Saturday, December 8, 2012

စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၅) သင်တန်း ဆင်းပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

Ever November | 12/08/2012 03:18:00 PM | Best Blogger Tips
ရဲဘော်တို့
ဒီနေ့ဟာ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၅) သင်တန်း ဆင်းတဲ့နေ့ ဖြစ်တဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း နှုတ်ခွန်းဆက် ပြောကြား လိုတယ်။ အမိ စစ်တက္ကသိုလ်မှာ စာပေပညာ၊ စစ်ပညာတွေကို လေ့လာ သင်ကြား တတ်မြောက် အောင်မြင်ခဲ့ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးမှာ ခေါင်းဆောင် ငယ်များအဖြစ် တာဝန်ပေးအပ်ခြင်း ခံကြရတော့မှာ ဖြစ်လို့ ရဲဘော်တို့ အတွက် ဘဝမှာ မှတ်တိုင် ထူတဲ့နေ့ တစ်နေ့ ဖြစ်သလို နိုင်ငံတော်နဲ့ တပ်မတော် အတွက် ခွန်အား သစ်တွေ တိုးပွား စေတဲ့ ထူးခြား လေးနက်သော နေ့တစ်နေ့ ဖြစ်တယ်လို့ ပြောကြား လိုတယ်။

ရဲဘော်တို့
တပ်မတော်မှာ ခေါင်းဆောင်ငယ် များအဖြစ် စတင် တာဝန်ထမ်း ဆောင်ကြရမယ့် ရဲဘော်တို့ကို တပ်မတော်ရဲ့ သမိုင်းကြောင်း၊ တပ်မတော်ရဲ့ အစဉ်အလာ တွေနဲ့ သိသင့် သိထိုက်တာ တွေကို အလေး အနက် မှာကြား သွားမှာ ဖြစ်တယ်။ တို့တပ်မတော်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းနဲ့ အတူ ယှဉ်တွဲ ပေါ်ပေါက်လာ ခဲ့တဲ့ တပ်မတော် ဖြစ်တယ်။ ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) အဖြစ် တို့တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင် စတင်ဖွဲ့စည်း ခဲ့ကြပြီး နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး တွေကနေ လွတ်လပ်ရေး ရသည် အထိ ပြည်သူကို ဦးဆောင် လက်တွဲ တိုက်ပွဲဝင် ခဲ့တဲ့ တပ်မတော် ဖြစ်တယ်။ မျိုးချစ်စိတ်၊ နိုင်ငံ ချစ်စိတ်ကို အခြေခံပြီး မွန်မြတ်တဲ့ စိတ်ထား တွေနဲ့ ပြည်သူကြားက ပေါက်ဖွားလာ ခဲ့တဲ့ တို့တပ်မတော်ဟာ လွတ်လပ်ရေး ရပြီးသည်မှ ယနေ့ အချိန်အထိ အရေးကြုံတိုင်း ပြည်တွင်း ပြည်ပ အန္တရာယ် အသွယ်သွယ်ကို တိုက်ဖျက် ချေမှုန်းရင်း နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် မားမား မတ်မတ် ရပ်တည် ကာကွယ်ပေး ခဲ့တဲ့ အစဉ်အလာ ကောင်းတွေနဲ့ ပြည့်ဝ နေတဲ့ တပ်မတော် တစ်ရပ် ဖြစ်တယ်။ တို့တပ်မတော်ဟာ မျိုးချစ် တပ်မတော်၊ စည်းကမ်း ကောင်းသော တပ်မတော်၊ သစ္စာရှိသော တပ်မတော်၊ စည်းလုံး ညီညွှတ်သော တပ်မတော် စသည့် အစဉ်အလာ များနဲ့ ပြည့်စုံတဲ့ တပ်မတော်ပဲ ဖြစ်တယ်။ ရဲဘော်တို့ အနေနဲ့ တို့တပ်မတော်ရဲ့ အစဉ်အလာ ကောင်းတွေကို သိရှိအောင် လေ့လာပြီး အသက်နဲ့လဲ စောင့်ထိန်း သွားကြဖို့ မှာကြား လိုတယ်။
