Friday, June 8, 2012

လွတ်လပ်သမဂ္ဂများ ပေါ်ပေါက်ရေး ILO မှာ FTUB ဆွေးနွေးမည်

Ever November | 6/08/2012 12:30:00 PM | Best Blogger Tips
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် မြန်မာနိုင်ငံတွင်း လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်ရေးအတွက် တင်ပြဆွေးနွေးမည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် က ပြောသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှု၊ အလုပ်သမားသမဂ္ဂများ ပေါ်ထွက်လာစေရေးနှင့် အလုပ်သမား ဥပဒေ ပြဋ္ဌာန်းလာစေရေး အတွက် ILO အစည်းအဝေးများတွင် နှစ်စဉ်တင်ပြလျက်ရှိသည်။

ယခုအခါ အလုပ်သမားဥပဒေနှင့် နည်းဥပဒေများကို ထုတ်ပြန်လာပြီဖြစ်၍ ထိုဥပဒေများကို ကျင့်သုံးကာ အလုပ်သမား များ၏ စုဖွဲ့မှု၊ ကိုယ်စားပြုမှုများ လိုအပ်ကြောင်း FTUB က ပြောသည်။

“အခြေခံလစာနဲ့ ပါတ်သက်ပြီး တိုးမြှင့်ပေးတဲ့ကိစ္စ ရှိသလို ကျနော်တို့ စိတ်မကောင်းတာ သံမဏိစက်ရုံမှာ အစာငတ်ခံ ဆန္ဒပြတဲ့ အနေအထား ထိရောက်သွားတယ်။ ILO မှာလည်း ဒီကိစ္စကို တင်ပြပါတယ်။ သို့သော်လည်း လွတ်လပ်စွာ အလုပ်သမား သမဂ္ဂဖွဲ့ဖို့ လိုတယ်။ ဒါကို ကျင့်သုံးပါ။ ပြီးတော့ ဥပဒေကြောင်းအတိုင်း တိုက်ရင် ကျနော်တို့ အဖြေတွေ ရပါလိမ့်မယ်” ဟု ဦးမောင်မောင် က ပြောသည်။

မေလ အတွင်းက အလုပ်သမား ဆန္ဒပြပွဲများနှင့် ပတ်သက်၍ အဖြေရှာရန် ဆွေးနွေးသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးနှင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အလုပ်သမား အရေးကိစ္စများ ကာကွယ်
ဖြေရှင်းပေးမည့် သမဂ္ဂ အဖွဲ့အစည်းများ အမြန်ဆုံး ဖွဲ့စည်းရန် ထောက်ခံပြောဆိုခဲ့သည်။  

အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေ အာဏာတည်သည့် မတ်လ ၉ ရက်နေ့မှ စတင်ကာ အဖွဲ့ဝင် ၃ဝ ရှိပါက အခြေခံ အလုပ်သမားအဖွဲ့တခုကို တရားဝင် ဖွဲ့စည်းခွင့် ရရှိမည် ဖြစ်၍ အခြေခံ အလုပ်သမားအဖွဲ့အစည်း ၁၂ ခုအား တရားဝင် ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်သည်။

ILO ညီလာခံ၏ လာမည့် အစည်းအဝေးများတွင် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခြင်းနှင့် ပါတ်သက်ပြီး ဥပဒေအတိုင်း ကျင့်သုံးခြင်း ရှိ/မရှိကို ဆန်းစစ်ဆွေးနွေးသွားမည်ဟု ဦးမောင်မောင် က ပြောသည်။  

စနေနေ့ကလည်း ILO ညီလာခံတွင် မြန်မာနိုင်ငံအရေး အထူးအစည်းအဝေးတခု ကျင်းပကာ ဆုံးဖြတ်ချက်အချို့ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ILO စံသတ်မှတ်ချက်များ လိုက်နာမှု ရှိ/မရှိ စံနှုန်း သတ်မှတ်သည့် ကော်မတီတွင် မြန်မာနိုင်ငံနှင့် ပါတ်သက်ပြီး စနေနေ့က အထူးအစည်းအဝေးတရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အဲဒီအစည်းအဝေးမှာတော့ အဓမ္မလုပ်အားပေးနဲ့ ပါတ်သက်ပြီးတော့ ဆုံးဖြတ်ချက်တွေ၊ conclusion တွေ၊ သုံးသပ်ချက်တွေ ချပါတယ်။ မြန်မာပြည်မှာ အဓမ္မ လုပ်အားပေး ပပျောက်မှုကိစ္စက အနည်းငယ် ရှိနေသေးတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ ကိစ္စတွေကို အသိအမှတ်ပြုတယ်။ ဒါကို ဆက်လက်ပြီး လုပ်ဆောင်သွားဖို့ဆိုတဲ့ ဆုံးဖြတ်ချက် ချတာပေါ့ဗျာ” ဟု ဦးမောင်မောင် က မဇ္ဈိမကို ပြောသည်။

အဓမ္မလုပ်အားပေးကိစ္စ လုံးဝ ပပျောက်သွားစေရန်အတွက် အဆင့်ဆင့် လုပ်ဆောင်ရန် ILO နှင့် မြန်မာအစိုးရအကြား သဘောတူညီချက်များ ရရှိထားပြီဖြစ်ကြောင်း FTUB ၏ ကြာသပတေးနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ဇွန်လ ၁၄ ရက်နေ့တွင် အဆိုပါညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားမည်
ဖြစ်သည်။

မေလ ၃ဝ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ထိ ကျင်းပနေသည့် ILO ၏ ၁ဝ၁ ကြိမ်မြောက် အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း ၁၈၃ နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ အလုပ်သမား သမဂ္ဂ ကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ ၄,ဝဝဝ ကျော် တက်ရောက်ကြသည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1