Wednesday, May 23, 2012

ထွက်ပေါက်ပိတ်နေကြသူများ

Ever November | 5/23/2012 07:58:00 PM | Best Blogger Tips
လူဆိုတာဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ။ ဘဝမှာ ဘာမျှော်လင့်ချက် ရည်မှန်းချက်မှ မရှိတဲ့ လူဆိုတာကတော့ရှင်လျှက်နဲ့သေနေသူဒါမှမဟုတ်ရူးသွပ်နေသူသော်လည်းကောင်း ဖြစ်ရမယ်။
မြန်မာပြည်က လူငယ် လူရွယ် လူလတ်ကအစ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအဝင် ရှမ်းပြည် (ထိုင်းနိုင်ငံ) ကို ဝင်ရောက် အလုပ်လုပ်နေ ကြတာ လူဦးရေ သန်းနဲ့ ချီပြီး ရှိနေပါတယ်။ ဘာကြောင့် ဒီလို လူတွေ ထွက်လာနေကြတာလဲ။ အဖြေကတော့ ကိုယ့်တိုင်းပြည်မှာ စီးပွါ့းရေး မပြေလည်လို့ ကျပ်တည်းဆင်းရဲလို့ စီးပွါးလာရှာကြတာ၊ ငွေလာရှာကြတာပါ လို့ တူညီတဲ့ အဖြေကို တညီတညွတ်တည်း ပေးတတ်ကြပါတယ်။ မွန်းကျပ်လွန်းတဲ့ ကိုယ်တွေအတွက် ဂယ်ပေါက်ကလေး တပေါက် များ ဖြစ်လေမလားလို့ အားကိုးတကြီး ထိုင်းနိုင်ငံကို လာခဲ့ကြတာပါ။ လာတယ်ဆိုတာလည်း လွယ်တယ်တော့ မထင်ပါနဲ့။ လယ်ပေါင် နွားရောင်းပြီး လာရတဲ့သူ ရှိသလို နှစ်ဆယ်တိုးနဲ့ ချေးပြီး လာသူလည်း ရှိပါတယ်။ ဒီရှမ်းပြည်ကို
ရောက်လာပြီးနောက် ဘဝရဲ့ ထွက်ပေါက်ကို တကယ် ရှာဖွေ တွေ့သွားကြလေသလားဆိုတော့ အနည်းစုကတော့ အဆင်ပြေကြပါတယ်တဲ့။ အများစုကြီးကတော့ ထင်သာထင် မဝင်ဘူး ကျောင်းအမရဲ့ ဆိုသလိုပါဘဲ။ ပလိုင်းပေါက်နဲ့ ဖားကောက်ကြတာ များပါတယ်။ ဘာကြောင့်ပါလိမ့်။

