Wednesday, July 4, 2012

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

Ever November | 7/04/2012 07:51:00 PM | Best Blogger Tips
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦး၊ ဒုတိယ သမ္မတ(၂)
ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် တို့ကို ၂၀၁၂ ခုနှစ် မတ်လ (၁)ရက်နေ့တွင်
ပြည်ထောင်စု လွှတ်တော်၌ ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တာဝန်ထမ်းဆောင်မှု 
တစ်နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောကြားမှု အစီအစဉ် အပြီး၌ တွေ့ရစဉ်

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် ဒုတိယသမ္မတ ရာထူးမှ နုတ်ထွက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုထ္ထပုံမှန် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပေးပို့လာသော သ၀ဏ်လွှာကို ဖတ်ကြား၍ ပြောကြားခဲ့ပါသည်။

အဆိုပါ ပြောကြားချက်များအရ ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦးသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှ စတင်၍ ကျန်းမာရေး အခြေအနေကြောင့် ဒုတိယ သမ္မတ ရာထူးမှ နုတ်ထွက်ပါကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ အကြောင်းကြားစာ ပေးပို့လာပြီး အဆိုပါ အကြောင်းကြားစာကို နိုင်ငံတော် သမ္မတမှ ခွင့်ပြုပြီးကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ထို့အတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လစ်လပ်နေသော ဒုတိယသမ္မတ ရာထူးအတွက် ပြည်ထောင်စု လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဇူလိုင်လ ၁၀ရက်နေ့ နောက်ဆုံးထား၍ ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော်တွင် ကြေညာသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကမှ ဆက်လက်ပြောကြားခဲ့ပါသည်။

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းကြောင်း ကိစ္စရပ်မှာ မေလ အစောပိုင်းကပင် သတင်းများ ထွက်ပေါ်ခဲ့ပြီး မေလမတိုင်မီ ရက်များက စင်ကာပူနိုင်ငံသို့ သွားရောက် ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် ကျန်းမာရေး အခြေအနေကြောင့် တာဝန်မှ အနားယူခွင့် တောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအချိန်ကပင် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ပါက  ဒုတိယသမ္မတ (၁) နေရာတွင် အစားထိုး ၀င်ရောက်လာနိုင်ဖွယ် ရှိသူများကိုလည်း ထင်ကြေးပေး မှန်းဆနေကြရာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့ပါဝင်ကြောင်း သိရှိရပါသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ အနိုင်ရကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ပါဝင်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဒုတိယသမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၂)မှဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှူး (၁)အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ၄င်းသည် ဆုံးဖြတ်ချက်ခိုင်မာသူဖြစ်ပြီး ဆုံးဖြတ်ချက်ချပြီးပါက ပြန်ပြင်လေ့ မရှိကြောင်း နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၇၂)တွင် “နိုင်ငံတော်သမ္မတ (သို့မဟုတ်) ဒုတိယ သမ္မတတစ်ဦးဦးသည် မိမိ၏ ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျှောက် နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည်” ဟု ဖေါ်ပြပါရှိပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1