Thursday, March 1, 2012

သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ၈၈ ကျောင်းသားခေါင်းဆောင်များ ထောက်ပြ ဝေဖန်

November | 3/01/2012 09:43:00 PM | Best Blogger Tips
 
နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာအစိုးရသက်တမ်း၁ နှစ်ပြည်အထိမ်းအမှတ်  ပြည်ထောင်စုလွှတ်တော်မှာ အရပ်သားအစိုးရလက်ထက်တစ်နှစ်တာကာလအတွင်းနိုင်ငံရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေးနဲ့တိုင်းရင်းသားအရေး အခြေအနေတွေကို  မိန့်ခွန်း ပြောကြားခဲ့ပါတယ်။


တနိုင်ငံလုံးကို ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့တဲ့ ဒီမိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က တိုင်းပြည်ကို ဒီမိုကရေစီအသွင် ကူးပြောင်းရေး လမ်းကြောင်းပေါ်ကို ရောက်နေပြီး ဖြစ်ပေမယ့် စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ကိုတော့ အချိန်ယူ ကြိုးစားရမယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ (Rule of Law)ကို စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေး နယ်ပယ် အသီးသီးမှာ ရှိနေရမယ်လို့ ပြောပါတယ်။ ဒါပေမယ့် တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးကို မရှိမဖြစ် လိုအပ်တာကို သမ္မတက တရားဝင် ပြောကြား တာကို ကြိုဆိုပေမယ့် (Rule of Law) တရားဥပဒေ စိုးမိုးရေးဟာ စကားလုံး အဆင့်ကနေ အသက်ဝင်လာဖို့ကိုတော့ မယုံကြည်သေးဘူးလို့ မကြာခင်ကမှ ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက အခုလို သုံးသပ်ပါတယ်။
“ကျနော်တို့ကလည်း တရားဥပဒေ စိုးမိုးရေးကို တောက်လျှောက် ပြောခဲ့တယ်။ အရင် စစ်အစိုးရလက်ထက် ကျနော်တို့ ကြုံခဲ့ရတာက လူပုဂ္ဂိုလ်က အုပ်စိုးတဲ့ အုပ်ချုပ်တဲ့ စနစ်ကိုပါ။ တရားဥပဒေက ထိပ်ဆုံးက လူပုဂ္ဂိုလ်ရဲ့ စိတ်သဘောထား ဆန္ဒအတိုင်း လိုက်ပြီး ဖော်ဆောင်ပေးရတဲ့ စနစ်ကနေ အခု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်တဲ့စနစ်တခုကို ပြောင်းပြီဆိုတော့ အကူးအပြောင်းမှာ ခေါက်ရိုးကျိုးနေပြီး အရှိန်မသေသေးတဲ့ ကိစ္စတွေတော့ ရှိနေသေးတယ်လို့ ကျနော်မြင်တယ်။
“ဒီတော့ Rule of Law တကယ်လုပ်ဖို့ဆိုရင် လူပုဂ္ဂိုလ် အုပ်ချုပ်တဲ့စနစ်ကနေ တရားဥပဒေ အသက်ဝင်လာဖို့ ပြည်သူတွေကြားထဲမှာ တရားဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာတွေ နိုးကြားလာဖို့ လိုတယ်။ ဒါတွေမရှိဘဲနဲ့ Rule of Law ဆိုတဲ့ တရားဥပဒေ စိုးမိုးရေးက စကားလုံးအဆင့်ထက် ပိုပြီးတော့ တကယ် အသက်ဝင်လာလိမ့်မယ်လို့ မယုံကြည်ဘူး။ ဒါပေမယ့် ဘာပဲပြောပြော Rule of Law တကယ်လိုအပ်ပြီလို့ သမ္မတက တရားဝင် ပြောကြားလာခြင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကြိုဆိုပါတယ်။ တကယ် အကောင်အထည် ပေါ်လာဖို့လည်း လိုပါတယ်။