မျောက်လွှဲကျော် လုပ်နေကြလို့

အလုပ်သမား အများစုကြီးဟာ အလုပ်တခုကို စိုက်လိုက်မတ်တတ် တနေရာတည်းမှာ ကြာကြာလုပ်လိုတဲ့ ဆန္ဒမရှိကြ ဘူး။ ဟိုနေရာမှာ လုပ်အားခပိုရတယ်။ ဒီမှာထက် ၁ဝ ဘတ်ပိုရတယ်။ ၁၅ ဘတ် ပိုရတယ်။ အစိတ်လောက်တောင် ရတယ် ကြားရင် အဲဒီနေရာကို အမြန်ဆုံး ပြောင်းလုပ်တတ်ကြတယ်။ ၁ဝ ဘတ်တော့ ပိုရပါရဲ့။ ဒါပေမဲ့ အလကား သွားလို့ရတာမှ မဟုတ်လား။ အဲဒီအလုပ်ကိုရဖို့ ပွဲစားခ ပေးရတယ်။ ဒါကို ဒီမှာခေါ်ကြတဲ့စကားလုံးက စမတ်ခ
ပေးရတယ်တဲ့။ လိုက်ပို့တဲ့ ကယ်ရီကိုလည်း ပိုက်ဆံပေးရတယ်။ နေရာသစ်ရောက်ရင် အစစအရာရာ အကုန်လုံး အသစ် ပြန်ဝယ်ရတာချည်းပါဘဲ။ ဒီကြားထဲ ရက်ပေါင်ကြေးဆိုတာလည်း ပေးထားရသေးတယ်။ ရက်ပေါင်ကြေး ဆိုတာက အလုပ်စဝင်ပြီးနောက် ၁ဝရက်စာ ဖြစ်စေ  ၂ပတ်စာဖြစ်စေ လုပ်အားခကို အလုပ်ရှင်က ထုတ်မပေးဘဲ စဘော်သဘောမျိုး ယူထားတာကို ပြောတာ။ တနည်းအားဖြင့် အလုပ်သမားကို ချည်နှောင်ထားတဲ့ သဘောပေါ့။ လက်ရှိ လုပ်ခနဲ့ဆိုရင် တရက်ကို ၃ဝဝဘတ်။ ၁ဝ ရက် ဆို ဘတ် ၃ဝဝဝ စဘော်တင်ပြီး လုပ်ရတာမျိုးလည်း ရှိသေးတယ်။ ဒါက အလုပ်မျောက်လွှဲကျော် လုပ်ခြင်းရဲ့ ပထမဆုံး ရလာတဲ့ ရလဒ်ပေါ့။

နောက်တခုက အလုပ် ခဏခဏပြောင်းတော့ လုပ်ငန်း ကျွမ်းကျင်မှု မရှိတော့ဘူး။ အလုပ်မကျွမ်းကျင်သူဟာ အမြဲတမ်း
အောက်ဆုံးအဆင့်က တက်မလာတော့ဘူး။ ဒါ့အပြင် ကိုယ်အားကိုးမှီခိုပြီး ဘဝတက်လမ်းကို လက်တွဲခေါ်ယူသွားနိုင်မဲ့ အလုပ်ရှင်နဲ့လည်း ရင်းနှီးစရာ အကြောင်းမရှိတော့ဘူး။ ကျနော်တို့ဆီမှာ စကားပုံက ရှိပြီးသားဘဲ။ ဘုရားတောင်မှ အမှီရှိမှ ပွင့်တော်မူရသတဲ့။ သူတပါးတိုင်းပြည်ကို လာရောက် အလုပ်လုပ်သူတွေအတွက် အမှီသဟဲ အရိပ်ကောင်း တခုကို မရခဲ့ရင် ရရစားစား ဝါးဝါးမျိုမျို ဘဝက ဘယ်တော့မှ လွတ်မြောက်မည် မဟုတ်ပါ။

ဖောက်ယူရမည့် ထွက်ပေါက်

ဘာလို့ ထွက်ပေါက်ကို မတွေ့တာလဲဆိုတော့ ထွက်ပေါက်ကို မသိလို့ဘဲလို့ ဆိုချင်ပါတယ်။ ´လူတချို့ဟာ အသိညဏ် မရှိလို့ သူတပါး ဘာခိုင်းမလဲဆိုတာကို ထိုင်စောင့်ရင်း အချိန်ကုန်တတ်ကြသတဲ့။ အချို့ကျပြန်တော့ အသိဥာဏ် ကလေး တော့ အထိုက်အလျောက် ရှိပါတယ်။ ဒါပေမဲ့ ငါ့မှာ အရင်းအနှီးမှ မရှိတာ။ ငါ့ကို ထောက်ပံ့မဲ့လူမှ မရှိတာဆိုပြီး အရင်းအ နှီး စိုက်ထုတ်ပေးမဲ့လူကို ထိုင်စောင့်ရင်း အချိန်ကုန်နေကြသတဲ့။ တကယ်တော့ အောင်မြင်မှု ကြီးပွါးမှုလမ်းစ ဆိုတာ ကိုယ်တိုင် ကြိုးစားရှာဖွေမှသာလျှင် ရတတ်တာမျိုးသာ ဖြစ်ပါတယ်။ အလိုအလျောက် မိုးပေါ်ကကျလာမဲ့ အခွင့်အရေးကို ထိုင်စောင့်နေလို့ကတော့ အရိုးသာဆွေးသွားမယ်။ လမ်းစကိုတော့ ဘယ်တော့မှရမှာ မဟုတ်ပါဘူး´။
လှောင်ပိတ်နေတဲ့ အရပ်က လွတ်ထွက်ဖို့ ထွက်ပေါက်ကို ဘယ်သူမှလာပြီး ဖောက်ပေးလေ့မရှိပါဘူး။ ကိုယ်တိုင်ဘဲ
ဖောက်ထွက်ကြရစမြဲပါ။

