ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့်အညီ လွန်ခဲ့သည့်နှစ်
မှစ၍ ပြည်ထောင်စု စနစ်ဘတ်ဂျက်ပုံစံ
သို့ စတင်ပြောင်းလဲခဲ့ရာ များစွာ စိတ်ဝင်
စားဖွယ် ကောင်းလှပါသည်။
သို့သော်
ဤသို့ အသွင်ကူးပြောင်းမှုမျိုးသည် မျှော်လင့်တွက်ဆ ထားသကဲ့သို့ လွယ်ကူ
ချောမွေ့ရန် အလွန်ခဲယဉ်းမည်ဖြစ်သည်။
လက်ရှိဘတ်ဂျက်ရေးဆွဲမှုပုံစံက ဗဟို
ချုပ်ကိုင်သည့် နိုင်ငံရေးနှင့် စီးပွားရေး စနစ်ကို အခြေတည်၍ ပေါ်ပေါက်ခဲ့ သည့်ပုံစံဖြစ်သည်။
ဤဘတ်ဂျက်ရေး ဆွဲမှုပုံစံသည် နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်
ခဲ့ပြီဖြစ်သော်လည်း သိသာထင်ရှားသည့် ပြောင်းလဲမှုများမရှိခဲ့ပါ။
အသင့်အတင့်
ပြုပြင်ပြောင်းလဲမှုများပြုလုပ်သည် ဆိုဦး
တော့၊ ခေတ်သစ်လူ့ဘောင်ဖွဲ့စည်းမှု အသွင်သဏ္ဌာန်နှင့် ဗဟိုချုပ်ကိုင်မှု
လျှော့ချလာသည့် အခြေအနေများနှင့် လိုက်လျောညီထွေရှိရန် ခက်ခဲလှပေသည်။
ခေတ်သစ် စနစ်သစ် နိုင်ငံရေး၊
စီးပွားရေး ပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိ
သည့် ဘတ်ဂျက်ရေးဆွဲမှုပုံစံသစ်ကို
စတင် စဉ်းစား ဆောင်ရွက်သင့်ပြီဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
သစ်တွင် ဖော်ပြပါရှိသည့် ပြည်သူများ၏လိုအပ်ချက်များကို
အစိုးရပိုင်းဆိုင်ရာ ၀န်ဆောင်မှုများက တုံ့ပြန်ဖြည့်စွမ်းပေး ရန်ဆိုသည့်
အခွင့်အရေးကို ထင်ဟပ်စေ
နိုင်သည့် ထိရောက်မှုရှိသော အသင့်
အတင့် ပြုပြင်ပြောင်းလဲ မှုများကိုပင် ယနေ့အထိ မတွေ့မြင်ရသေးဟု ယူဆ ပါသည်။
ငွေလဲလှယ်နှုန်းပေါင်းစည်းရေး (Exchange Rate Unification) ကို လွန်ခဲ့သည့်နှစ်အနည်းငယ်ကစ၍ ဆောင်ရွက်ခဲ့သည်။
မြန်မာကျပ်ငွေကို အထူးငွေ
ထုတ်ခွင့် (Special Drawing Right) နှင့်
ချိတ်ဆက်ကာ ပုံသေနှုန်းသတ်မှတ်ခဲ့
ခြင်းကို ပယ်ဖျက်၍ စီမံအုပ်ချုပ်သည့် နှုန်းရှင်စနစ်ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ကျင့်သုံးခဲ့သည်။
ယခင်က
ဘတ်ဂျက်ရေးဆွဲရာတွင် အမေရိကန် တစ်ဒေါ်လာလျှင် ခြောက်ကျပ်ဖြင့် တွက်ချက်ရာမှ ၂၀၁၂-၁၃ ခုနှစ် ဘတ်ဂျက်တွင် အမေရိကန် တစ်ဒေါ်လာ
လျှင် ကျပ် ၈၀၀ ဖြင့် တွက်ချက်ခဲ့သည်။
ငွေလဲလှယ်နှုန်းပေါင်းစည်းမှုကြောင့်
အစိုးရကဏ္ဍပိုင်းဆိုင်ရာ ရငွေများ
တိုးတက်လာမည်ဟု မျှော်မှန်းကြသည်။
သဘာဝဓာတ်ငွေ့ ပြည်ပသို့ တင်ပို့ရောင်းချရငွေသည် ရေရှည်တွင် နိုင်ငံ၏ဘဏ္ဍာရေးအခြေအနေကို တိုး တက်ကောင်းမွန်ရန် အဓိကဖြည့်စွမ်း