ရဲဘော်တို့
မကြာမီ အချိန်မှာပဲ ရဲဘော်တို့ဟာ တပ်မတော်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးကို ခေါင်းဆောင် ငယ်များ အဖြစ် ရောက်ရှိတာဝန် ထမ်းဆောင် ကြရမှာ ဖြစ်တယ်။ ဒါဟာ သတ်မှတ်ထားတဲ့ သင်တန်း တစ်ခုကို အောင်မြင် ပြီးမြောက် ခဲ့လို့ ခေါင်းဆောင်ငယ် အဖြစ် ခန့်အပ်တာဝန် ပေးခြင်းသာ ဖြစ်တယ်။ မိမိရောက်ရှိ တာဝန်ယူ ရတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ ကောင်းမွန်တဲ့ လုပ်ဆောင် မှုတွေ၊ မှန်ကန်တဲ့ ခေါင်းဆောင်မှု တွေနဲ့ မိမိ တာဝန်ယူ ရတဲ့ စစ်သည်တွေက မိမိကို သူတို့ရဲ့ ခေါင်းဆောင်တစ်ဦး အဖြစ် အသိအမှတ်ပြု လက်ခံ လာအောင် အလုပ်နဲ့ ပြပြီး ကွပ်ကဲ ခေါင်းဆောင်ရမှာ ဖြစ်တယ်။ မိမိတပ်ဖွဲ့ကို ခေါင်းဆောင်မှု ရအောင် အတင်းအကျပ် လုပ်ယူရင် အာဏာရှင် ခေါင်းဆောင် ဖြစ်လာပြီး အချိန်တို အတွင်း မိမိ ခေါင်းဆောင်မှု ကျဆင်း သွားမှာ ဖြစ်တယ်။ ဒါကြောင့် စိတ်ရင်း စေတနာ မှန်ကန်စွာနဲ့ ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆) ရပ် နဲ့အညီ ပြုမူ ကျင့်ကြံပြီး ကွပ်ကဲ လုပ်ဆောင် ခြင်းဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ဆောင်ရွက် သွားကြရမှာ ဖြစ်တယ်။
တစ်ချိန်ချိန်မှာ အဆင့်ဆင့်သော တာဝန်တွေကို ပုခုံးပြောင်း ထမ်းဆောင် ကြရမယ့် ရဲဘော်တို့ဟာ ကိုယ်ကျင့် တရား အထူး ကောင်းမွန်ဖို့ လိုအပ်တယ်။ ကိုယ်ကျင့် တရား ကောင်းမွန်ရေး အတွက် ရဲဘော် တို့ကို ငယ်စဉ် ကျောင်းနေပညာ သင်ချိန်က စလို့ အမိ စစ်တက္ကသိုလ် အထိ မိဘဆရာ များက ကောင်းစွာ သင်ကြား လေ့ကျင့်ပေး ခဲ့ပြီး ဖြစ်တယ်။ ကိုယ်ကျင့် တရား ကောင်းတဲ့ ခေါင်းဆောင်ဟာ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နဲ့ ညွှန်ကြားချက် တွေကို လေးစား လိုက်နာတယ်။ ဘာသာရေး၊ လူမှုရေး၊ အဆုံးအမ တွေနဲ့အညီ နေထိုင်တယ်၊ မိမိကိုယ်ကို တန်ဖိုးထား သလို သူတစ်ပါး ကိုလည်း အလေးထားတယ်။ ဣနြေ္ဒ သိက္ခာ ရှိရှိ တည်ကြည်စွာ နေထိုင်ပြုမူ တတ်တယ်။ လိုချင် မက်မောတဲ့ လောဘနည်းပြီး ရောင့်ရဲမှု ရှိတယ်။ ဒီလို ကောင်းမွန်တဲ့ ကိုယ်ကျင့် တရားနှင့် အညီ လက်အောက်ငယ်သား တွေကိုလည်း မှန်ကန်စွာ လမ်းပြ ဦးဆောင်တယ်။ ဒါကြောင့် ရဲဘော်တို့ဟာ ဘ၀တစ်လျှောက်မှာ ကိုယ်ကျင့် တရားအထူး ကောင်းမွန်တဲ့ ခေါင်းဆောင် ကောင်းတွေ ဖြစ်အောင် မိမိကိုယ်ကို မိမိ ပြုစု ပျိုးထောင် နေထိုင်သွား ကြဖို့ တိုက်တွန်း မှာကြား လိုတယ်။