သင့်ဘဝအတွက် သင်ဘာပင် စိုက်ပျိုးထားပါသလဲ

ခရစ်ယန် သမ္မာကျမ်းစာမှာ လာတာကတော့ ´သင်စိုက်ပျိုးသည့်အတိုင်း သင်ရိတ်သိမ်းရမည်´တဲ့။ ဗုဒ္ဓဘာသာ အလိုအရ ကိုယ်လုပ်တဲ့ကံကို ကိုယ်တိုင် ခံစားစံစားရမည်ဆိုတာနဲ့ သဘောအတူတူ နေမှာပါ။ တနည်းအားဖြင့် ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီးမှ ရမယ်လို့ အနက်ပေးရင်လည်း ရမယ်ထင်ပါတယ်။ ဘဝမှာ ပေါ့ပေါ့နေ
ပေါ့ပေါ့စားသူများအတွက်  ဘာတခုမှ ဖြစ်မလာတာ အံ့သြစရာမရှိပါဘူး။

ဒါပေမဲ့ သန်းနဲ့ချီတဲ့ လူငယ် လူရွယ် လူလတ်ပိုင်းတွေ မရောရာတဲ့အနာဂတ်တခုကို တရွေ့ရွေ့သွားနေကြရင်တော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အင်မတန် နစ်နာလွန်းလှပါတယ်။ တရုတ်စကားပုံကတော့ ပိုတောင်ရှင်းပါသေးတယ်။ ´ဖရဲပင်စိုက်ရင် ဖရဲသီးစားရမယ်။ ပဲပင် စိုက်ရင် ပဲသီးစားရမယ်´တဲ့။ ခင်ဗျား ဘာပင်စိုက်ထားသလဲ။ ဘာပင်မှမစိုက်ရင် ဘာသီးမှ စားရမှာမဟုတ်ဘူးနော်။ တိုင်းပြည်အခြေအနေရ ကျနော်တို့လူတွေ ကျွန်ပင်ကိုသာ စိုက်နေကြရတယ် ဆိုရင်တော့ တိုင်းပြည်လည်း ကျွန်တိုင်းပြည် ဖြစ်မှာမလွဲ။

တန်ရာတန်ဖိုး

သူများတွေ အဆင်ပြေပြေ နေနိုင်တာတွေ အောင်မြင်နေတာတွေကိုကြည့်ပြီး တဒင်္ဂလေး အားကျတတ်တာကတော့ ကျနော်တို့ နိုင်ငံသားတွေရဲ့ အကျင့်တခုပါ။ အားကျတာ ပိုက်ဆံပေးရတာမှမဟုတ်တာ။ ဒီလိုဘဲ တွေးကြတယ်။ ဒီလူတွေ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာကြတာလဲ ထိပ်တန်းကိုရောက်လာကြတာလဲ ဆိုတာကို လေ့လာပြီး ငါလည်း သူတို့လို လိုက်လုပ်ရင် ဘာလို့မဖြစ်ရမှာလဲဆိုတဲ့ ဇွဲနဲ့ယှဉ်တဲ့ အတုယူအားကျစိတ်ထိတော့ ရောက်မလာတတ်ကြဘူး။

