Wednesday, May 23, 2012

ရန်ကုန်တွင် လျှပ်စစ်မီးမရ၍ အအေးခန်းစက်ရုံ(၇၀)ကျော် မလည်ပတ်နိုင်

Ever November | 5/23/2012 07:47:00 PM | Best Blogger Tips
ရန်ကုန်မြို့အတွင်းတွင် လျှပ်စစ်မီးမရရှိမှုကြောင့်  လျှပ်စစ်မီးမရရှိမှုကြောင့် အအေးခန်းစက်ရုံ(၇၀)၀န်းကျင်ခန့် ရပ်နားထားကြောင်း အအေးခန်းစက်ရုံပိုင်ရှင်များထံက သိရသည်။
 
အအေးခန်းစက်ရုံပေါင်း(၉၀)ခန့် ရှိသော ရန်ကုန်မြို့တွင် ယခုအချိန်ထိလည်ပတ်နေသေးသော  အအေးခန်း စက်ရုံ(၂၀)ကျော်ခန့် မှာလည်း လျပ်စစ်မီးအလှည့်ကျရရှိမှုစနစ်ကြောင့်   မကြာမီရက်ပိုင်းအတွင်း ရပ်တန့်ဖွယ် ရှိကြောင်းကိုလည်း သိရှိရသည်။
 
“ကျွန်တော်တို့ စက်ရုံတွေကို တစ်ရက်ကို ခြောက်နာရီ၊ ဒါမှမဟုတ် ရှစ်နာရီလောက်ပဲပေးရင် ကျွန်တော်တို့ ဂျင်နရေတာတွေ လည်း အနားရပြီး လည်ပတ်လို့ရပါတယ်၊ အဲ့ဒီ ရှစ်နာရီလောက်ဆိုတာလည်း အများပြည်သူ တွေ လျှစ်စစ်မီးအသုံးမပြုတဲ့အချိန် ည ဆယ်တစ်နာရီနောက်ပိုင်းတို့ ၊ ဆယ်နှစ်နာရီနောက်ပိုင်းတို့ပေါ့” ဟု မြန်မာနိုင်ငံရေထွက်ကုန်ပစ္စည်းထုပ်လုပ်ခြင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဦးထွန်းအေး ကပြောသည်။
 
ရန်ကုန်ရှိ အအေးခန်းစက်ရုံးများမှာ ဧပြီလဆန်းပိုင်းလောက်မှစ၍ မီးမမှန်ခြင်းများစတင်ဖြစ်ပေါ်ခဲ့ပြီး၊ (၁၉)ရက် နေ့ မှစ၍ (၂၄)နာရီမီးပြတ် သွားခဲ့ခြင်းဖြစ်သည်။
 
စက်မှုဇုန်များ၊ လူနေရပ်ကွက်များ မီးပျက်ရခြင်းမှာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရွှေလီ-မန်စံ ဓါတ်အားလိုင်း ဖောက်ခွဲခံရသဖြင့် လျှပ်စစ်မီးများအား ရပ်ကွက်အလိုက် အလှည့်ကျ မီးပေးဝေနေရခြင်းကြောင့် ဖြစ်ကြောင်း ကိုလည်းသိရသည်။
 
အအေးခန်းများ မီးရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စွမ်းအင်ဝန်ကြီးချုပ်ထံသို့ မေ(၁၉)ရက်နေ့က မြန်မာ နိုင်ငံရေထွက် ကုန်ပစ္စည်းထုပ်လုပ်ခြင်းနှင့်ပို့ကုန်လုပ်ငန်းရှင်များအသင်းက စာတင်ထားကြောင်း သိရသည်။
 
အအေးခန်းစက်ရုံများ လျှပ်စစ်မီးမရရှိခြင်းကြောင့် ရေထွက်ကုန်လုပ်ငန်းထိခိုက်လာနိုင်ပြီး၊ အအေးခန်းများတွင် အလုပ်လုပ်နေသော လုပ်သားတစ်သောင်းကျော်ခန့် အလုပ်လက်မဲ့ဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်များကဆိုသည်။
 
 “ကျွန်တော်စက်ရုံဆိုရင် ဒီလကုန်အထိ ပိတ်ထားရပါတယ်၊ ဘယ်လိုမှ လည်ပတ်လို့မရတော့ပါဘူး” ဟု နိုင်ငံခြားသို့ ရေထွက်ပစ္စည်း တင်ပို့သော ပြည်လုံးချမ်းသာကုမ္ပဏီမှ ဦးကျော်လွင်ကပြောသည်။
 
ထိုအအေးခန်းစက်ရုံများမှာ အနှုတ်(၈၀)ဒီဂရီ စင်တီဂရိတ် အအေးခန်းများရှိသလို ၊ အနှုတ်(၂၀) ဒီဂရီစင်တီ ဂရိတ်အထိ အအေးပေးရသောအအေးခန်းများလည်း ရှိသောကြောင့်  မီးစက်နှိုး၍လည်ပတ်ပါက တစ်ရက်လျှင်ကျပ်သိန်း(၂၀)ခန့် ဆီဖိုးကုန်ကျလေ့ရှိသော စက်ရုံများဖြစ်သည်။
 
“ ကျွန်တော်တို့အနေနဲ့ ဒီဇယ်ကုန်တာက သိပ်ပြဿနာမရှိပါဘူး၊ အဲ့ဒီမီးစက်တွေသာ ပျက်သွားရင် အအေးခန်း ထဲမှာထားတဲ့ ပစ္စည်းတွေက ပျက်စီးသွားမှာပါ၊ အဲ့ဒီပစ္စည်းတွေက ဒေါ်လာသန်းနှစ်ရာလောက် ရှိတယ်” ဟု ဦးထွန်းအေးက ပြောသည်။
 
အအေးခန်းများအနေဖြင့် လက်ရှိတွင် လျှပ်စစ်မီးမရရှိမှုကြောင့် ကုန်ကြမ်းဝယ်ယူခြင်းများကို ရပ်ဆိုင်းထားကာ ကျန်ရှိနေသော ကုန်ကြမ်းများကိုသာ သိုလှောင်ထားပြီး၊ ထပ်မံဝယ်ယူမှုများ မရှိသောကြောင့် ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသော   စက်လှေများမှ ရရှိသော ကုန်ကြမ်းများမှာလည်း ရောင်းစရာနေရာအတွက် ခက်ခဲမှုများ ရှိလာနိုင်ကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်များက ဆိုသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1