ပေးနိုင်မည်ဖြစ်သည်။
လောလောဆယ် တွင်လည်း နိုင်ငံ၏ဘဏ္ဍာငွေကျပ်တည်း မှုကို အထိုက်အလျောက် ဖြေလျှော့နိုင်ပါသည်။
သို့ရာတွင် လက်တွေ့အခြေအနေ
အရ အသုံးစရိတ်များကို တင်းကျပ်စွာ စီမံမှုပြုရန် လိုအပ်လျက်ရှိပါသေးသည်။
အစဉ်တစိုက် ဘတ်ဂျက်လိုငွေပြမှုများကို ကျော်လွှားနိုင်ခြင်းမရှိသေးပါ။
ဤ ဘဏ္ဍာနှစ်အတွက် လိုငွေပြမှုက ကျပ် ဘီလျံ ၂,၀၀၀ ခန့် ရှိပါသည်။
GDPတန်ဖိုး၏ လေးရာခိုင်နှုန်းကျော်ရှိပါ သည်။
ဤအချိုးအဆသည် အပြည်ပြည်
ဆိုင်ရာ စံနှုန်းနှင့် နှိုင်းယှဉ်ပါက များလှ
သည်ဟု မဆိုနိုင်ပါ။
သို့ရာတွင် အစဉ် တစိုက် လိုငွေပြနေခြင်းနှင့် ဘဏ္ဍာငွေ
ဖြည့်စွမ်းသည့်နည်းလမ်း အားနည်းမှု များကြောင့်လည်းကောင်း၊ ရှေ့ လာမည့်
နှစ်များတွင်လည်း ရငွေတိုးတက်ရရှိရေး အတွက် ပြုပြင်ပြောင်းလဲရန် ကန့်သတ်
ချက်များ ရှိနေဆဲဖြစ်၍လည်းကောင်း၊ ဘတ်ဂျက်လိုငွေ မြင့်မားမှုသည် ဆက်လက်
တည်ရှိနေဦးမည်ဖြစ်ပါသည်။
နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေ
ကို အဓိကကန့်သတ်ခက်ခဲစေသည့် အခြားအကြောင်းတစ်ရပ်မှာ နိုင်ငံတော်
၏ စီးပွားရေး လုပ်ငန်းများဖြစ်ပါသည်။
နိုင်ငံတော် စီးပွားရေးလုပ်ငန်းများ အသုံး
စရိတ်က နိုင်ငံစုစုပေါင်း အသုံးစရိတ်၏
၇၀ ရာခိုင်နှုန်းခန့်ရှိသည်။
သို့ရာတွင် နိုင်ငံ
တော်စီးပွားရေးအဖွဲ့အစည်းများ၏ စွမ်း
ဆောင်ရည် နိမ့်ကျမှုနှင့် စီးပွားရေး
ရှင်သန်နိုင်မှု အလားအလာနည်းပါးမှု များကြောင့် နိုင်ငံတော်အတွက် ကြီးမား
လှသည့် ငွေကြေးဝန်တာဖြစ်စေသည်ဟု
အများက ယူဆကြသည်။
ယင်းအဖွဲ့ အစည်းများအတွက် နိုင်ငံတော်မှ ပံ့ပိုးနေ
ရမှုများကို ဖြတ်တောက်သင့်သည်ဟု အားလုံးက ယူဆကြသည်။
ဤသို့ ဆောင်ရွက်ခြင်းသည် သေးငယ်ကျဉ်း မြောင်းသည့် သီးသန့်အစုတစ်စုထက် ပြည်သူများအတွက် ကြီးမားသော အကျိုး အမြတ်ကို ရရှိစေသည်ဟု ယူဆ
ကြသည်။
သို့သော် နိုင်ငံတော်စီးပွားရေး
အဖွဲ့အစည်းများအတွက် သင့်တော် သည့် မူဝါဒနှင့် နည်းဗျူဟာတစ်ရပ် ချမှတ်ရန်မှာ ကြီးမားသော စိန်ခေါ်မှု တစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါသည်။
ယနေ့အထိ သင့်မြတ်လျော်ကန်သော အဖြေတစ်ရပ် မရှိသေးပါ။
ဘဏ္ဍာငွေရှာဖွေရေးတွင် ဆောင်ရွက်
ရန် ကိစ္စရပ်အများအပြားအနက် အခွန်
ကောက်ခံမှုစနစ် ပြုပြင်ပြောင်းလဲရေး မှာ ထိပ်ဆုံးတွင် ရပ်တည်နေပါသည်။