ရဲဘော်တို့
စစ်စည်းကမ်းဟာ တပ်မတော်ရဲ့ ကျောရိုး မဏ္ဍိုင် ဖြစ်သလို တပ်မတော်ရဲ့ အသက် ၀ိညာဉ်လည်း ဖြစ်တယ်။ တပ်မတော်သား အားလုံးဟာ တပ်မတော်က ထုတ်ပြန် ထားတဲ့ စည်းကမ်းတွေ၊ အမိန့်တွေ၊ ညွှန်ကြားချက် တွေကို တိကျစွာ လိုက်နာ ကျရမယ်။ စစ်သည် တွေကို ဦးဆောင်မယ့် ခေါင်းဆောင်ငယ်တွေ အနေနဲ့ စည်းကမ်း အရာမှာ ပိုပြီး စံနမူနာပြ ဖြစ်ကြရမယ်။ တို့တပ်မတော်ဟာ တပ်မတော် စည်းကမ်း ဥပဒေတွေ၊ စစ်မြေပြင် စည်းကမ်း တွေနဲ့ နယ်ဘက် ဆိုင်ရာ စည်းကမ်း ဥပဒေတွေကို စံနမူနာပြ လေးစား လိုက်နာကြရမှာ ဖြစ်တယ်။ တပ်မတော်သား အားလုံး လိုက်နာရန် တိုက်တွန်း ထားတဲ့ စစ်သည်တော် ကျင့်ဝတ် (၆၀)ကို ခါးဝတ် ပုဆိုးကဲ့သို့ မြဲမြံစွာ လိုက်နာ သွားကြဖို့ မှာကြား လိုတယ်။
ရဲဘော်တို့ အနေနဲ့ မိမိကွပ်ကဲ အုပ်ချုပ်ရတဲ့ တပ်ဖွဲ့ဝင်တွေ အပေါ် စည်းကမ်း ကောင်းမွန်မှုနဲ့ အမိန့် နာခံ တတ်မှုကို အခြေခံပြီး စိတ်ကောင်း စေတနာ မှန်ကန်စွာဖြင့် အုပ်ချုပ်သွားကြ ရမှာ ဖြစ်တယ်။ ရဲဘော် တို့ဟာ အသက်အရွယ် အားဖြင့် ငယ်ရွယ် ကြသော်လည်း မိမိထက် အသက် အရွယ်နဲ့ အတွေ့ အကြုံပါ ကြီးမား သည့် အကြပ်၊ အကြပ်ကြီး များကို ဦးဆောင်ကြ ရမှာ ဖြစ်တယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ရဲဘော် တို့ဟာ ရင့်ကျက် တည်ငြိမ်နေဖို့ အထူး လိုအပ်တယ်။ ကိုယ်ချင်း စာနာစိတ်၊ မိမိလုပ်ငန်း တာဝန်အပေါ် ဂုဏ်ယူ လိုစိတ်၊ စံနမူနာပြ စည်းကမ်း လိုက်နာမှု၊ လုပ်ငန်း ကျွမ်းကျင်မှု စတဲ့ အရည်အချင်း များဟာ ရင့်ကျက် တည်ငြိမ်စေတဲ့ အခြေခံ အကြောင်းရင်းတွေ ဖြစ်လို့ ရဲဘော်တို့ ကိုယ်တိုင် အလေးထား ဖြည့် ဆည်းပြီး တည်ငြိမ် ရင့်ကျက်အောင် ဆောင်ရွက်ရမယ်။ စစ်သည်တွေကို တာဝန် ပေးအပ်ရာ မှာလည်း သူတို့ ထမ်းဆောင်ရမယ့် တာဝန်တွေကို သဘောပေါက် နားလည်အောင် ရှင်းလင်း ပြသပြီး မျှမျှတတနှင့် တပ်မှူးကောင်းစိတ်၊ ဖခင် စိတ်ဓာတ်ဖြင့် တပ်ကို တည်ငြိမ် ရင့်ကျက်စွာ ဦးဆောင် ကွပ်ကဲ ကြရမှာ ဖြစ် တယ်။
ရဲဘော်တို့
ခေါင်းဆောင်ငယ်တွေ ဖြစ်ကြတဲ့ ရဲဘော်တို့ဟာ လုပ်ချင်ကိုင်ချင် စိတ်နဲ့အတူ ဆန္ဒတွေကို ရှေ့တန်း တင် လွန်းရင် မမှားသင့် တာတွေ မှားတတ်တယ် ဆိုတာကို အထူး သတိပြု ဖို့ လိုတယ်။ ဆန္ဒကို ဦးစား မပေးဘဲ လုပ်သင့် မလုပ်သင့် မှန်ကန်စွာ ဝေဖန်ပိုင်းခြား ကြရမယ်။
