ရဲ့ အမှတ်လက္ခဏာ ဒါတွေနဲ့ စဉ်းစားဖို့ ကောင်းတယ်။ လုပ်မယ်ဆိုရင်ရော အကျိုးတွေ၊ အကြောင်းတွေရှိသလား၊ ဘာတွေလုပ်မှာလဲ၊ လုပ်ပြီးပြီလား။ နိုင်ငံတကာက အသိအမှတ်ပြု တွက်ချက်လုပ်ကိုင်ထားတဲ့ EIA ၊ SIA ရော ရှိပြီလား။ ရှိရှိ၊ မရှိရှိပါ။ ပြည်သူလူထုကတော့ ဒီစီမံကိန်းကို လုံးဝမကြိုက်ပါဘူး။ အားလုံးအတွက် စဉ်းစားရမှာပဲ။ ပြည်သူ့ဆန္ဒက အရေးကြီးတာ မဟုတ်ဘူးလား။ ကောင်း၊ မကောင်းက ပြည်သူက ဆုံးဖြတ်ရမှာ မဟုတ်ဘူးလား။ မှန်၊ မမှန်ကရော ပြည်သူက ဆုံးဖြတ်ရမှာ မဟုတ်ဘူးလား။ ဒီလိုဆုံးဖြတ်နိုင်တဲ့ ခေတ်၊ ကာလကို ရောက်နေပြီ မဟုတ်ဘူးလား။ ဒီမိုကရေစီဆိုတာ ဒီလိုပြည်သူက ဆုံးဖြတ်နိုင်တာပဲ မဟုတ်ဘူးလား။ ဘာမှ မေးခွန်းထုတ်စရာမရှိဘူး။ စီးပွားရေး တစ်ခုတည်းနဲ့ တွက်လို့ပြီးတာမဟုတ်ပါဘူး။   -ကိုတာ(စာရေးဆရာ)
ဒီနေရာမှာ အတိအကျ ကျွန်တော်တို့ မေးရမှာက ဒီစီမံကိန်းကို ဆက်ပြီးတော့လုပ်ဖို့ ကြိုးစားနေတယ်၊ ဆုံးဖြတ်နေတယ်ဆိုတာက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတ ကိုယ်တိုင်က ကမ္ဘာသိ ကတိပေးထားတဲ့အပေါ်မှာ ဘယ်သူတွေက ကျော်ပြီးတော့ လုပ်နိုင်မလဲ ဆိုတာမျိုးပေါ့။ အုပ်ချုပ်ရေးမှာ သမ္မတထက် လုပ်ပိုင်ခွင့်ပိုတဲ့သူများ ရှိနေပြီလား။ ဖွဲ့စည်းပုံအရဆိုရင်တော့ အင်မတန် မေးခွန်းထုတ်ရမယ့် ကိစ္စ၊ နောက်တစ်ခုက ဒါနိုင်ငံတော်သမ္မတကိုယ်တိုင် ကတိပေးထားတဲ့အပေါ်မှာ သူ့ကို ကျွန်တော်တို့ လူကြီးလူကောင်းတစ်ယောက်လို့ပဲ မြင်ချင်တယ်။ ယုံလည်း ယုံချင်တယ်ပေါ့။ တစ်ခုတော့ ရှိပါတယ်။ ဘယ်ခေတ်မှာမဆို နိုင်ငံရဲ့ သယံဇာတကို အဆီစားပြီး အသားမြိုချင်တဲ့ ကြောင်ပါးတွေ အမြဲရှိတယ်ဆိုတာ သိတယ်။ ပြည်တွင်းက သစ္စာဖောက်တွေနဲ့ ပေါင်းပြီးတော့ နိုင်ငံရဲ့ သယံဇာတနဲ့ အနာဂတ်ကို လုပ်ကြံဖို့ ကြိုးစားမယ်ဆိုတာလည်း ကြိုတွက်ပြီးသားပါ။ အဲဒီအတွက် ကျောချင်းကပ်မယ့် ပညာသည်တွေ၊ ပြည်သူလူထုတွေ၊ ရှေ့နေဥပဒေပညာရှင်တွေ အနာဂတ်ကို ကာကွယ်ကြမယ့် လူငယ်အင်အားတွေ တိုင်းရင်းသားတွေ များစွာရှိပါတယ်။ ဒီအတွက် အမျိုးသားရေးဟာ စိန်ခေါ်မှုဖြစ်သွားခဲ့ရင် တစ်မျိုးသားလုံးရဲ့ တုန့်ပြန်မှုကို ခံရလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ တစ်မျိုးသားလုံးရဲ့ ဒဏ်ခတ်ခြင်းကိုလည်း ခံရလိမ့်မယ်။