လောကမှာ ဘယ်အရာမှ အလကားမရဘူး။ လောကကြိုးဝိုင်းမှာ ဒိုင်လူကြီးက မျက်နှာသာပေးတယ်ဆိုတာ မရှိဘူး။ များများအောင်မြင်ချင်လေ အရင်းအနှီး တန်ရာတန်ဖိုး ကြီးကြီးပေးရလေဘဲ။ ပေးဆပ်လိုက်ရတာတွေ။ စွန့်လွှတ်လိုက်ရ တာတွေအပြင် မထင်မှတ်ဘဲ ရှုံးနိမ့်လိုက်ရတာမျိုးလည်း ရင်ဆိုင်ကြုံတွေ့ရမှာဘဲ။ သေချာတာကတော့ မလုပ်ရဲဘဲ မစွန့်စားရဲဘဲ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ အောင်ပန်းဆိုတာ ကြိုးစားရဲသူတွေအတွက်သာ ဖြစ်ပါတယ်။

အလုပ်အပေါ် သစ္စာရှိရမယ်

ကိုယ်လုပ်နေတဲ့ အလုပ်ကို သစ္စာရှိတာ တန်ဖိုးထားပြီး လုပ်ဆောင်နေတာဟာ ကိုယ့်ကိုယ်ကို လေးစားနေတာဘဲ
ဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ။ လောကမှာ ကိုယ့်ကိုယ်ကိုယ်တောင်မှ လေးစားမှုမရှိတဲ့သူကို ဘယ်သူကများလာပြီး
လေးစားတော့မှာလဲ။

အများက လေးစားတယ်ဆိုတာ နာမည်ကောင်းရှိတဲ့သူကို ဆိုလိုတယ် မဟုတ်လား။ နာမည်ကောင်း ရှိတဲ့သူတွေဟာ မိမိကိုယ်ကို လေးစားတတ်ကြတယ်။ ကိုယ့်အလုပ်ကို သစ္စာရှိတတ်ကြတယ်။ ကိုယ့်လုပ်ငန်းကို ဖြောင့်မတ် တည်ကြည် စွာ သစ္စာရှိရှိ ကတိတည်တည် လုပ်တတ်တဲ့သူတွေဟာ ရေရှည်တည်တံ့တဲ့ နာမည်ကောင်းတခုကို ရတတ်စမြဲပါ။

ဒါကြောင့် အောင်မြင်တဲ့ အရာတခု တနည်းအားဖြင့် လူတလုံးသူတလုံး ဖြစ်ရန်အတွက် အချိန်ကာလ လုံလုံ လောက်
လောက် ပေးကြရပါတယ်။ မျာသောအားဖြင့် အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ မိမိတည်ဆောက်မဲ့ ဘဝရဲ့
ဖောင်ဒေးရှင်း အုတ်မြစ်ကိုခိုင်အောင် လုပ်ကြရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားများရဲ့ ပကတိ အနေအထားများ

ဒီကနေ့ ရွှေ့ပြောင်းအလုပ်သမားများရဲ့ ဖြစ်အင်က ပင်ပန်းပေမဲ့ ဘာမှအရာမထင်ရတဲ့ အကြောင်းရင်းတွေကလည်း ရှိပါတယ်။ သူတို့ ပိုက်ဆံထုတ်ရတာက တလကို ၂ခါ ထုတ်ရပါတယ်။ တကြိမ်ထုတ်တာကို `တဝိ´လို့ပြောကြတယ်။ ဝိထွက်တိုင်း သူတို့ခမျာမှာ ပိုက်ဆံကပ်တယ် မရှိပါဘူး။ စားထား သောက်ထားတဲ့ အကြွေး နေထိုင်စရိတ် လူမှုရေး ဘာသာရေး စရိတ်ရယ်။ ပြီးတော့ ဒီမှာ ဘာဖြစ်နေ ဖြစ်နေ လကုန်ရင် မြန်မာပြည်ကို ငွေပို့ရမဲ့ တာဝန်ကြီးက ရှိနေပါ တယ်။ လာစရိတ်အကြွေးအတွက်လည်း ဖြစ်နိုင်တယ်။ ကျန်ခဲ့တဲ့ မိဘလား မောင်နှမလား သားသမီးလား စတာတွေ အတွက် မပို့မဖြစ် ပို့ကြရတာလည်း ဖြစ်နိုင်တယ်။ လေလွင့်နေတဲ့သူ တချို့က လွဲရင် အားလုံးနီးပါးဟာ ဒီတာဝန်ကို လစဉ် ထမ်းရွက်ကြရပါတယ်။