လုပ်ကိုင် ဆောင်ရွက်ရာ မှာလည်း အခြေအနေ၊ အချိန်အခါ အရပ်ရပ်ကို သေချာစွာ စဉ်းစား ချင့်ချိန်ပြီးမှ အကောင် အထည်ဖော် ဆောင်ရွက်ရမယ်။ ခေါင်းဆောင် လုပ်သူရဲ့ မူဝါဒ၊ လိုလားချက်ကို အကောင် အထည်ဖော် ဆောင်ရွက်မဲ့ လက်အောက်က သေချာ သိရှိအောင် ဆောင်ရွက်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေ၊ ဖြည့်ဆည်း ပေးရမှာ တွေကို ဖြည့်ဆည်းပေး ခြင်း၊ ဦးဆောင် လမ်းညွန်မှု ပေးခြင်းတို့ဖြင့် ရည်မှန်းချက် တာဝန်တွေကို အောင်မြင်အောင် ဆောင်ရွက်ကြ ရမှာ ဖြစ်တယ်။ တပ်မတော်သား တွေဟာ ၂၄ နာရီ တာဝန် ထမ်းဆောင် ကြသူတွေ ဖြစ်သော်လည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ရသင့် ရထိုက်တဲ့ သက်သာ ချောင်ချိမှုတွေ၊ ခွင့် ခံစားမှုတွေ၊ ကိုယ်ပိုင် အနားယူ ချိန်တွေ၊ အားကစားနဲ့ ပျော်ရွင်ချိန်တွေ မျှတစွာ ရရှိခံစား နိုင်အောင် စီမံ ဆောင်ရွက် ပေးကြရမှာ ဖြစ်တယ်။
ရဲဘော်တို့ အနေနဲ့ စွမ်းရည် သုံးရပ်နှင့် ပြည့်စုံအောင်လည်း ကြိုးစား နေကြရမှာ ဖြစ်တယ်။ စစ်ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည်နဲ့ အုပ်ချုပ်ရေး စွမ်းရည်တို့ဟာ တစ်ခုနှင့် တစ်ခု ဆက်စပ် လျှက်ရှိတယ်။ အုပ်ချုပ်ရေး စွမ်းရည် ကောင်းမွန်တာနှင့် အမျှ စစ်သည် တွေရဲ့ စိတ်ဓါတ် ကောင်းမွန် လာမှာ ဖြစ်ပြီ စစ်ရေး စွမ်းရည် တိုးတက်မှုကို ရရှိစေမှာ ဖြစ်သလို စည်းရုံးရေး စွမ်းရည် ကိုလည်း ကောင်းမွန်စေမှာ ဖြစ်တယ်။ တို့တပ်မတော်ရဲ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာ လုပ်ငန်းတွေကို ကျွမ်းကျင်စွာ သိရှိ နားလည်ပြီး အမိန့်၊ ညွန်ကြားချက် တွေနဲ့ အညီ လုပ်ဆောင်ကြရင် စွမ်းရည် သုံးရပ်လဲ ထက်မြက် လာမှာ ဖြစ်တယ်။
ရဲဘော်တို့ အနေနဲ့ ခေါင်းဆောင်မှု အင်္ဂါရပ် များနှင့်အညီ ပြုမှု နေထိုင်မယ်၊ ကိုယ်ကျင့် တရား ကောင်းမွန် မယ်၊ အမိန့်နှင့် စည်းကမ်းကို စံနမှုနာပြ လိုက်နာမယ်၊ ပေးအပ်တဲ့ တာဝန်ကို စွမ်းရည် ပြည့်ဝစွာနဲ့ အောင်မြင်အောင် ဆောင်ရွက်မယ် တပ်ကို တပ်မှူးကောင်း၊ ဖခင်ကောင်း စိတ်ဓါတ်နဲ့ ကွပ်ကဲ သွားမယ် ဆိုရင် လက်အောက် စစ်သည်များ ကလည်း သူတို့ရဲ့ ယုံကြည် အားကိုးရတဲ့ ခေါင်းဆောင် အဖြစ်၊ အထက်ကလည်း အားထားရတဲ့ ခေါင်းဆောင်ငယ် အဖြစ် အသိ အမှတ်ပြု ခံကြရမှာဖြစ် တဲ့အတွက် စံနမူနာပြ ခေါင်းဆောင် ကောင်းများ ဖြစ်အောင် ကြိုးစား သွားကြဖို့ အလေး အနက်ထား မှာကြား လိုတယ်။