သမ္မတအနေနဲ့ကတော့ ပြည်သူ့ဆန္ဒကို အလေးအနက်ပြုတယ်ဆိုတဲ့အနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ (မြစ်ဆုံစီမံကိန်းကို မိမိတို့ အစိုးရလက်ထက်တွင် ယာယီရပ်ဆိုင်ထားမည်) အစွမ်းကုန် ပြောလိုက်တာပါ။ ဒါသူ့သက်တမ်းမှာ သူအာမခံနိုင်တယ်ဆိုတာ၊ သူ့အပေါ်လည်း ကျွန်တော်တို့ နားလည်မှု ရှိတယ်။ အဲဒီတော့ နောင်သက်တမ်းတွေအတွက် အာမခံချက်မရှိဘူးဆိုတဲ့ မြန်မာပြည်ရဲ့ မရေမရာနိုင်လှတဲ့ အနာဂတ် အတွက်ကတော့ အင်မတန် စိုးရိမ်ပူပန်စရာ ကောင်းတယ်။ အဲဒီအတွက်ကတော့ ကျွန်တော်တို့ ပြည်သူပြည်သားအားလုံးနဲ့ ဆိုင်တယ်။ ခေါင်းကိုထိရင် ရင်ဘတ်က နာတယ်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးအနေနဲ့ ပြောတာပါ။ တစ်ပြည်လုံးက တိုင်းပြည်တစ်ပြည်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပဲ။ ကျွန်တော်တို့အားလုံးနဲ့ ဆိုင်တယ်။ ကော့သောင်းကနေပြီးတော့ အထက်ဆွမ်ပရာဘွမ်အထိ ကျွန်တော်တို့အားလုံးနဲ့ ဆိုင်တယ်။ ဒါကြောင့် ဒီကိစ္စ ထပ်ပြီးအရေးပေါ်လာရင် ကျွန်တော်တို့ သမိုင်းအဆက်ဆက်မှာ သားစဉ်မြေးဆက် မျိုးဆက်အရှေ့ရှေ့က ရပ်ခဲ့တဲ့ နို့ချိုကျွေးနိုင်ခဲ့တဲ့ ဧရာဝတီဟာ တစ်ပွဲစားလက်ထက်ကျမှ အသက်ပေးရမယ်၊ လည်စဉ်းပေးရမယ် ဆိုတာတော့ ကျွန်တော်တို့ အဖြစ်မခံနိုင်ဘူး။ အဲဒီအတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ပြီးသားပါ။ ကျွန်တော်တို့ ပြည်သူရဲ့ ညီညွတ်မှု၊ အနုပညာသမားတွေရဲ့ လှုံ့ဆော်မှု၊ ပြီးတော့ သဘာဝပတ်ဝန်းကျင် ပြည်သူတွေရဲ့ လှုံ့ဆော်နိုင်မှု အများကြီးရှိပါတယ်။ ကျွန်တော်တို့ဘက်က၊ တစ်ခုပဲ ရှိပါတယ်။ ပြည်သူတွေဟာ နိုင်ငံတော်နဲ့ အစိုးရနဲ့ လက်တွဲပြီးတော့ ဒီမိုကရေစီကို ချီတက်ကြမယ်လို့ လက်တွဲဖို့လို့ ကမ်းလှမ်းနေကြတဲ့အချိန်မှာ အားလုံးပျော်ရွှင်ပြီးတော့ အနာဂတ်အတွက် အားမာန်တွေ တက်နေကြတဲ့အချိန်မှာ အခုလိုသတင်းမျိုးဟာ မဖြစ်သင့် မဖြစ်ထိုက်ဘူး။ အမျိုးသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဒီစီမံကိန်းကို ယောင်လို့တောင်မှ စိတ်မကူးသင့်ဘူး။ ပြန်စဖို့ကို။ တစ်မျိုးသားလုံးနဲ့ ဆိုင်နေတဲ့ကိစ္စဖြစ်လို့ တစ်မျိုးသားလုံးဆိုင်တဲ့ အင်အားစုကြီးနဲ့ ထိပ်တိုက်တွေ့ရလိမ့်မယ်။
