လီဗာပူးလ် အသင်းဟာ ရော်ဂျာကို ၃ နှစ် သက်တမ်းရှိ
စာချုပ်နဲ့ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ရော်ဂျာက လက်ခံခဲ့ပါတယ်။ ရော်ဂျာဟာ
ဆွမ်ဆီး အသင်းပိုင်ရှင် ဟူးဂျန်ကင်နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ၁ရက်
အကြာမှာ လီဗာပူးလ် အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။
ရော်ဂျာဟာ ဆွမ်ဆီး အသင်းကို ၂၀၁၀ ဇူလိုင်လက ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ရော်ဂျာဟာ ဆွမ်ဆီး အသင်းကို ချန်ပီယံရှစ်မှာ ရလဒ်ကောင်းတွေ ရရှိအောင်
စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အတွက် ၂၀၁၁ ဖေဖော်ဝါရီမှာ ချန်ပီယံရှစ်မှာ
လစဉ်အလိုက် အကောင်းဆုံး ဆုကို ရရှိခဲ့ပါတယ်။ ဆွမ်ဆီး အသင်းဟာ အဲ့ဒီလမှာ ၆
ပွဲ ကစားခဲ့ရာမှာ ၅ ပွဲ အနိုင်ရခဲ့ပြီး ၄ ပွဲဟာ ပေးဂိုး မရှိအောင်
ကစားနိုင်ခဲ့ပါတယ်။ ဆွမ်ဆီး အသင်းဟာ အဲဒီရာသီမှာ အဆင့် ၆ အတွင်း ၀င်ခဲ့ပြီး
ပရီးမီးယားလိဂ် ၀င်ခွင့်အတွက် ပလေးအော့ဖ် ကစားခဲ့ရပါတယ်။ ၂၀၁၁ မေလ ၁၆
ရက်နေ့မှာ ကစားခဲ့တဲ့ ပလေးအော့ဖ် ပွဲစဉ်မှာတော့ ဆွမ်ဆီး အသင်းဟာ အစ်ဆွစ်ခ်ျ
အသင်းကို ၄ ဂိုး ၊ ၁ ဂိုးနဲ့အနိုင်ရပြီး ပရီးမီးယားလိဂ်ကို
တက်ရောက်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကို ရောက်ရှိ လာချိန်မှာတော့ ဆွမ်ဆီး အသင်းဟာ
အစောပိုင်းမှာ ရလဒ်တွေ ကောင်းမွန်ခြင်း မရှိတာကြောင့် ရော်ဂျာဟာ ရာထူးမှ
ထုတ်ပယ်ခံရမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ ပါတယ်။ ဒါပေမဲ့
နောက်ပိုင်းမှာတော့ ရော်ဂျာဟာ ဆွမ်ဆီး အသင်းကို ရလဒ်ကောင်းတွေ
ဆက်တိုက်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ရာသီကုန်မှာ တန်းမဆင်းရအောင်
စွမ်း ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရော်ဂျာဟာ ယခုနှစ် ဖေဖော်ဝါရီ လမှာ
သူ့ဘ၀အတွက် ပထမဆုံး အကြိမ်အဖြစ် ပရီးမီးယားလိဂ် လစဉ်အလိုက် အကောင်းဆုံး
ဆုကို ရရှိခဲ့ပါတယ်။ရော်ဂျာဟာ ဆွမ်ဆီး အသင်းနဲ့ ဒီနှစ် အစောပိုင်းတုန်းက ၃
နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီး အခု လီဗာပူးလ် အသင်းက ၃ နှစ်
သက်တမ်းရှိ စာချုပ်နဲ့ခေါ်ယူလိုက်တာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4
No comments:
Post a Comment