Monday, June 18, 2012

ကျော်ကိုကို ဟက်ထရစ် ဂိုးဖြင့် ထိုင်းအား ဂိုးပြတ် အနိုင်ယူသည့် မြန်မာလူငယ်

Ever November | 6/18/2012 10:43:00 AM | Best Blogger Tips

ထိုင်းနိုင်ငံ၊ ရာဇမင်္ဂလာ ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ထိုင်း ယူ-၂၂နှင့် မြန်မာ ယူ-၂၂ အသင်းတို့၏ ခြေစမ်းပွဲတွင် မြန်မာလူငယ် အသင်းက ၃-၁ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် ယနေ့ပွဲစဉ်တွင် အဓိက ကစားသမား စုံလင်စွာဖြင့် ပွဲထွက် လာခဲ့ကာ ကျော်ကိုကို တစ်ဦးတည်းအား တိုက်စစ်တွင် ထားကစားခဲ့သည်။ ၎င်း၏ နောက်တွင် ကြည်လင်း၊ ချစ်မင်းစိုး၊ ညီညီမင်းတို့အား နေရာယူစေကာ နောက်တန်းတွင် သိန်းသန်းဝင်း၊ ဇော်မင်းထွန်း၊ အောင်ဟိန်းကျော်၊ သက်နိုင်တို့ ပွဲထွက်ခဲ့သည်။ ဂိုးသမား အဖြစ်မူ ကျော်ဇင်ဖြိုးက တာဝန်ယူခဲ့သည်။

ပွဲစ၍ ၁၀မိနစ်ခန့်အထိ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ထိုးဖောက်မှုများ ပြုလုပ်လျက် ရှိကာ အပိုင်အခွင့်အရေး အဖြစ်မူ နှစ်သင်းစလုံး မယ်မယ်ရရ မရဘဲ ဖြစ်နေခဲ့သည်။ ပွဲချိန် ၁၁မိနစ်တွင် ကြည်လင်း ထိုးဖောက်မှုအား မမီမကမ်း ဖျက်ထုတ်ခဲ့သည့် ထိုင်း ကျောနံပါတ် ၁၀ အ၀ါကတ် ပြခံခဲ့ရပြီး မြန်မာအသင်း တောင်ပံ တိုက်စစ် ကစားသမားအား ထမ်းစင်ဖြင့် သယ်ထုတ်ခဲ့ရသည်။ ယခုပွဲသို့ ပရိသတ် တစ်ထောင် ၀န်းကျင်ခန့်သာ လာရောက် အားပေးသည်ကို တွေ့ရသည်။ ၁၇မိနစ်တွင် ထိုင်း ဘယ်တောင်ပံ ကစားသမား လွတ်ထွက်ကာ ဂိုးသမားနှင့် တစ်ဦးချင်း ကန်သွင်းခွင့် ရခဲ့သော်လည်း လူကျွံဘော ဖြစ်နေခဲ့သည်။

၁၉မိနစ်တွင် ကျော်ကိုကို ဘယ်တောင်ပံ ဘက်ခြမ်းမှ ထိုးဖောက်မှုအား ထိုင်းနောက်ခံ ကစားသမားများ အနာခံ ဖျက်ထုတ်ခဲ့သည်။ ၂၁မိနစ်တွင် ထိုင်းအသင်း ဘယ်ခြမ်းမှ ထိုးဖောက် ဖြတ်တင်မှု ဇော်မင်းထွန်း ပါးနပ်၍ သက်သာခဲ့သည်။ သို့သော် ပြန်အံထွက်လာသည့် ဘောလုံးအား ဧရိယာ အပြင်ဘက်ရှိ ထိုင်း ကွင်းလယ်လူ ဆွဲဝင်ရန် ကြိုးပမ်းမှု ညီညီမင်း တားဆီးရာမှ ပြစ်ဒဏ်ဘော ဖြစ်ခဲ့သည်။

