ရွှေဂုံတိုင်လမ်းဆုံ မီးပွိုင့်အား ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်
ရွှေဂုံတိုင်ခုံးကျော်တံတား ဆောက်လုပ်ရန်အတွက် နောက်ဆုံးအဆင့်ယာဉ်ဖြတ်သန်းသည့် လေ့လာတိုင်း
တာမှု ပြုလုပ်ရန်တင်ပြမှုများအားရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှခွင့်ပြုခဲ့ကြောင်း၊
ရွှေဂုံတိုင်
ခုံးကျော်တံတားကို Capital Development Ltd. မှ တာဝန်ယူ
ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊လမ်းနှင့်တံတားဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်
အရ သိရှိရသည်။
“ရွှေဂုံတိုင်လမ်းဆုံမှာ ခုံးကျော်တံတားဆောက်ဖို့အတွက် နောက်ဆုံး အဆင့်
Survey လုပ်ဖို့အတွက် ကုမ္ပဏီစာတင်လာလို့ ခွင့်ပြုခဲ့တယ်။ ရွှေဂုံတိုင်မှာ
ခုံးကျော်တံတားဆောက်ဖို့ အတွက် စည်ပင်အနေနဲ့လည်း အရင် က လေ့လာတိုင်းတာမှုတွေ
ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့လည်း အရင်က လေ့လာမှုလုပ်ခဲ့တာ
တွေရှိပါတယ်။ အခုကတော့ နောက်ဆုံးအနေနဲ့ ကောက်ဖို့ဖြစ်ပါတယ်။ Survey
လုပ်ပြီးရင်တော့ ဒီဇိုင်းပုံစံ အကြမ်းထွက်ရှိလာမှာ ဖြစ်ပါတယ်” ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့် တံတားဌာနမှဌာနမှူးက
ပြောပြခဲ့သည်။
တာမွေအ၀ိုင်း ငါးလမ်းဆုံမီးပွိုင့်တွင်မူ လမ်းအနေအထားများအရ
ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ်တော့ဘဲ
အဆိုပါနေရာအား လမ်းပြုပြင်မှု ပြုလုပ်သွားရန်သာ ရှိကြောင်း သိရှိရသည်။
“တာမွေ ငါးလမ်းဆုံမီးပွိုင့်မှာတော့ ခုံးကျော်တံတား မဆောက်ဖြစ်တော့ဘူး။
လမ်းပြုပြင်မှုတွေ လုပ်ဖို့ပဲ ရည်ရွယ်ထားပါတယ်”ဟု ရန်ကုန်
မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ
ဌာနမှူးကပြောပြခဲ့သည်။
လှည်းတန်း ခုံးကျော်တံတား တည်ဆောက်ရေးမှာလည်း ယခုအခါ
တံတားနှင့်သက်ဆိုင်သည့် အောက်ခံ ဖောင်ဒေးရှင်းအပိုင်းကို ဇွန်လ ၂၀
ရက်နေ့တွင် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။
“လှည်းတန်းခုံးကျော် တံတား ကို ရွှေတောင်ကုမ္ပဏီက တာဝန်ယူပြီး
ဆောက်မှာဖြစ်ပါတယ်။ အခု ဘိုးပိုင်တူးတဲ့ လုပ်ငန်းစနေပါပြီ။ တံတားရဲ့
အောက်ခံဖောင်ဒေးရှင်း အပိုင်းစလုပ်နေပြီလို့ ပြောရပါမယ်” ဟု လမ်းနှင့်တံတား
ဌာနမှ ဌာနမှူး က ပြောကြားခဲ့သည်။
လှည်းတန်း ခုံးကျော်တံတား ပြီးစီးရန် အချိန်တစ်နှစ်ခန့်
ကြာဦးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
တာဝန်ရှိသူများက ပြီးခဲ့သည့်မေလ အတွင်းက ထုတ်ပြန်ခဲ့သည်။
ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရန် အတွက်လည်း ပြင်ဆင်နေပြီး
ပြီးခဲ့သည့်ဇွန်လ ၅ ရက် နေ့က ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့ကာ
အဆိုပါခုံးကျော်တံတား အား FMI ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကြောင်း
သိရှိရပါသည်။
လှည်းတန်းနှင့် ဘုရင့်နောင် ခုံးကျော်တံတား နှစ်ခုတည်ဆောက်ရန်အတွက်
ကညနမှ ဇွန်လ ၁၄ ရက်နေ့အထိ ယာဉ်မှတ်ပုံတင်ကြေး ကောက်ခံရရှိသည့် အမေရိကန်ဒေါ်
လာ ၉၇ ဒသမ ၃၅ သန်းထဲမှ ၄၅ သန်းကို တောင်းခံထားသည်ဟု သိရသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် အတွက်
လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်၊ တာမွေငါးလမ်းဆုံမီး ပွိုင့်များတွင်
ခုံးကျော်တံတားများကို တည်ဆောက်သွားရန်အတွက် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်
နိုဝင်ဘာလ ကတည်းက ထုတ်ပြန်ခဲ့ပါသည်။
EMG
No comments:
Post a Comment