“ဥပဒေလို့ပြောရင် ဥပဒေပြု အာဏာကို ကျင့်သုံးပြီး လွှတ်တော်နဲ့ ပတ်သက်တဲ့အပိုင်း ကျနော်တို့ဆက်ပြီး ပြောရပါလိမ့်မယ်။ တည်ဆဲဥပဒေတွေကို ဘာအတွက် ဆက်ပြီး ကျင့်သုံးမလဲ။ ဘာတွေက လူထုအတွက် အခွင့်အရေးကို ပိတ်ဆို့တားဆီးထားတဲ့ ဥပဒေတွေ ဖြစ်နေသလဲ။ ဘယ်လို ဥပဒေမျိုးတွေကတော့ လူထုအတွက် အကာအကွယ်ပေးဖို့နဲ့ အကျိုးရှိဖို့အတွက် ဆက်ပြီး အသစ်ပြဌာန်းဖို့ လိုအပ်သလဲ ဆိုတာတွေကို လူထုကိုယ်စားပြုတဲ့ လွတ်လပ်ပြီး၊ စိတ်ဆန္ဒ သဘောထားနဲ့ ရွေးချယ်တင်မြှောက်တဲ့ ဥပဒေပြုလွှတ်တော် အဆင့်ကိုဖြစ်လာမှ ဥပဒေ ဆိုတဲ့ကိစ္စက ပိုပြီးတော့ အသက်ဝင်လာမှာပါ။
ဒီတော့ ကျနော်မြင်တာတော့ Rule Of Law ကို စကားလုံးဘ၀ကနေ တကယ် အသက်ဝင်လာတဲ့ အဆင့်ရောက်အောင် အားလုံး ဆက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်သလို နားလည်မှုရှိရှိနဲ့ တည်ဆောက်သွားကြရမယ့် အဆင့်တွေ အများကြီး ကျန်နေသေးတယ်လို့ မြင်ပါတယ်။”
သမ္မတဦးသိန်းစိန်ကလည်း သူရဲ့ နိုင်ငံအခြေပြု မိန့်ခွန်းမှာ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာဖို့ အတွက် နိုင်ငံသားအားလုံး နောက်ကြောင်းပြန်မလှည့်ဘူးဆိုပြီး ပါရှိပါတယ်။
အရင် အဆက်ဆက်က စစ်တပ် အာဏာသိမ်း အစိုးရလိုမျိုး ဘယ်တော့မှ ပြန်မရောက်တော့ဘူးလို့ အဓိပ္ပာယ်ဆောင်တဲ့ စကားလုံးမျိုးကို ထည့်သွင်းသုံးစွဲပါတယ်။ ပြည်တွင်း၊ ပြည်ပ မြန်မာနိုင်ငံသား အားလုံးဟာ မတူတာတွေကို ဖယ်ထားပြီး တူတာတွေ တွဲလုပ်ဖို့ကိုလည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။
သမ္မတရဲ့ မိန့်ခွန်းထဲမှာ ထူးထူးခြားခြား ပါရှိတာကတော့ အရင်က တခါမှ ညွှန်းဆိုတာ မရှိတဲ့အကြောင်း အမျိုးမျိုးကြောင့် ပြည်ပမှာ ရောက်နေတဲ့ ကျနော်တို့ရဲ့ နိုင်ငံသူနိုင်ငံသားဆိုတဲ့ ညွှန်းဆိုချက်ပါ။ မြန်မာနိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့်သူတွေ ပါဝင်နိုင်ဖို့ကိုလည်း သမ္မတဦးသိန်းစိန်က ကြိုးပမ်းနေပါတယ်လို့ ပြောသွားပါတယ်။
ပြည်ပရောက် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကတော့ သမ္မတဦးသိန်းစိန်အနေနဲ့ ပြည်ပရောက် နိုင်ငံသားတွေ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ပါဝင်နိုင်ဖို့အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ရမယ်လို့လည်း ဝေဖန် ထောက်ပြပါတယ်။
ပြည်ထောင်စု အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြည်ပမှာ နေထိုင်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တဦး ကိုမိုးသီးဇွန်ကတော့ သမ္မတ မိန့်ခွန်း အပေါ် ခုလို ဝေဖန် ထောက်ပြပါတယ်။