၂၂မိနစ်တွင် ထိုင်းနောက်ခံလူ ဧရိယာအပြင် ခပ်လှမ်းလှမ်းမှ အပြင်း ကန်သွင်းချက် ကျော်ဇင်ထက် ကာကွယ် နိုင်ခဲ့သည်။ ၂၃မိနစ်တွင် လူကျွံထောင်ခြောက်မှ လွတ်ထွက် သွားသည့် ထိုင်းကျောနံပါတ် ၈က ကျော်ဇင်ဖြိုးအား ဖြတ်ကျော် ကန်သွင်းကာ ယခု ခြေစမ်းပွဲ၏ အဖွင့်ဂိုးအား စတင် ရယူနိုင်ခဲ့သည်။ ဂိုးရပြီး ချက်ချင်း ဆိုသလိုပင် မြန်မာအသင်းဘက်သို့ ထိုင်းတို့ နောက်တစ်ကြိမ် ထိုးဖောက်ခဲ့ သော်လည်း ဂိုးသမား ကျော်ဇင်ဖြိုး ရှေ့တက်ကာ ဖမ်းထားနိုင်ခဲ့သည်။

မြန်မာအသင်းသည် ဂိုးပေးလိုက်ရ၍ အနည်းငယ် ကစားပုံ ပျက်သွားခဲ့ သော်လည်း ဘယ်ညာ တောင်ပံ နှစ်ဘက်မှ ထိုးဖောက်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ဂိုးသွင်းခွင့် မယ်မယ်ရရ မဖန်တီးနိုင်ဘဲ ထိုင်းအသင်း၏ ထိုးစစ်ကိုလည်း သတိထား ကစားနေခဲ့ရသည်။ ၃၁မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် ထိုင်း ကျောနံပါတ် ၂၃ အပိုင်ပိတ်သွင်းချက် ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခြင်း မရှိသော်လည်း မြန်မာ နောက်ခံ ကစားသမားက ဂိုးစည်းပေါ်မှ အချိန်မီ ဖျက်ထုတ်ခဲ့၍ သက်သာခဲ့သည်။

၃၂မိနစ်တွင် ထိုင်းကစားသမား တစ်ဦးအား အဖျက်ကြမ်း၍ ချစ်မင်းစိုး အ၀ါကတ်ပြ သတိပေးခံ ခဲ့ရသည်။ ၃၄မိနစ်တွင် ညာတောင်ပံမှ ညီညီမင်းနှင့် သက်နိုင်တို့ ချိတ်ဆက် ထိုးဖောက်ရာမှ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ယင်း ပြစ်ဒဏ်ဘောအား ကျော်ဇေယျာဝင်း ကန်တင်ပေးရာ ဇော်မင်းထွန်း ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း တိုက်ချက်ပျော့၍ ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။