ဒီမှာ အလုပ်လုပ်နေကြရတဲ့ လူတွေ ဘယ်လိုပိုက်ဆံရှာရတယ်ဆိုတာကို ရွာကလူတွေက သိကြတာမဟုတ်ဘူး။ “ဟဲလို” ဆိုလိုက်ရင် ပိုက်ဆံရပြီဆိုပြီး ပိုက်ဆံထွက်မဲ့ရက်ရောက် ရှမ်းပြည်ကို ဟဲလိုနေကြတာလည်း အများကြီးပါ ဘဲ။ ပြည်တွင်းကလူတွေ တသိန်းကို တပုံးဆိုတဲ့ ဝေါဟာရအသစ်နဲ့ ဆယ်ပုံး ပုံး နှစ်ဆယ် စသည်ဖြင့် ဆယ်စကား ရာစကားကို ခပ်လွယ်လွယ် ပြောနေကြပေမဲ့ ထိုင်းမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေမှာတော့
သောင်းစကားကိုတော့ မပြောနိုင်ကြပါဘူး။

ဒီလိုအနေအထားထဲက ကိုယ်ဘဝအတွက် တဆင့်တက်ရန် ထွက်ပေါက်ရှာဖို့ဆိုတာလည်း အလွန်ခက်ခဲတဲ့ ကိစ္စတခု ဆိုတာ ငြင်းချက်ထုတ်မရပါဘူး။ ဒီမှာက လက်လှုပ်မှ ပါးစပ်လှုပ်ရမဲ့ဘဝ။ အလုပ်မလုပ်ရင် ချက်ချင်း စားဝတ် နေရေး ခက်ခဲသွားမှာ အမှန်ဧကန်။ သိုးဆောင်းစကားပုံဖြစ်တဲ့ ´အလုပ်မရှိ ပေါင်မုန့် (ထမင်း) မရှိ´ ဆိုတဲ့ အတိုင်းပါဘဲ။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်ချက်ပါဘဲ။ အဲဒီ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ရဲတဲ့သူဟာ ကိုယ်ဖောက်ထွက်ရမဲ့ ထွက်ပေါက်ကို ရှာဖွေတွေ့ရှိ သွားတတ်ကြောင်း ဒီကနေ့ ထိုင်းနိုင်ငံအတွင်း သူများထက် ခေါင်းတလုံးပိုမြင့်နေသူတွေ နှာတဖျားသာနေ သူတွေက သက်သေခံနေပါတယ်။

