Saturday, July 14, 2012

ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပသော အမေရိကန်-အာဆီယံ စီပွားရေး ဖိုရမ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြား

Ever November | 7/14/2012 07:45:00 PM | Best Blogger Tips

ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပသော အမေရိကန်-အာဆီယံ စီပွားရေး ဖိုရမ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်အတူ တွေ့ရစဉ် (Photo AFP)
ဇူလိုင်လ ၁၃ ရက်နေ့က ကမ္ဘောဒီယားနိုင်ငံ ဆီရမ်ရိတွင် ကျင်းပသော အမေရိကန်-အာဆီယံ စီပွားရေး ဖိုရမ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတည်ရှိပုံ၏ မဟာဗျူဟာမြောက် ပထ၀ီအနေအထားနှင့် တရုတ်၊ အိန္ဒိယ အင်အားကြီးနိုင်ငံနှစ်ခုအကြား သယံဇာတ အရင်းအမြစ်ပေါများသော်လည်း ဖွံ့ဖြို့မှုနောက်ကျနေကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့သော ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်မှ ရုန်းထွက်၍ ဒီမိုကရေစီစနစ် ကူးပြောင်းရန် ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ မတူတာတွေ ဘေးဖယ်၍ တူတာတွေ လက်တွဲလုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းများ၊ ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ဟု မှတ်ယူနိုင်သော ပဋိပက္ခများမှာ မိမိတို့ နိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 
ထို့အပြင် နိုင်ငံသစ်တည်ဆောက်ချိန်တွင် ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADBနှင့် UNDP တို့ထံမှ အကူအညီ မရနိုင်သော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ပြည်သူများ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ်ပညာများ သင်ယူပြီ စီးပွားရေး ဆက်သွယ်ဆောက်ရွက်ရန် ဆန္ဒရှိသော်လည်း ပိတ်ဆို့ အရေးယူမှုများ ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ 
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျကျန်နေကြောင်း အာရှမှ မိတ်ဆွေနိုင်ငံများက အလေးထား အသိအမှတ်ပြု ခံရမည့် ဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံအဖြစ် ရောက်ရှိအောင် ကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြာခဲ့သည်။
သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖေါ်ပြထားသည့်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းအပြည့်စုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မင်္ဂလာပါ- 
လေးစားအပ်ပါသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြသော ဧည့်သည်တော်များ ခင်ဗျား-
ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်သူများအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်းတင်ပြလိုပါတယ်။
ဒီကနေ့ ဒီအချိန်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန်အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သန်းပေါင်း(၆၀)ကျော် ရှိတဲ့ နိုင်ငံသားတွေ၊ အမျိုးပေါင်း (၁၀ဝ)​ကျော်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှု အသီးသီးနဲ့ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ပထဝီအနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအကြား တည်ရှိနေပါတယ်။ ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ မဟာဗျူဟာမြောက် တည်ရှိပြီး၊ သယံဇာတ အရင်းအမြစ်တွေ ပေါများတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများအကြားမှာ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပါတယ်။
ရာစုနှစ် ထက်ဝက်နီးပါး ကြာခဲ့ပြီးမှ ဒီကနေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ပြီး ညင်သာတဲ့ အပြောင်းအလဲနဲ့ နိုင်ငံသစ် တည်ဆောက်ရေးကို ကြိုးပမ်းနေပါတယ်။ စစ်ဘက်အုပ်ချုပ်ရေးစနစ် အောက်မှ ရုန်းထွက်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းတဲ့၊ ထာဝရငြိမ်းချမ်းရေး ပတ်ဝန်းကျင်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်စေမယ့် ဒီမိုကရေစီ ခေတ်သစ်သို့ ချီတက်နေတဲ့ အထူးအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရရဲ့ ပြေပြစ်မျှတတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အခက်အခဲ၊ အကျပ်အတည်း အမျိုးမျိုး ကြုံတွေ့ကြရမယ် ဆိုတာကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိလည်း စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတာ အားလုံးအသိဘဲ ဖြစ်ပါတယ်။ အစိုးရသစ် ပေါ်ထွက်လာချိန်မှာ မယုံကြည်နိုင်သော သံသယမျက်လုံးများနဲ့ အကဲခတ် စောင့်ကြည့်ခဲ့ကြသော်လည်းဘဲ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ အစိုးရရဲ့ စစ်မှန်တဲ့ သဘောထား၊ မှန်ကန်ပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်း အားထုတ်မှုတွေကြောင့် ထောက်ခံ အားပေးလာကြပြီ ဖြစ်ပါတယ်။