အခွန်ကောက်ခံရရှိငွေမှာ GDP ၏ သုံးရာခိုင်နှုန်းခန့်သာရှိ၍ အာရှနိုင်ငံများ
အတွင်း၌ပင် အနည်းဆုံးဖြစ်သည်။
အခွန်ငွေတိုးတက်ရရှိစေရန် အခွန်စနစ်
ကို ပြောင်းလဲရာတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို မထိခိုက်ရန် အရေးကြီးပါသည်။
ထို့အတူ ချမ်းသာသူများမှ ဆင်းရဲသူများသို့ မျှဝေသည့်စနစ်ပုံစံမျိုး ဖြစ်ရန်
လိုအပ်ပါသည်။
မကြာမီက ပို့ကုန်ခွန်များ
လျှော့ချခဲ့ခြင်းသည် မှန်ကန်သော
ခြေလှမ်းတစ်ရပ်ဖြစ်၍ ကြိုဆိုအပ်ပါသည်။
နောက်တစ်ဆင့်ဆောင်ရွက်နိုင်သည့်ကိစ္စမှာ ထပ်ဆင့်တန်ဖိုးခွန် (Value Added Tax) ကောက်ခံခြင်းဖြစ်နိုင်ပါသည်။
ဤသို့ကောက်ခံမှုစနစ်တွင် ကောက်ခံရရှိငွေ၏ အချိုးအစားတစ်ရပ်ကို Social Sector အတွက် သုံးစွဲမည်ဟု သတ်မှတ်ဖယ်ချန် နိုင်မည်ဆိုလျှင် မည်မျှကောင်းမည်နည်းဟု စိတ်ကူးယဉ် မိပါသည်။
သို့သော် ဤသို့သော အခွန် စနစ်တစ်ရပ် စတင်ကျင့်သုံးနိုင်ရန် နှစ် အတော်ကြာ အချိန်ယူရဦးမည်ဟု ယူဆပါသည်။
တရားဝင်မဟုတ်သည့် စီးပွားရေးကဏ္ဍက ကြီးမားဆဲဖြစ်၍ အစိုးရ ကဏ္ဍ၏
စွမ်းဆောင်နိုင်မှုစွမ်းရည်နှင့် တာဝန်ခံနိုင်မှုအနေအထား
အားနည်းမှုများကြောင့် ဖြစ်ပါသည်။
အထက်တွင် ဖော်ပြခဲ့သော
အကြောင်းအချက်များအရ နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေ တိုးတက်မှု ရှိရေးသည် မြင်သာသည့် အနာဂတ် အချိန်ကာလတစ်ရပ်အထိ ကန့်သတ်မှု
များရှိနေဦးမည် ဖြစ်ပါသည်။
စီးပွားရေး
အသိုက်အ၀န်းအပါအ၀င် ပြည်သူများ က၊ အထူးသဖြင့် ပြည်သူ့လွှတ်တော်အတွင်း ဘတ်ဂျက်ရငွေနှင့် အသုံးစရိတ်
မျှတရန် မူဝါဒချမှတ်ကျင့်သုံးရေး တင်းကျပ်သည့် ဘဏ္ဍာရေးမူဝါဒကို
ဆွေးနွေးတောင်းဆိုလာနိုင်ကြပါသည်။
ဤသို့ဖြင့် အသုံးစရိတ်ဖြတ်တောက်မှု များကို အစိုးရကဏ္ဍအတော်များများ ကြုံတွေ့ရဖွယ်ရှိပါသည်။
သို့သော် အချို့အရေးကြီးသည့် အစိုးရကဏ္ဍများ၊
အထူးသဖြင့် Social Sector ကဲ့သို့သော
ကဏ္ဍများအနေနှင့်မူ အသုံးစရိတ် ဖြတ်တောက်ခံရမှုမှ ကင်းလွတ်ဖွယ်ရှိပါသည်။
လူသားအရင်းအမြစ် ရင်းနှီး မြှုပ်နှံမှုသည် ပြည်သူပြည်သားအားလုံး
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဘ၀ တည်ငြိမ်မှုရရှိရေး အတွက် အလွန်
အရေးကြီးသည့်အချက် ဖြစ်သည်ကို
အစိုးရဌာနဆိုင်ရာ တာဝန်ခံများနှင့်
ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ လက်ခံယုံကြည်ကြပါက ယင်းကဏ္ဍများ