အနိမ့်ဆုံး ထိုင်းဘာသာစကား စာပေလောက်ကို တတ်မြောက်အောင် ကြိုးစားလိုက်ရုံနဲ့ သူများထက် တပန်းသာသွား တာ ကို အားလုံးအသိပါ။ ထိုင်းစာတတ်ရင် ကွန်ပြူတာကို လွယ်လွယ်လေး သင်ယူလို့ရပါတယ်။ မြန်မာစာ တတ်လို့က ကွန်ပြူတာ သင်လို့ အဆင်မေပြေသေးဘူး မဟုတ်လား။ အင်္ဂလိပ်စာတတ်မှ ကွန်ပြုတာ သင်ရမလို ဖြစ်နေတဲ့
ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ အတွက် ထိုင်းစာ ထိုင်းစကားကို ကြိုးစားသင်ယူပြီး ထွက်ပေါက်လမ်းစကို လှမ်းမျှော်ကြည့်စေ ချင်ပါတယ်။ ဒါပေမဲ့ တွေ့ရသလောက်တော့ အလုပ်သမားအများစုဟာ သင်ယူလေ့လာလိုခြင်း ဘက်ကို အားသန်တာ မတွေ့ရပါဘူး။ အတော့်ကို နည်းပါးလွန်းတဲ့ ရာခိုင်နှုန်းကတော့ သင်ယူလေ့လာကြတာကို
တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ အဆို ၂ သန်း အလုပ်သမား အဖွဲ့အစည်းများ ခန့်မှန်းချက် ၄ သန်းဝန်းကျင်နဲ့ ဆိုတဲ့စာရင်းထဲက ထောင်ဂဏန်းလောက်သာ ရှိမယ်ထင်ပါတယ်။

အောင်မြင်မှုရဲ့ ခလုတ်ကန်သင်း

အောင်မြင်လိုသူတိုင်းဟာ ´မ´ကို ရှောင်ရပါမယ်။ ´မ´ဆိုလို့ မိခင်မျိုးနွယ်ဖြစ်တဲ့ အမျိုးသမီးကို ဆိုလိုတာမဟုတ်ဘူး။ ဆင်ခြေဆင်လက် ကန်တတ်တဲ့အကျင့်ဆိုးကို ပြောတာပါ။ ဖြစ်မှဖြစ်ပါ့မလား။ မဖြစ်နိုင်ဘူးထင်တယ်။ ငါ့မှာ ဘာမှ မပြည့်စုံဘူး စသည်ဖြင့် Negative View က ကြည့်တဲ့ အတွေး အမြင် အပြော အလုပ်ကို လုံးဝဖယ်ရှားထားရမယ်။ ဒါတွေဟာ အောင်မြင် ကြီးပွါးမှုရဲ့ အဓိကခလုတ်ကန်သင်း ဖြစ်လို့ပါဘဲ။

အောင်မြင်မှုရဲ့ သော့ချက်များ

ကိုယ်လုပ်တဲ့ အလုပ်ကို အပြုသဘော အမြဲတွေးရမယ်။ အပျက်ဘက်က တွေးကို မတွေးရဘူး။ အခက်အခဲကြုံရင် ရဲရဲဝံ့ဝံ့ ကျော်လွှားဖို့ စိတ်ဓါတ်ခွန်အား ကြံ့ခိုင် သန်မာနေရမယ်။ ကိုယ်လုပ်တဲ့အလုပ်ကို အစဉ်သဖြင့် အကောင်းမြင် တတ်ရမယ်။ ကောင်းသော ရလဒ်အကျိုးကို မြင်နေမှ ဘယ်လောက် ပင်ပန်းပင်ပန်း မောတယ် ပန်းတယ် မထင်ဘူး။ ပြီးတော့ ငါ့အလုပ်ဟာ ဧကန်မုချ အောင်ကို အောင်ရမယ်လို့ တထစ်ချ ယုံကြည်နေရမယ်။ ဒီလို စိတ်ထားရှိသူဟာ
အောင်မြင်မှု ပန်းတိုင်ကို မုချ ဆုပ်ကိုင်ရမဲ့သူ အစစ် ဖြစ်ပေတယ်။

ထွက်ပေါက်ပိတ်နေသူ နှစ်ဦး

သူများက ဘာမှခိုင်းမလာရင် ဘာဆိုဘာမှ မလုပ်တတ် မကိုင်တတ်သူတဦးရယ်။ သူများခိုင်းတာကို ဘာမှမလုပ်ချင် မကိုင်ချင်သူတဦးရယ်။ ဒီနှစ်ဦးကတော့ ဘယ်တော့မှ လူမွေးလူရောင် မပြောင်မဲ့သူများ ဖြစ်ကြပါတယ်။