၃၉မိနစ်တွင် မြန်မာအသင်း ကွင်းလယ်တစ်ဝက် တက်ဖိ ကစားထားရာမှ ပြန်ကျွံလာသည့် ဘောလုံးအား ထိုင်းအသင်း တန်ပြန် ထိုးစစ်ဆင်ရာ ထိုင်း ကျောနံပါတ် ၈ အဝေးမှ အပြင်းကန်သွင်းချက် ဂိုးဘေး ကပ်ထွက် သွားခဲ့သည်။ ၄၂မိနစ်တွင် ထိုင်းကျောနံပါတ် ၈အား ကစားပုံ ကြမ်းတမ်းခဲ့သည့် ဇော်မင်းထွန်း အ၀ါကတ် အပြခံခဲ့ရပြီး အဆိုပါ ထိုင်း ကစားသမားအား ထမ်းစင်ဖြင့် သယ်ထုတ်ခဲ့ရသည်။ ပထမပိုင်း ၄၅မိနစ်ပြည့်၍ နာကျင် အချိန်ပိုတွင် မြန်မာအသင်း ထောင့်ကန်ဘော ရခဲ့သော်လည်း အခွင့်အရေး မယ်မယ်ရရ မရခဲ့ပေ။ တစ်မိနစ်အတွင်း မြန်မာတို့ နောက်တစ်ကြိမ် ထိုးဖောက်ခဲ့ သေးသော်လည်း ကျော်ဇေယျာဝင်း ကစားပုံကြမ်း၍ ပြစ်ဒဏ်ဘောသာ သတ်မှတ် ခံခဲ့ရသည်။ ထို့နောက်တွင် ကြည်လင်း ဧရိယာ အစပ် ဘီးကုတ်အတွင်းမှ အပြင်းကန်ချက် ကောင်းမွန်ခဲ့ သော်လည်း အပေါ်ထောင် သွားခဲ့ကာ ပထမပိုင်း ၄၅မိနစ် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် မြန်မာအသင်းက ကစားသမား အချို့ ပြောင်းလဲ ကစားခဲ့သည်။ ချစ်မင်းစိုး၊ ညီညီမင်း၊ ရန်အောင်ဝင်းတို့ နေရာတွင် နန္ဒလင်းကျော်ချစ်၊ နိုင်လင်းဦး၊ နန္ဒကျော်တို့ ၀င်ရောက် ကစားခဲ့သည်။ စစချင်းပင် ထိုင်းအသင်း တိုက်စစ် ကစားသမား တစ်ကိုယ်တော် ထိုးဖောက်မှုအား မြန်မာ နောက်ခံလူများ အသည်းအသန် ဖျက်ထုတ်ခဲ့ရသည်။ မြန်မာအသင်းသည် ဒုတိယပိုင်း ပြန်အစတွင် ကစားပုံ တည်မရဘဲ ဖြစ်နေခဲ့ပြီး ထိုင်းအသင်း၏ ထိုးစစ်များကိုသာ အဓိက ကာကွယ် နေခဲ့ရသည်။ ၅၆မိနစ်တွင် သက်နိုင် အ၀ါကတ်ပြ သတိပေးခံခဲ့ရကာ ဧရိယာ အပြင်အစပ်၌ ထိုင်းတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။

၅၉မိနစ်တွင် ကျော်ဇေယျာဝင်း ဧရိယာအတွင်း ထိုးဖောက်ရာမှ ပင်နယ်တီ ကန်ခွင့်ရခဲ့သည်။ ယင်းပင်နယ်တီအား ကျော်ကိုကိုက အမှားအယွင်း မရှိ ကန်သွင်းကာ ချေပဂိုး ရရှိခဲ့ကာ မြန်မာ ပရိသတ်များ ထံမှ "မြန်မာ မြန်မာ" ဆိုသည့် အော်ဟစ်သံများ ကွင်းအတွင်း ထွက်ပေါ်လာခဲ့သည်။ ၆၂မိနစ်တွင် ကြည်လင်း ညာခြမ်းမှ ဖြတ်တင်ပေးမှု နန္ဒလင်းကျော်ချစ် အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးသမား တည့်တည့် တိုက်မိခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်းက သက်နိုင် နေရာတွင် ရဲဇော်ထက်အောင် ၀င်ရောက် ကစားခဲ့သည်။

၆၆မိနစ်တွင် နန္ဒလင်းကျော်ချစ် အဝေးမှ အပြင်းကန်ချက် အပေါ်ထောင် သွားခဲ့သည်။ ၇၃မိနစ်တွင် ထိုင်း တိုက်စစ်မှူး ထိုးဖောက်မှု ဇော်မင်းထွန်း တားဆီးရာမှ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ မြန်မာအသင်းသည် ပွဲချိန် ၆၅မိနစ် နောက်ပိုင်းတွင် တိုက်စစ်အား ထိန်းကစားခဲ့ပြီး ထိုင်းအသင်း၏ ထိုးဖောက်မှုကိုသာ အာရုံစိုက် ဖျက်ထုတ် နေခဲ့သည်။ ၇၅မိနစ်တွင် မြန်မာအသင်း ထိုးစစ်မှ ထောင့်ကန်ဘော ရရှိခဲ့ပြီး ကြည်လင်း ဖြတ်တင်မှုအား ထိုင်းနောက်ခံလူ ရှင်းထုတ် နိုင်ခဲ့သည်။ ထို့အတူ ၇၈မိနစ်တွင် နောက်တစ်ကြိမ် ထောင့်ကန်ဘော ကန်ခွင့် ရခဲ့သည်။ မြန်မာအသင်းသည် ကြည်လင်း နေရာတွင် သက်ပိုင်ဦး ၀င်ရောက် ကစားခဲ့သည်။ ထောင့်ကန်ဘောမှ တစ်ဆင့် ပြန်အံထွက် လာသည့် ဘောလုံးအား ရဲဇော်ထက်အောင် ကွင်းလယ်မှ အပြေးကန်သွင်းရန် ကြိုးပမ်းမှု ထိုင်း ကစားသမား နောက်မှ တားသဖြင့် အ၀ါကတ်ပြကာ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ယင်း ပြစ်ဒဏ်ဘောအား ကျော်ဇေယျာဝင်း တိုက်ရိုက် ကန်သွင်းခဲ့ သော်လည်း ဂိုးလွန်ဘောသာ ဖြစ်ခဲ့သည်။