အနေနှင့် အသုံးစရိတ်ဦးစားပေးခွဲဝေမှု၏ အသီးအပွင့်ကို
ရရှိနိုင်မည်ဖြစ်ပါသည်။
အံ့ဩလောက်စွာပင် ယခုနှစ် ဘတ်ဂျက်တွင် Social Sectorအတွက်
အားတက်ဖွယ်ရာအခြေအနေများကို တွေ့မြင်ရသည်။
ယေဘုယျအားဖြင့် ယခုနှစ်တွင် Social Sector သို့ အသုံး
စရိတ်ခွဲဝေပေးမှုသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်က သိသာစွာ တိုးတက်ခဲ့သည်။
ပညာရေးကဏ္ဍ၏ သာမန်အသုံးစရိတ်
သည် ၂၀၁၁-၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက
နှစ်ဆတိုးတက်ခဲ့သည်။
ငွေလုံးငွေရင်း
အသုံးစရိတ်တွင်မူ ငါးဆခန့် တိုးတက်ခဲ့
သည်ကို တွေ့ရသည်။
ဤသို့ဖြင့် ပညာ
ရေးကဏ္ဍ၏ အသုံးစရိတ်နှစ်ရပ်ပေါင်း
သည် GDP ၏ သုည ဒသမ ၇ ရာခိုင်နှုန်း
မှ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သည်။
ထို့အတူပင် ကျန်းမာရေးကဏ္ဍတွင်
လည်း ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သာမန်
အသုံးစရိတ်တွင် ၂ ဒသမ ၅ ဆနှင့် ငွေလုံးငွေရင်း အသုံးစရိတ်တွင် လေးဆ ကျော်
တိုးမြှင့်ခဲ့၍ အသုံးစရိတ်နှစ်ရပ် ပေါင်းသည် GDP ၏ သုည ဒသမ ၂
ရာခိုင်နှုန်းမှ သုည ဒသမ ၈ ရာခိုင်နှုန်း
သို့ တိုးမြှင့်ခဲ့ပါသည်။
အဆိုပါကဏ္ဍများအတွက် ဤသို့ အသုံးစရိတ်များ အထူးသိသာစွာ
တိုးမြှင့်ခွဲဝေပေးခဲ့သော်လည်း အမှန် တကယ် လုံလောက်မှု မရှိသေးသည်ကို
ဒေသတွင်း နှိုင်းယှဉ်အချိုးများအရ လည်းကောင်း၊ ဥဿုံတန်ဖိုးများအရ လည်းကောင်း
တွေ့မြင်နိုင်ပါသည်။
Social Sector တွင် ရင်းနှီးမြှုပ်နှံမှု၏ အရေးပါမှုကို သိရှိလက်ခံ၍ ဆယ်စုနှစ်
အတော်ကြာကပင် စတင်ရင်းနှီးဆောင် ရွက်ခဲ့ကြသော အိမ်နီးချင်းနိုင်ငံများကို အမှီလိုက်ရန်၊ ယှဉ်ပြိုင်နိုင်ရန် မြန်မာ
နိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး
အရည်အသွေးနှင့် ၀န်ဆောင်မှုရရှိနိုင်
သည့် အခွင့်အရေးများကို များစွာမြှင့်
တင်ရန် လိုအပ်ပါသေးသည်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှစ၍ အစိုးရ ၀န်ထမ်းလစာများ သိသိသာသာ တိုးမြင့်
ခဲ့ခြင်းသည် ဤကဏ္ဍများ၏ အသုံးစရိတ်
များ တိုးတက် ခဲ့ရခြင်းတွင် အကြောင်း တစ်ရပ်ဖြစ်ကြောင်း တွေ့ရသည်။
ထို့ပြင်
ငွေလဲလှယ်နှုန်း ပြောင်းလဲတွက်ချက်ခဲ့
ခြင်းသည်လည်း သာမန်နှင့် ငွေလုံး
ငွေရင်းအသုံးစရိတ် နှစ်ရပ်စလုံးတွင် နိုင်ငံခြား ငွေဖြင့် ကျခံသုံးစွဲသည့် အသုံး