အရေးတကြီး အနေနဲ့တော့ ဒီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ ရဲရဲရင့်ရင့် ဆုံးဖြတ်ခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့တစ်ကွ ပြည်သူ့ဘက်တော်သားတွေကို ကျွန်တော်သတင်းစကားတစ်ခု ပေးချင်တယ်။ ကမ္ဘာမှာ ဘယ်နိုင်ငံ အင်အားဘယ်လောက်ကြီးပါစေ။ အိမ်နီးချင်းထဲကပဲဖြစ်ဖြစ် သူတို့အင်အား ဘယ်လောက်ကြီးပါစေ။ ကျွန်တော်တို့ တစ်မျိုးသားလုံး ညီညွတ်ရင် ဘယ်သူ့ကိုမဆို ရင်ဆိုင်လို့ရတယ်။ ကျွန်တော်တို့ ကျောချင်းကပ်ထားရုံပဲ။ အမျိုးသားရေးအတွက်ဆိုလို့ရှိရင် တစ်မျိုးသားလုံးအတွက် ကျွန်တော်တို့ ရှေ့ဆုံးကနေပြီးတော့ ရင်ဆိုင်ပါ့မယ်။ အဲဒီအတွက် ကျွန်တော်တို့ရဲ့ ကတိကိုလည်း ယုံကြည်ပါ။ ပြည်သူ့အားကိုလည်း ယုံပါလို့ ကျွန်တော်တို့ အသိပေးချင်တယ်။ ယုံပါ။ ပြည်သူ့အားကို ယုံပါ။   -ကိုမင်းကိုနိုင်(၈၈မျိုးဆက်ကျောင်းသားအဖွဲ့ခေါင်းဆောင်)
ပြည်သူတွေရဲ့ အသံကို သမ္မတကြီးက အလေးအနက်ထားတဲ့ အနေနဲ့ မြစ်ဆုံစီမံကိန်းကို ရပ်တန့်လိုက်တယ်လို့ ကြားရတဲ့အခါမှာ အစိုးရသစ် ပြောင်းလာပြီးနောက်ပိုင်းမှာ အရေးအပါဆုံး ပြည်သူတွေရဲ့အသံကို အလေးအနက်ထားတဲ့ ဆုံးဖြတ်ချက်အဖြစ်နဲ့ ကျွန်တော်တို့ မျက်ရည်လည်လောက်အောင်ကို ခံစားရတယ်။ အဲဒီပြည်သူတွေအပေါ်မှာ အလေးအနက်ထားမှုဟာ ပြန်ပြီးတော့ အားနည်းသွားမှာ ယုတ်လျော့သွားမှာ ကျွန်တော်တို့ စိုးရိမ်တယ်။ ဒီကိစ္စဟာ စီးပွားရေးအမြင်သက်သက်နဲ့ ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့ ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေ၊ နောက်ဆုံး ဒေသခံ ပြည်သူတွေအပေါ်မှာ သက်ရောက်မှုတွေ အဲဒါတွေကို ဘက်ပေါင်းစုံကနေ အလေးအနက်ထားပြီးတော့ စဉ်းစားရမယ့်ကိစ္စလို့ ကျွန်တော်မြင်ပါတယ်။ အနိမ့်ဆုံးအဆင့် ကျွန်တော်တို့စိတ်ထဲမှာ အာမခံချက် ရနေတာတစ်ခုကတော့ သမ္မတဦးသိန်းစိန် သက်တမ်းကုန်တဲ့အထိတော့ ဒါတွေဟာ ရပ်တန့်ထားတယ်လို့ ကျွန်တော်တို့ နားလည်တယ်။ အဲလိုမဟုတ်ဘဲနဲ့ ပြန်ပြီးတော့စတင်ဖို့ ကြိုးပမ်းနေတဲ့ အရိပ်အယောင်တွေ မြင်နေရတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ ကျင့်သုံးမှု အထွဋ်အထိပ်ဖြစ်တဲ့ သမ္မတတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို ဒါဟာ ဖီဆန်နေတာ၊ စိန်ခေါ်နေတာလို့ ကျွန်တော် ခံစားရတယ်။   -ဦးကိုကိုကြီး(၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်)
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1