Sunday, September 2, 2012

သမ္မတရုံးဝန်ကြီးဌာန ခြောက်ခုအထိတိုးမြှင့်၍ ပြည်ထောင်စုဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်း

Ever November | 9/02/2012 10:38:00 AM | Best Blogger Tips

အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်တိုက်ပြု လုပ်နေသည့် နိုင်ငံတော် သမ္မတကြီး က နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနကို ခြောက်ခုအထိ တိုးချဲ့ဖွဲ့စည်းလိုက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာန များကို ၃၆ ခုအထိ တိုးမြှင့်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ အဆိုပါ
အစိုးရအဖွဲ့သစ်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှစ်ခုကို တစ်ခုတည်းအဖြစ် ပြင်ဆင် ဖွဲ့စည်း လိုက်ပြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ဖျက်သိမ်းကာ သမ္မတရုံး ဝန်ကြီးဌာနအောက်တွင် ဝန်ကြီး ဌာန ခြောက်ခုအထိ တိုးမြှင့်လိုက်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားချက်အရ သိရသည်။ ယင်းအပြင် နိုင်ငံတော် ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မူလပြည်ထောင်စုဝန်ကြီးဌာန ၃၄ ဌာန တွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး ခန့်အပ်ခဲ့ရာမှ ပြည်ထောင်စုဝန်ကြီး ဌာန ၃၆ ဌာနတွင် ပြည်ထောင်စု ဝန်ကြီး ၃၆ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခွင့်ပြုရန် လည်း ဖော်ပြထား သည်။ နိုင်ငံတော်သမ္မတက ပေးပို့သည့် အဆိုပါသဝဏ်လွှာတွင် အစိုးရသစ် တာဝန်ယူစအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ကို ပြည်ထောင်စုဝန်ကြီးတစ်ဦးက တာဝန်ယူ၍ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အချိန်ယူပြင်ဆင်ရန် လိုအပ်လျက်ရှိသောကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ သဖြင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ဖျက်သိမ်းနိုင်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် သဝဏ်လွှာ ပေးပို့အပ်ကြောင်း ဖော်ပြထားသည်။ “အခုလို ဝန်ကြီးဌာနတွေ ပြင်ဆင်ဖွဲ့စည်း တာ ကောင်းတဲ့အလားအလာပါ။ လုပ်ငန်းဆောင်ရွက်တဲ့အခါ ကျွမ်းကျင်တဲ့သူတွေ ဦးဆောင်တာ ပိုကောင်းမှာပါ။ လျှပ်စစ်ဆိုရင် ဖြန့်ဖြူးရေးနဲ့ တည်ဆောက်ရေး ခွဲထားတာ ပေါင်းလိုက်ပြီး ဒုတိယဝန်ကြီးတစ်ဦးစီ ထားလို့ရတယ်။ စက်မှုဝန်ကြီးဌာန ရှိနေပြီးသားဆိုတော့ စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက အပိုဖြစ်နေပြီ။ သမ္မတရုံး ခြောက်ဦးထားတာကတော့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို ငြိမ်းချမ်းရေးအတွက် အာရုံစိုက်စေချင်လို့ ထင်တယ်” ဟု ဝါရင့်ရှေ့နေတစ်ဦးဖြစ်သူ ဦးသိန်းထွန်းက သုံးသပ်သည်။ “အခုလို ဝန်ကြီးဌာနတွေ ပြင်ဆင်ဖွဲ့စည်းတာ ဒီမိုကရေစီကူးပြောင်းရေး ကာလမှာ မဖြစ်မနေလုပ်ရမယ့် လိုအပ်ချက်ပါ။ အသစ်ခန့်အပ်လိုက်တဲ့ ဒုတိယဝန်ကြီးတွေမှာ အရည်အချင်းရှိတဲ့ အရပ်သားပညာရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးပါတာ တွေ့ရတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1