၈၄မိနစ်တွင် ထိုင်းအသင်း ညာတောင်ပံ ဘက်၌ ပြစ်ဒဏ်ဘော ရခဲ့သော်လည်း နောက်ခံလူများ ရှင်းထုတ် နိုင်ခဲ့သည်။ ၈၅မိနစ်တွင် ဘယ်တောင်ပံမှ ကန်တင် ပေးမှုကိုလည်း ခေါင်းတိုက် ဖျက်ထုတ် နိုင်ခဲ့ကာ နိုင်လင်းဦးအား ကစားပုံ ကြမ်းသည့် ထိုင်းကစားသမား အ၀ါကတ် ပြခံခဲ့ရသည်။ ၈၆မိနစ်တွင် ထိုင်းကစားသမား လူပေးမှားရာမှ မြန်မာ ကွင်းလယ်မှ နန္ဒလင်းကျော်ချစ် အပြင်းကန်ရာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ယင်းထောင့်ကန်ဘောအား ကန်တင်ပေးရာ ထိုင်းကစားသမား ပြစ်ဒဏ် ကျူးလွန်၍ မြန်မာအသင်း ပင်နယ်တီ ထပ်ရခဲ့သည်။ ယင်းပင်နယ်တီအား ကျော်ကိုကိုက အမှားအယွင်း မရှိ ထပ်မံ ကန်သွင်းကာ မြန်မာတို့ ဦးဆောင်ခဲ့သည်။

၈၉မိနစ်တွင် သက်ပိုင်ဦး ညာတောင်ပံမှ ထိုးဖောက်မှုအား ထိုင်း နံပါတ် ၄ အဖျက်ကြမ်းရာ ကွင်းလယ်ဒိုင်က ၂၀ါ၁နီဖြင့် ထုတ်ပယ်ခဲ့သည်။ မိနစ် ၉၀ပြည့်၍ နာကျင် အချိန်ပို ၅မိနစ် သတ်မှတ်ပေးခဲ့ကာ ပထမဆုံး မိနစ်တွင် ထိုင်းအသင်း ပြစ်ဒဏ်ဘော ရရှိရာမှ ဧရိယာအတွင်း သက်ပိုင်ဥိး ကစားပုံ ကြမ်း၍ တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ သို့သော် ဒိုင်ဖြစ်သူက ပင်နယ်တီ သတ်မှတ်ခြင်း မရှိဘဲ ပြစ်ဒဏ်ဘောကိုသာ ပြန်ကန်စေခဲ့သည်။

နာကျင် အချိန်ပိုတွင် မြန်မာအသင်း တန်ပြန် ထိုးဖောက်ရာမှ နန္ဒလင်းကျော်ချစ် ဖြတ်တင် ပေးမှုအား ကျော်ကိုကို အသာပိတ်သွင်းကာ ၎င်း၏ ဟက်ထရစ်ဂိုးအား သွင်းယူပြီး ၃-၁ဂိုးဖြင့် ထိုင်းအား အနိုင်ရရှိခဲ့သည်။

Written by Admin Team -  soccer myanmar
MNN

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1