တစ်ဘက်မှာလည်း စောင့်ကြည့်ဦးမယ် ဆိုတဲ့သူတွေ ရှိသလို၊ ကျွန်တော်တို့ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိ ဖိအားပေးဖို့ တိုက်တွန်းနေတဲ့သူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ အစိုးရရဲ့ ပကတိ အခြေအနေမှန်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို စာနာနားလည်ကြသူတွေလည်း အများအပြား ရှိနေပါတယ်။ 
ဧည့်သည်တော်များခင်ဗျား-
အစိုးရသစ် အပြောင်းအလဲ ဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံသား အားလုံးဟာ အပြောင်းအလဲကို လိုလားလျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အားလုံးဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့  ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဖော်ဆောင်လျက်ရှိပါတယ်။
ပထမဆုံး ပြုပြင်ပြောင်းလဲမှုကတော့ ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့တဲ့ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်က ရုန်းထွက်ပြီး ရင့်ကျက်ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ် အလေ့အထတွေ ကွယ်ပျောက်နေခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဘဲ ဖြစ်ပါတယ်။ အခြေခံအဆောက်အဦတွေ အားနည်းခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်၊ လွှတ်တော်အသစ် အပြင်၊ တရားစီရင်ရေးကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေအုံးမှာဖြစ်ပါတယ်။ ခေတ်သစ်၊ စနစ်သစ် နဲ့ ကိုက်ညီခြင်းမရှိတော့တဲ့ ဥပဒေများကိုလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့ပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ဗျူရိုကရေစီစနစ်နဲ့ အစိုးရဝန်ထမ်းတွေရဲ့ စိတ်ထားကိုလည်း ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး မတူညီတာတွေ ဘေးဖယ်ထား၊ တူညီတာတွေ လက်တွဲ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ စာပေ/စာနယ်ဇင်းသမားတွေ၊ ကဏ္ဍမျိုးစုံမှ လူပေါင်းများစွာနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး လက်တွဲခေါ်ဆောင်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် မျှော်မှန်းပြီး ပြန်လွှတ်ပေးခဲ့သလို၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာများ ပွင့်လင်းစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိန်းချုပ် ကန့်သတ်မှုတွေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေ ပြန်လာနိုင်အောင်လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ စာပေထုတ်ဝေရေး စိစစ်မှု လုပ်ငန်းစဉ်တွေကို အဆင့်ဆင့် လျှော့ချပေးခဲ့ပါတယ်။ မကြာခင်ကာလမှာ လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်တဲ့ မီဒီယာဖြစ်လာအောင် ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့လည်း ကတိကဝတ်ပြုထားပြီး ဖြစ်ပါတယ်။
နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများကို ဥပဒေနဲ့အညီ ဖွဲ့စည်းခွင့်ပြုခဲ့သလို ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခြင်းမရှိခဲ့တဲ့ အလုပ်သမား အစည်းအရုံး ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးများ အတွက် ဥပဒေများကို ပြဌာန်းခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒုတိယ ပြုပြင်ပြောင်းလဲမှုကတော့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့လို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မှတ်ယူနိုင်တဲ့ ပဋိပက္ခတွေဟာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးနဲ့ အတူ​ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း (၆၀)ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကို ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ပုံစံအသစ်၊ ဒိုင်ယာလော့ အစစ်အမှန်နှင့် စေ့စပ်ညှိနှိုင်းခဲ့ရာမှာ ယခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး ကျန်နေ သေးတဲ့ ကချင်ပြည်နယ်မှ KIO/KIA နဲ့လည်း သဘောတူညီချက် ရရှိနိုင်အောင် စစ်မှန်သော ငြိမ်းချမ်းရေးရလိုမှု ဆန္ဒတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ ကာလမှာ အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
