Wednesday, November 14, 2012

မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)က အချက် ၁၅ ချက်ပါဝင်သည့် စာနယ်ဇင်းကျင့်ဝတ်များကို ထုတ်ပြန်

Ever November | 11/14/2012 11:17:00 AM | Best Blogger Tips

မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)က အချက် ၁၅ ချက် ပါဝင်သည့် စာနယ်ဇင်း ကျင့်ဝတ်များ ကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သတင်းရရှိသည်။ထုတ်ပြန်ကြေညာခဲ့သော စာနယ်ဇင်းကျင့်ဝတ်များတွင်(၁)သတင်းမီဒီယာတစ်ခုက ဖော်ပြသော သတင်းတိုင်းအချက်အလက်တိကျမှန်ကန်ရန်နှင့်တတ်နိုင် သမျှ ပြည့်စုံရန်
စိစစ်ရမည်။
(၂) တိကျမှန် ကန်မှုမရှိသော သတင်းကိုဖော်ပြမိပါက သက်ဆိုင်ရာမီဒီယာမှ အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖော်ပြရန်နှင့် သတင်းမှန်ဖြေရှင်းချက်အား အဆိုပါသတင်း ထည့်သွင်းဖော်ပြသည့် နေရာနှင့် အနီးစပ်ဆုံးစာမျက်နှာတွင် ထင်ရှားစွာ ဖော်ပြပေးရမည်။
(၃) သတင်းပေးသူ (သို့မဟုတ်)သတင်းရင်းမြစ် (source)၏ အမည်နာမနှင့်စပ်လျဉ်း၍ ကာယကံရှင်၏ ဆန္ဒနှင့်အညီ ထိန်းသိမ်းရန်နှင့် ယုံကြည်၍ထုတ်ဖော် အသိပေးလိုက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ လျှို့ဝှက်ထိန်းသိမ်း ထားရမည်။
(၄) တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့် စပ်လျဉ်း၍ မီဒီယာတွင် ရေးသားဖော်ပြရာ၌ တရားရုံးတော်က ပြစ်မှုထင်ရှားစီရင်ခြင်း မပြုသေးသမျှ ကာလပတ်လုံး တရားစွဲဆိုခံရသူအား အပြစ်ကင်းစင် သူတစ်ဦးအဖြစ် မှတ်ယူရမည်။
(၅)သတင်းများ ရယူရေးသားရာ၌ မိမိကိုယ်စားပြုသည့် သတင်းမီဒီယာ အမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူရမည်။
(၆) သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးစသည်တို့ အသွင်ဖြင့် ထည့်သွင်းသော ကြော်ငြာများကို ကြော်ငြာဖြစ်ကြောင်း သိသာထင်ရှားအောင် ဖော်ပြရမည်။
(၇)သတင်းရေးသားရာတွင် ရေးသူ၏ အာဘော်လုံးဝ မပါဝင်စေရန်နှင့် ဘက်လိုက်ရေးသားခြင်း မပြုရ။
(၈)အများပြည်သူ အကျိုးစီးပွားအတွက် ရေးသင့်ရေးထိုက်သည်မှအပ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အရေးအသား၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ထိပါးစေသော အရေးအသားများ ရှောင်ကြဉ်ရမည်။
(၉)သတင်းရေးသားရာတွင် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် စပ်လျဉ်းသည့် ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာရမည်။
(၁၀)ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ လူမျိုးတို့ကို အကြောင်းပြု၍ ခွဲခြား၊ ဝေဖန်လှုံ့ဆော် ရေးသားခြင်း မပြုရ။
(၁၁)စာနယ်ဇင်းသမားများ အားလုံး မည်ကဲ့သို့သော အခွင့်အရေး၊ တံစိုးလက်ဆောင်ကြောင့်မျှ မိမိသို့မဟုတ် အခြားတစ်စုံတစ်ယောက်၏ အကျိုးငှာဘက်လိုက် ရေးသားဖော်ပြ ခြင်းမပြုရ။
(၁၂)စီးပွားရေး၊နိုင်ငံရေး စသည့်အဖွဲ့အစည်းတစ်ခုခု၏ သြဇာကြောင့် မမှန်မကန်ရေးသားခြင်း မပြုရ။
(၁၃)သူတစ်ပါးဖန်တီးထား သောသတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးများကို မူရင်းဖန်တီးသူ၏ခွင့်ပြုချက် မရဘဲ ကူးယူဖော်ပြခြင်းမပြုရန်နှင့် ခွင့်ပြုချက်ရယူပြီး ဖော်ပြလျှင်လည်း မူလရင်းမြစ်ကို ဖော်ပြပေးရမည်။
(၁၄)အီလက်ထရောနစ် နည်းပညာဖြင့် ထုတ်လွှင့်သော အင်တာနက်၊ လူမှုကွန်ရက်များစသည့် နည်းလမ်းများမှတစ်ဆင့်ရသော သတင်းများသည် မှန်ကန်ကြောင်း သက်သေ အခိုင်အမာမပြနိုင်က ပြန်လည်ကူးယူ ဖြန့်ချိခြင်းမပြုရ။
(၁၅)အများ ပြည်သူ၏ ကိုယ်ကျင့်တရား ထိခိုက်ပျက်ပြားစေမည့် ရေးသားဖော်ပြမှုများ၊ ညစ်ညမ်းမှုများနှင့် ပတ်သက်၍ မည်သည့်သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးမျှ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ။ စသည့် အချက် ၁၅ ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မီဒီယာလောကသားများ အနေဖြင့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အကြံဥာဏ်များ ပေးပို့နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအမြုတေ စာနယ်ဇင်းကောင်စီကို နိုင်ငံတော် သမ္မတရုံးမှဦးဆောင်၍ ဖွဲ့စည်းပေးခဲ့ သော်လည်း ကန့်ကွက်မှုများရှိသဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်အေး (တရားရုံးချုပ် တရားသူကြီး(ငြိမ်း))က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး အဖွဲ့ဝင် (၂၉) ဦးပါဝင်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တွင် ကော်မတီ(၄)ခု ပါဝင်ပြီး ယင်းကော်မတီလေးခုမှာ စီမံရေး နှင့်ဘဏ္ဍာရေးကော်မတီ၊ ကျင့်ဝတ် နှင့် ဥပဒေရေးဆွဲရေး ကော်မတီ၊ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီနှင့် ပြန်ကြားရေးနှင့် ဆက်ဆံရေး ကော်မတီများဖြစ်သည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ ရုံးခန်းကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မီးပွိုင့်အနီးရှိ ယုဇနတာဝါ အခန်းအမှတ် (၉၀၂)တွင် ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1