ထွက်ပေါက် ပုံပြင်

ဟိုရှေးရှေးတုန်းက လူတယောက်ဟာ အကျဉ်းစခန်းတခုမှာ နှစ်ပေါင်းအတန်ကြာ အကျဉ်းကျခံနေရပါတယ်။ ခုခေတ် လို ဆိုရင် ထောင်ကျနေတာပေါ့။ ဒီလိုနဲ့ တနေ့မှာ သူကိုချုပ်ထားတဲ့ အချုပ်ခန်းရဲ့အမိုးကို မော့ကြည့်မိတော့ အပေါက် ငယ် လေးတခုကို တွေ့သတဲ့။ သူလည်း အဲဒီအပေါက်ငယ်လေးကို ကြည့်ပြီး ဒီအပေါက်ကလေးကို လူတကိုယ်စာရ
အောင် ချဲ့ထွင်နိုင်ရင် ငါလွတ်မှာဘဲလို့တွေးမိပြီး ထလုပ်သတဲ့။ သူကြိုးစားလုပ်လိုက်လို့ လူတကိုယ်စာ လျှိုထွက်လို့ လည်း ရရော သူလည်း အဲဒီအပေါက်က ထွက်ပြေးလွတ်မြောက်သွားလေသတဲ့။ ဒါကတော့ ပုံပြင်လေးပါ။ ယုံချင်ယုံ မယုံချင်နေပေါ့။

ဒါပေမဲ့ အဲဒီအကျဉ်းသားလို လောကအကျဉ်းစခန်းက ထွက်ပေါက်မရှာဘဲ ကျခံနေသူတွေ ဘယ်လောက်တောင် များ လိုက်ပါသလဲ။ ထွက်ပေါက်ရှာပြီး ဖောက်ထွက် လွတ်မြောက်ကြသူတွေက အနည်းအကျဉ်းပါ။

အရာအားလုံးရဲ့အစဟာ အိပ်မက်တွေပါ

လယ်ကွင်းနံဘေးနားက ပညောင်ပင်ကြီးဟာ တခါက ညောင်စေ့လေးထဲမှာ ကိန်းအောင်းနေခဲ့ရတာကို သတိထား မိတယ် မဟုတ်လား။ အလားတူ ဝေဟင်မှာ ဝဲပျံနေတဲ့ သိမ်းစွန်ရဲဟာ အရင်က ဥခွံကျဉ်းကျဉ်းလေးမှာ သန္ဒေအဖြစ်
နေခဲ့ရတယ် လေ။ ထို့အတူ ခင်ဗျားတို့ ကျနော်တို့ ဒီကနေ့ အထင်တကြီး လေးစားနေကြတဲ့ သမိုင်းဧည့်ခန်းဆောင်ထဲ က အထင်ကရ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးအားလုံးဟာ တခါက ကိုယ်ဖြစ်ချင်တာလေးတွေကို စိတ်ကူးထဲမှာ ထဲ့ပြီး အိမ်မက်ကြီးကြီး မက်ခဲ့ကြ သူတွေချည်းပါဘဲ။

ရှုံးနိမ့်မှုကို မကြောက်ပါနဲ့။ အောင်မြင်မှုဆိုတာ တကယ်တော့ ဆုံးရှုံးမှုတွေကို ဖုံးအုပ်ထားတဲ့ အရေပြားပါ။ ဆုံးရုံးမှုကို ရင် ဆိုင်ဖူးသူမှ ခိုင်မာတဲ့အောင်မြင်မှုကို တည်ဆောက်နိုင်သူ ဖြစ်လာမှာပါ။ စိတ်ကူး အိမ်မက်ကြီးကြီးကို စိတ်ဓါတ်ခွန် အား ပြင်းပြင်းနဲ့ ပေါင်းစပ်ပါက ဘဝရဲ့ ထွက်ပေါက်ကို မလွဲမသွေ ရှာဖွေတွေ့ရှိမှာပါလို့ ဆိုပါရစေ။
ဘစောတင်
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1