တတိယပြုပြင်ပြောင်းလဲမှုကတော့ ဗဟိုဦးစီးစီမံကိန်း စီးပွားရေးစနစ်ကို ဈေးကွက် စီးပွားရေး စရိုက်လက္ခဏာများ  ပီပြင်စွာနဲ့ စီးပွားရေး တိုးတက်မှုရရှိလာအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ မိုက်ခရိုစီးပွားရေး အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မဟာဗျူဟာကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ လိုက်လျောညီထွေရှိမယ့် အသေးစား ချေးငွေဆိုင်ရာ ဥပဒေများကိုလည်း ဟန်ချက်ညီ ပြဌာန်းပေးပြီး ဖြစ်ပါတယ်။ မက်ခရိုစီးပွားရေး အဆောက်အအုံ တောင့်တင်း ခိုင်မာစေဖို့အတွက် ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီများကို ရယူပြီး ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အမျိုးမျိုး အဖုံဖုံ ဖြစ်နေတဲ့ ပြည်တွင်းငွေလဲနှုန်းကိုလည်း ပြင်ပဈေးကွက်နဲ့ အညီ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ 
ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရပြီး အောင်မြင်မှုရရှိဖို့ အထူးကြိုးစားရပါတယ်။ ဥပမာအားဖြင့်- လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့တဲ့ ပြဿနာမျိုးကို ကျွန်တော်တို့ အောင်မြင်အောင် ကြိုးစားထိန်းသိမ်းနိုင်ခဲ့ပါတယ်။                
ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ရာမှာ ပြည်ပနိုင်ငံအချို့က ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADB နဲ့ UNDP တို့ထံမှ အကူအညီမရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ်ပညာတွေ သင်ယူပြီး၊ ဒီနိုင်ငံတွေနဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်ဖို့ ဆန္ဒ ပြင်းပြသော်လည်း ပိတ်ဆို့အရေးယူမှုများက ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်နေသလို ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုလည်း မူဝါဒ (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိပါတယ်။ ဒီမူဝါဒ (၄) ရပ်ကို တင်ပြရမယ် ဆိုရင် (၁) နိုင်ငံသားများ၏ အကျိုးစီးပွားကို မထိခိုက်စေဖို့၊ (၂) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေဖို့၊ (၃) အချုပ်အခြာအာဏာကို မထိခိုက်စေဖို့နဲ့ (၄) သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေဖို့တို့ဘဲ ဖြစ်ပါတယ်။ ဒီ့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဌာန်းပြီး နိုင်ငံတကာမှာ ကျင့်သုံးတဲ့ စံနှုန်းများနဲ့အညီ ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွားနဲ့ နိုင်ငံအကျိုးစီးပွားတို့ မျှတစွာခံစားနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ နိုင်ငံရပ်ခြားက ပညာရှင်တွေထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်လျက် ရှိပါတယ်။
နိဂုံးချုပ်အနေနဲ့ ယနေ့ အာရှရဲ့ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေဟာ ကမ္ဘာမှာ အရေးပါလာတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ အာရှဒေသအဖွဲ့ဝင် နိုင်ငံများအချင်းချင်း အပြန်အလှန်လေးစားမှု၊ အားလုံး လိုက်နာနိုင်မယ့် စည်းကမ်းဥပဒေများ ထားရှိကျင့်သုံးမှုတို့ကို အခြေခံပြီး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးအနေအထားသို့ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ပါရှိလာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ သဘာဝဘေးအန္တရာယ်ရန်ကို ကာကွယ်ဖို့အတွက် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အရည်အသွေး ပြည့်မီတဲ့ နည်းပညာများနဲ့ ကျွန်တော်တို့တစ်တွေ ရင်ဆိုင်သွားနိုင်မှာဖြစ် ပါတယ်။ ဒီအခက်အခဲတွေကို အာရှနိုင်ငံများ အချင်းချင်း အပြန်အလှန် အကူအညီပေးပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုများ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အာရှဒေသတွင်း ပွင့်လင်း တံခါးဖွင့်ဝါဒ လိုက်နာကျင့်သုံးသွားရင် ကမ္ဘာကြီး ငြိမ်းချမ်း သာယာဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှာ ဖြစ်တယ် လို့ ခံယူမိပါတယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်ပေါင်း (၆၀) ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရပါတယ်။ အာရှမှာ မိတ်ဆွေနိုင်ငံအများက အလေးထား အသိအမှတ်ပြုခံရမယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်ရှိ လာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ အာဆီယံအဖွဲ့ကြီးရဲ့ RICH ASEAN 2030 အစီအစဉ်မှာ ကျွန်တော်တို့ အစွမ်းကုန် ပူးပေါင်း ပါဝင်သွားမှာ ဖြစ်သလို ကမ္ဘာ့နိုင်ငံ အများစုနဲ့ပါ အပြန်အလှန် နားလည် ယုံကြည်မှု၊ မိတ်ဝတ်မပျက် ဆက်ဆံမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားမယ်လို့ ကတိပြု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1