စရိတ်များ အလိုအလျောက် တိုးမြင့်လာ
စေသည့် အကြောင်းတစ်ရပ်ဖြစ်ပါသည်။
ပညာရေးနှင့် အထူးသဖြင့် ကျန်းမာရေး အသုံးစရိတ်များတွင် ပြည်ပနိုင်ငံ/အဖွဲ့ အစည်းများ၏ ကူညီ
ထောက်ပံ့မှုများဖြင့် ဆောင်ရွက် သည့် လုပ်ငန်းရပ်အတော်များများ ပါဝင်ရာ
အသုံးစရိတ်တိုးမြှင့်မှု၏ အချို့အစိတ်
အပိုင်းသည် အမှန်တကယ် ပစ္စည်းနှင့်
ဝန်ဆောင်မှု အသုံးစရိတ် တိုးမြင့်
ပြောင်းလဲခြင်းမဟုတ်ဟု ဆိုနိုင်ပါသည်။
သို့ရာတွင် ဤကဏ္ဍများအတွက် အသုံးစရိတ်များ တိုးမြှင့်ခွဲဝေမှုသည် အထက်
တွင်ဖော်ပြခဲ့သည့် အကြောင်းများကြောင့် တိုးမြှင့်ခဲ့ ရမှုများထက် များစွာ
ပိုမိုမြင့်မားကြောင်း သိသာထင်ရှားလှပါ
သည်။
Social Sector တွင် တိုးမြှင့်
ရင်းနှီးမြှုပ်နှံရန် အစိုးရမူဝါဒ၏ ရောင်ပြန်
ဟပ်မှုတွင် အသုံးစရိတ်များ ဦးစားပေး
အစီအစဉ်အရ တိုးမြှင့်ခွဲဝေရရှိခဲ့ခြင်း
ဖြစ်သည်ဟု ယူဆဖွယ်ဖြစ်ပါသည်။
အရေးကြီးသည့် နောက်မေးခွန်းမှာ
" Social Sector ကို ကြာမြင့်စွာ လျစ်လျူ
ရှုခဲ့ခြင်းအား အဆုံးသတ်ဖွယ်ရှိသည့် အားတက်ဖွယ်ရာ အလားအလာဖြင့်
တိုးမြင့်ခွဲဝေရရှိခဲ့သည့် ဘဏ္ဍာငွေများကို
သက်ဆိုင်ရာဝန်ကြီးဌာနများက သုံးစွဲမှု နှင့် အကျိုးရလဒ်ပြန်ရမှု တိုးတက်
ကောင်းမွန်အောင် မည်သို့ဆောင်ရွက် သနည်း" ဆိုသောမေးခွန်း ဖြစ်ပါ
သည်။
ခွဲဝေရရှိသည့် ဘဏ္ဍာငွေများကို
စွမ်းဆောင်ရည်ပြည့်ဝစွာ အကျိုးရှိရှိ သုံးစွဲခြင်းသည် လွှတ်တော်ဥပဒေပြု ကိုယ်စားလှယ်များ၏ အခိုင်အမာ
ယုံကြည်မှုဖြင့် နောင်အသုံးစရိတ်ခွဲဝေ မှုများ တိုးမြှင့်ရရှိစေရေးတွင် ထောက်ခံ
ပြောဆိုမှုများကို ရရှိစေမည်ဖြစ်ပါ
သည်။
အလေအလွင့် ပြုန်းတီးမှုများနှင့်
စွမ်းဆောင်ရည်နိမ့်ကျသော သုံးစွဲမှုများ သည် နောက်နှစ်အသုံးစရိတ်များ တိုးမြှင့်ခွဲဝေပေးခြင်းကို မေးခွန်းထုတ်ရန်
လမ်းခင်းပေးသည့်သဖွယ် ဖြစ်ပါသည်။
သာတူညီမျှ တိုးတက်ရေးနှင့် Social Sector ဆောင်ရွက်ချက်များ တိုးတက်
ကောင်းမွန်ရေးတွင် ခွဲဝေရရှိသည့်
ဘဏ္ဍာငွေများကို အကာအကွယ်နည်း
ပါးသည့်အုပ်စုများဖြစ်သော၊ ရောက်
ပေါက်ရန်ခက်ခဲသည့် ဝေးလံခေါင်းပါး
ဒေသများတွင် နေထိုင်ကြသည့် ဆင်းရဲ နွမ်းပါးသူများနှင့် လူမှုဘ၀အခွင့်အလမ်း
ဆုံးရှုံးရသူများကဲ့သို့သော အုပ်စုများသို့ ဦးတည်၍ သုံးစွဲသင့်ပါသည်။
ဥပမာ အားဖြင့် ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်သည့် သားဖွား