“သူတို့က ခဏ ခဏတော့ ပြောနေတယ်။ လက်တွေ့မှာ ဘယ်သူမှ ပြန်လို့မှ မရဘဲ။ လက်တွေ့မှာ ဒီမိုကရေစီလှုပ်ရှားမှု လုပ်နေတဲ့ တက်ကြွလှုပ်ရှားတဲ့ သူတွေ အမေရိကန်၊ ဂျပန်၊ ဥရောပက လူတွေဟာ travel document (ခရီးသွားလာခွင့် စာရွက်စာတမ်း)တွေ ကိုင်ထားတဲ့ သူတွေရှိတယ်။ နိုင်ငံသားဖြစ်နေတဲ့သူတွေ ရှိတယ်။ သွားလျှောက်ကြည့်ကြတဲ့အခါမှာ အဆင်မပြေကြဘူး။ တော်တော်များများက မပြန်ရဲကြဘူးလို့ပဲ ကျနော့်ကို ပြောကြတယ်။
ကျနော် ဦးအောင်မင်းနဲ့ ဆွေးနွေးတော့လည်း ဒီအချက်ကို ထည့်ပြောပါတယ်။ ဥပဒေအရ ထုတ်ဖို့လိုတယ်။ အထွေထွေ လွတ်ငြိမ်းချမ်းသာ ကြေညာလိုက်တာမျိုးပေါ့။ ဒီလိုမှ ပြည်ပရောက် နိုင်ငံသားတွေက ပြန်လို့ရမယ်။ ဥပမာ ဗီယက်နမ်နိုင်ငံမှာ ကမ္ဘောဒီးယားမှာ၊ ဆိုမားလီးယားမှာ ပြည်ပရောက်လူမျိုးတွေ ပြန်လာဖို့ကို ဥပဒေထုတ်ပြီး ကြိုဆိုတယ်။”
သမ္မတဦးသိန်းစိန်ဟာ ပြည်သူတွေ ဆန္ဒရှိတဲ့ တိုင်းပြည်ငြိမ်းချမ်းရေး ရဖို့အတွက် နှစ်ဦးနှစ်ဖက် အဖွဲ့အစည်းတွေမှာ တာဝန်ရှိပါတယ်လို့ ပြောဆို ၀န်ခံလိုက်ပြီးတော့ ပြည်ထောင်စုအစိုးရ အတွင်းမှာ သဘာထားတင်းမာသူတွေနဲ့ ပျော့ပျောင်းသူတွေ ရှိနေတယ်ဆိုတာကိုလည်း ဒီနေ့ မိန့်ခွန်းမှာ ငြင်းဆိုသွားပါတယ်။
အစိုးရ၀န်ထမ်းတွေ မျှော်လင့်နေကြတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တင်သွင်းထားတဲ့ လစာတိုးရေးကိစ္စကိုလည်း ဦးသိန်းစိန်က မရေမရာ ပြောဆိုသွားတာနဲ့ ပတ်သတ်ပြီး လယ်ဝေးမြို့က အငြိမ်းစားဝန်ထမ်း ဦးတင်အေးက သုံးသပ် ပြောဆိုပါတယ်။
“၀န်ထမ်းတွေက မတိုးပေးလည်း နေရတာပဲ။ ကျနော်တို့ ၀န်ထမ်းဆိုတာက ဘာမှလုပ်လို့ ရတာမဟုတ်ဘူးလေ။ အခု ရန်ကုန်က လှိုင်သာယာက ဖိနပ်စက်ရုံကိစ္စတောင် ဖြေရှင်းလို့ မရသေးဘူး။ အဲ့လောက်ကိစ္စက ဖြေရှင်းသင့်တယ်လေ။ ဘာမှ ခက်တာမဟုတ်ဘူး။ ကျနော်တို့ ၀န်ထမ်းတွေ ရတဲ့လစာကို သမ္မတကြီး ပြောသလိုဆိုရင် လစာများများ ရတဲ့သူက ရာနှုန်းဘယ်လောက်လဲ ထပ်မေးမယ်ဗျာ။ လစာနည်းနည်းပဲရတဲ့ နေ့စား တယောက်ဟာ ငှားမယ်ဆို ၂ ထောင်နဲ့ ၃ ထောင်ကြား ပေးရမယ်။ ဒါအနိမ့်ဆုံးပေါ့။ ဒီလို နေ့စားခတွေ တတ်နေတဲ့အချိန်မှာ အောက်ခြေ၀န်ထမ်းဟာ ၃ သောင်းနဲ့ ၄ သောင်းကြားပဲ ရတယ်။
သူတို့က ဆင်းရဲချမ်းသာ ကွာဟမှု စီမံကိန်း ချနေတယ်ဗျာ။ ဆင်းရဲတဲ့သူ ပပျောက်ရေး ဆိုတာထက် နည်းပါးရေးပေါ့။  ပပျောက်ရေးလို့ သူတို့ မပြောရဲဘူးလေ။ အောက်ဆုံးဝန်ထမ်းတွေကို အရင်ကတည်းက များများတိုးပေးပါ။ အထက်က၀န်ထမ်းတွေကို နည်းနည်းလျော့ပေးပါလို့ ပြောတာပဲ။ ရမှ မရတာ။ သူတို့အတွက်ချည်းပဲ အများကြီး တိုးပေးလိုက်တာကိုး။”
Ref; DVB


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1