ဆရာမများ၏ အရေအတွက်ကို တိုးမြှင့်
သင့်ပါသည်။ ကျေးလက်ဒေသများကို အခြေခံသည့် အခြေခံပညာသင်ကြားသည့်
ကျောင်းများကို မြို့များတွင် အခြေခံသည့် အထက်တန်း ပညာသင် ကျောင်းများထက်
ပိုမိုဦးစားပေး ကျခံ သုံးစွဲသင့်ပါသည်။
နိုင်ငံတော်ဘတ်ဂျက်၏ အသေးစိတ်
အခြေအနေများကို ကျွန်တော်တို့သိရှိ ခွင့်မရှိသေး၍ မသိရှိနိုင်ပါ။
သို့ဖြစ်ရာ
Social Sector တိုးတက်ဖွံ့ဖြိုးရေး
အတွက် အသုံးစရိတ်ခွဲဝေမှုများနှင့် ကျခံသုံးစွဲမှုများအတွက် ခိုင်မာသည့်
ကျွန်တော်တို့ အမြင်များကို ဆွေးနွေး တင်ပြခြင်းမပြုနိုင်ပါ။
အစဉ်အလာအားဖြင့် သိုသိုသိပ်သိပ်ရှိမှုနှင့် ငွေရေးကြေးရေး သတင်းအချက်အလက်များ ထုတ်ပြန်မှု ကန့်သတ်ချက်များက ပြည်သူ လူထု
အပါအ၀င် မူဝါဒချမှတ်သူများ၊ ခွဲခြမ်း
စိတ်ဖြာလိုသူများအတွက် လက်လှမ်းမမီ
သည့် အခြေအနေနှင့် ကြုံတွေ့စေပါသည်။
ဘတ်ဂျက်ပြုစုရေးဆွဲမှု၊ ခွဲဝေ သုံးစွဲမှု၊ သုံးစွဲမှုပုံစံသဏ္ဌာန်များနှင့် ပတ် သက်၍ ထင်သာမြင်သာရှိမှုမှာ အားနည်းလျက်ပင် ရှိပါသေး သည်။
ဘတ်ဂျက်ရေးဆွဲမှုဖြစ်စဉ်၊ ဘတ်ဂျက်
ဖွဲ့စည်းမှုပုံသဏ္ဌာန်နှင့် ဘတ်ဂျက်အသုံး
စရိတ် ခွဲဝေသည့်စနစ်များမှာ နားလည် နိုင်ရန်နှင့် ခွဲခြမ်းစိတ်ဖြာရန် အခွန်ခဲယဉ်း
လှပါသည်။
အဓိကအကြောင်းမှာ သက်ဆိုင်ရာ အစိုးရဌာနများအနေနှင့် သတင်းအချက်အလက်များကို မိမိတို့ အဖွဲ့အစည်း၏ပြင်ပမှဟု ယူဆသူများ
သို့ ထုတ်ပေးရန် အလွန်ဝန်လေးကြ၍ ဖြစ်ပါသည်။
ထင်သာမြင်သာရှိမှုကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင် ရွက်လိုသည့်ဆန္ဒ ရှိသည်ဆိုသည့်တိုင်
ပြည့်စုံလုံလောက်သော စာရင်းအင်း
စုစည်းထားရှိမှုမျိုးတွင် အားနည်းသေးသဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့်
ကိစ္စရပ်များအပေါ် အပြည့်အ၀နား
လည်နိုင်ရန် ခက်ခဲမှုများ ရှိနိုင်ပါသေးသည်။
အလျင်အမြန် ပြောင်းလဲနေသည့်
နိုင်ငံရေး၊ စီးပွားရေးပတ်ဝန်းကျင်နှင့်
လိုက်လျောညီထွေရှိမည့် အရပ်ရပ်စီမံ
အုပ်ချုပ်မှု တိုးတက် ကောင်းမွန်ရေး
လိုအပ်ချက်ကို နိုင်ငံတော်အစိုးရက
ဖော်ဆောင်သွားမည်ဟု မျှော်မှန်းမိပေသည်။
ဦးစိုးသိန်း (ဒု-ညွှန်ချုပ်-အငြိမ်းစား၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန)နှင့်
ယိုရှီမိ (ယူနီဆက်ဖ်မြန်မာ)
Myanmar Times
No comments:
Post a Comment