ရဲဘော်တို့
အမိ စစ်တက္ကသိုလ်က ရဲဘော်တို့ကို သင်ကြား လေ့ကျင့်ပေး ရာမှာ သစ္စာ - သူရ - သိပ္ပ ဆိုတဲ့ ဆောင်ပုဒ် နှင့် အညီ နိုင်ငံတော်နဲ့ တပ်မတော် အပေါ်မှာ သစ္စာ လေးချက် ဦးထိပ် ပန်ဆင်ပြီး သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်းဆောင် တတ်အောင်၊ စိတ်ဓာတ်နဲ့ စည်းကမ်း ကောင်းအောင်၊ အမိန့် နာခံမှု ကောင်းအောင်၊ ပူးပေါင်း ဆောင်ရွက်မှု ကောင်းအောင်၊ နိုင်ငံတော် အပေါ် ကျရောက် လာမယ့် ပြည်တွင်းပြည်ပ အန္တရာယ် အသွယ် သွယ်ကို သူရ သတ္တိရှိရှိ တိုက်ခိုက် ချေမှုန်း လုပ်ကိုင် ဆောင်ရွက် တတ်အောင်၊ ခေါင်းဆောင်ကောင်း တစ်ဦး အနေနဲ့ သိအပ်၊ တတ်အပ်တဲ့ စစ်ပညာ၊ ၀ိဇ္ဇာနဲ့ သိပ္ပံ ဆိုင်ရာ အတက် ပညာတွေ တက်မြောက်အောင်၊ ရိုးသား တည်ကြည် ဖြောင့်မတ်သော အကျင့် စာရိတ္တကောင်း (Honour) များနဲ့ ပေးအပ်တဲ့ တာဝန်တွေ ကျေပွန်စွာ ထမ်းဆောင် တတ်အောင် လေ့ကျင့် သင်ကြား လမ်းပြပေးခဲ့ပြီး ဖြစ်တယ်။
ရဲဘော်တို့ကို စာပေပညာမှာ တက္ကသိုလ် ဘွဲ့ရ အဆင့်နဲ့ စစ်ပညာမှာ တပ်စုမှူး အဆင့် အထိ တူညီသည့် အခွင့်အရေးဖြင့် တစ်ပြေးညီ လေ့ကျင့် သင်ကြား ပေးလိုက်ပြီး ဖြစ်တယ်။ ရဲဘော်တို့ရဲ့ ကြိုးစား အားထုတ်မှု၊ သင်ကြားပေး လိုက်တဲ့ ပညာရပ် များကို လက်တွေ့ နယ်ပယ်တွင် ထိထိ ရောက်ရောက် အသုံးချ နိုင်မှု၊ စည်းကမ်းနဲ့ ကိုယ်ကျင့် တရား လေးစားလိုက်နာ စောင့်ထိန်းမှု စတဲ့ အချက်တွေပေါ် မူတည်ပြီး တစ်ဦးနှင့် တစ်ဦး တာဝန် ပေးအပ် ခံရမှု၊ ရာထူး တိုးတက်မှု၊ အောင်မြင်မှု စတဲ့ အကျိုး ရလဒ်တွေ ကွာခြား သွားတာ လက်တွေ့မြင်ရမှာ ဖြစို့ ရဲဘော်တို့ အနေနဲ့ အသိတရားနဲ့ သတိရှိရှိ ကြိုးစား ဆောင်ရွက် နေဖို့ လိုအပ် တယ်။
ရဲဘော်တို့ကို သင်ကြားပေး လိုက်တဲ့ သင်ခန်းစာ တွေဟာ အခြေခံ အဆင့်မျှသာ ဖြစ်တယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာ နည်းပညာတွေ အချိန်နဲ့ အမျှ ပြောင်းလဲ တိုးတက် နေတာ နဲ့အတူ စစ်ဘက်နည်း ပညာတွေ၊ စစ်လက်နက် ပစ္စည်းတွေ ဟာလည်း လိုက်ပါ ပြောင်းလဲ တိုးတက်နေပြီး စစ်နည်းဗျူဟာ တွေပါ ပြောင်းလဲလာတာ တွေ့ကြရမှာ ဖြစ်တယ်။ ဒီကနေ့ ခေတ်မှာ စဉ်ဆက် မပြတ် လေ့လာ သင်ယူမှု မပြုကြရင် ခေတ်နောက်ကျ ကျန်နေခဲ့မှာ ဖြစ်တယ်။ ယခင်က သတင်း နည်းပညာ တိုးတက်မှု မရှိသေး ချိန်မှာ တိုက်စွမ်းအားနဲ့ ပက်သက်ရင် စစ်ကစားမှု၊ ပစ်အား၊ အကာအကွယ်နဲ့ ခေါင်းဆောင်မှု ဆိုတဲ့ အချက် (၄) ချက်နဲ့ တိုင်းတာ သတ်မှတ် ခဲ့ကြပေမယ့် ယနေ့ခေတ်မှာ သတင်း အချက်အလက် ရရှိအသုံးပြု နိုင်မှု ဆိုတဲ့ အချက်ကိုပါ ထည့်သွင်း စဉ်းစား လာကြ ရတယ်။ ဒီလို ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲနေမှု တွေကို သိရှိနိုင်ဖို့ ရဲဘော်တို့ ဘ၀ တစ်လျှောက်လုံးမှာ လေ့လာ သင်ယူမှု တွေကို စဉ်ဆက်မပြတ် လုပ်ဆောင် နေကြရမှာ ဖြစ်ယ်။ သင်ယူမှုတွေ၊ လေ့လာမှု တွေက ရရှိတဲ့ ပညာရပ် တွေကို ကောင်းစွာ ကျွမ်းကျင်ဖို့ အမြဲ လေ့ကျင့် နေကြရမှာ ဖြစ်ပြီး သင်ယူ လေ့လာ လေ့ကျင့်မှုတွေ အတိုင်းလည်း လက်တွေ့ နယ်ပယ်မှာ လိုက်နာ လုပ်ဆောင် အသုံးချ ကြဖို့ မှာကြား လိုတယ်။
ရဲဘော်တို့
ခေါင်းဆောင်ဆိုတာ အထက်က ပေးအပ်လာတဲ့ ရည်မှန်းချက် တာဝန်တွေကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက် ရမယ်။ မိမိ တာဝန်ယူ ကွပ်ကဲရတဲ့ တပ်ဖွဲ့ အောင်မြင်မှု ရဖို့ ရည်မှန်း ချက်တွေ ချမှတ် လုပ်ဆောင်ရမှာ ဖြစ်သလို မိမိ တစ်ဦးချင်းရဲ့ ဘ၀မှာလည်း ရည်မှန်းချက်တွေ ချမှတ်ပြီး ရည်မှန်းချက် ပန်းတိုင် ရောက်အောင် ကြိုးစားသွား ကြရမှာ ဖြစ်တယ်။ မိမိချီတက် နေတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ပြတ်သားစွာ နားလည် သိရှိ ထားခြင်းဖြင့် ဘယ်အရာ တွေကို ဆောင်ရွက် ရမယ်၊ ဘယ်အရာ တွေကို ရှောင်ကြဉ် ရမယ်ဆိုတာ ကောင်းစွာ ခွဲခြား သိမြင် မှာဖြစ်တယ်။ ဒီလို သိမြင်ခြင်း အားဖြင့် ဘ၀ခရီး တစ်လျှောက်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် နိုင်ပြီး အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး မှန်ကန်စွာ ခွဲခြား ဆုံးဖြတ် ဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာမှာ ဖြစ်တယ်။
ရည်မှန်းချက် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ဆိုရင် ခေါင်းဆောင် လုပ်သူဟာ အသိတရား၊ သတိ တရား ရှိရှိနေထိုင် လုပ်ကိုင်တတ်ဖို့ လိုတယ်။ မိမိ ချီတက်နေတဲ့ ရည်မှန်းချက် ပန်းတိုင်၊ ထမ်းဆောင် နေရတဲ့ တာဝန်၊ ရင်ဆိုင် ဖြေရှင်း ရမယ့် ပြဿနာ စတာတွေကို စိစစ် သုံးသပ်ကာ လက်ရှိ ကာလ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေ၊ အနာဂတ်မှာ ဖြစ်လာမယ့် အခြေအနေ တွေကို ကြိုတင် မျှော်မှန်းပြီး အသိတရား ရှိရှိ ဆောင်ရွက်ခြင်းဖြင့် ရည်မှန်းချက် လုပ်ငန်းတိုင်းကို အောင်မြင်မှု တွေနဲ့ အတူ ရောက်ရှိ မှာ ဖြစ်ကြောင်း ပြောကြား လိုတယ်။
ရဲဘော်တို့
တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ နယ်ချဲ့တွေကို တွန်းလှန် ချေမှုန်းဖို့ သူ့ခေတ်အခါနှင့် အညီ ရင်ဘောင်တန်း နိုင်တဲ့ စွမ်းရည်ရှိတဲ့ တပ်မတော် တစ်ရပ် မရှိခဲ့လို့ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရ ဖူးတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာ ထိပါး ဆုံးရှုံးမှု မခံရအောင် ကောင်းစွာ ကာကွယ်နိုင်ဖို့ တပ်မတော် ဟာ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြတ်တဲ့ ခေတ်မီမျိုးချစ် တပ်မတော် ဖြစ်ဖို့ လိုအပ်တယ်။ တပ်မတော် အင်အား တောင့်တင်း ခိုင်မာ ဖို့ကလည်း အရေးကြီး သလို ဒီအင်အား တွေကို စွမ်းရည် ထက်မြက်တဲ့ စစ်သည်တော်တွေ ဖြစ်လာ အောင်လည်း ပြုစု ပျိုးထောင် လေ့ကျင့်နေကြ ရမှာဖြစ်တယ်။ အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက် ခေတ်မီမှု အရည် အချင်းတွေကို မျိုးချစ်စိတ်ဓာတ် ပြည့်ဝမှုနဲ့ ပေါင်းစပ်မှလည်း တိုင်းပြည်အတွက် အားထားရတဲ့ တပ်မတော် တစ်ရပ် ဖြစ်လာမှာ ဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည် မြင့်မားတိုးတက် လာစေဖို့ တပ်မတော်ကို ခေတ်မီတိုးတက် ပြောင်းလဲအောင် ဆောင်ရွက်ရာမှာ Standard Army အဖြစ် ရောက်ရှိအောင် မျှော်မှန်း ဆောင်ရွက်နေချိန် ဖြစ်လို့ ရဲဘော်တို့ အနေနဲ့ လည်း တို့တပ်မတော်ရဲ့ တိုးတက်ပြောင်းလဲ ဆောင်ရွက်နေမှု တွေနဲ့အညီ အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစား ဆောင်ရွက် နေကြဖို့မှာကြားလိုတယ်။
ရဲဘော်တို့
တို့တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန် ဖြစ်တယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ရန်၊ နိုင်ငံတော်ရဲ့ ရေထု၊ မြေထု၊ လေထုကို ကာကွယ်ရန်၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ရန်၊ တိုင်းရင်းသား များ၏ အသက် အိုးအိမ် စည်းစိမ်နှင့် အကျိုးစီးပွားကို ကာကွယ်ရန်နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သွားရမှာ ဖြစ်တယ်။
နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက် ရာမှာ နိုင်ငံတော် တည်ငြိမ် အေးချမ်းဖို့ လိုအပ် တယ်။ ငြိမ်းချမ်းရေးအတွက် တို့တပ်မတော် ကလည်း စိတ်ကောင်း စေတနာ မှန်ကန်စွာ ပါဝင် ဆောင်ရွက် လျက်ရှိ တယ်။ ဥပဒေနှင့် အညီ တည်ငြိမ် အေးချမ်းမှုများ ရရှိအောင် အလေးထား ဆောင်ရွက်လျက်ရှိ တယ်။ တည်ငြိမ် အေးချမ်းမှု လမ်းကြောင်းအပေါ် ရောက်ရှိနေတဲ့ နေရာ မှန်သမျှမှာ တရား ဥပဒေ စိုးမိုးရေး၊ ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေမှာ တပ်မတော်က ကာယအား၊ ဥာဏ အားတွေနဲ့ ၀ိုင်းဝန်း ဆောင်ရွက် ပေးနေတယ်။ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ ကျရောက် လာရင် တို့တပ်မတော်က အမြန်ဆုံး ရောက်ရှိ ကယ်ဆယ် စောင့်ရှောက်မှု ပြုခဲ့တာတွေ၊ ပြည်နယ်တိုင်း ဒေသကြီး အသီးသီးက တိုင်းရင်းသား ပြည်သူများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ပေးလျက် ရှိနေတာတွေကို သက်ဆိုင်ရာ ဒေသခံ ပြည်သူတွေက လှိုက်လှိုက်လဲလဲ အားပေး ထောက်ခံပြီး တို့တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်လာ တာကို တွေ့ရတယ်။ ဒါဟာ တို့တပ်မတော်က အမျိုးသား နိုင်ငံရေးကို အလေးထားဆောင်ရွက် နေခြင်းဖြစ် လို့ ရဲဘော်တို့ အနေနဲ့ မိမိတို့ ရောက်ရှိရာ ဒေသ အသီးသီးမှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်။
ရဲဘော်တို့
ဒီကနေ့ ၂၁ ရာစု ခေတ်ကြီးမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စတာတွေဟာ တစ်ခုစီ တစ်ခုစီ သီးခြား ရပ်တည် မနေတော့ဘဲ တစ်ခုနဲ့ တစ်ခုဟာ အလွန်မှကို ချိတ်ဆက်ယှက်နွှယ် နေကြတယ်။ ကမ္ဘာပေါ်မှာ နေရာဒေသ တစ်ခုရဲ့ စီးပွားရေး ပြောင်း လဲ ဖြစ်ပေါ်မှု တွေကြောင့် ကမ္ဘာ့ အခြားနေရာ တွေမှာ စီးပွားရေး သာမက နိုင်ငံရေး၊ စစ်ရေး အရပါ သက်ရောက်မှုတွေ ဖြစ်ပေါ်လေ့ ရှိတယ်။ အလားတူပဲ အခြား နိုင်ငံ အင်အားကြီး နိုင်ငံအချို့ရဲ့ နိုင်ငံရေး အယူအဆ၊ အခင်းအကျင်း ပြောင်းလဲမှုကြောင့် အခြားနိုင်ငံ တွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတွေ အပေါ် သက်ရောက်မှု တွေလဲ ဖြစ်လာ တတ်တယ်။ ဒါကြောင့် ရဲဘော်တို့ ခေါင်းဆောင် ငယ်တွေ အနေနဲ့ စစ်ရေးဆိုင်ရာ လေ့လာ အာရုံစိုက်မှု သာမက ဆက်နွယ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာ ရေးရာတွေမှာပါ ကျွမ်းဝင်သိရှိ နေအောင် ယခုကတည်းက လေ့လာ သွားကြ ဖို့ မှာကြား လိုတယ်။ ဒါမှသာ အမိ စစ်တက္ကသိုလ်ရဲ့ နောင်တစ်ခေတ်၏ အောင်စစ်သည် ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ နိုင်ငံတော်နဲ့ တပ်မတော် အတွက် အလေးထားရတဲ့ ခေါင်းဆောင်ကောင်းတွေ အဖြစ် ပေါ်ထွန်း လာမှာ ဖြစ်တယ်။
ရဲဘော်တို့
နိဂုံးချူပ် အနေနဲ့  မှာကြား လိုတာကတော့
-တပ်မတော်ရဲ့ အစဉ်အလာ (၁၂)ရပ်ကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက် သွားကြပါ။
-ကိုယ်ကျင့်တရား ကောင်းတဲ့၊ စည်းကမ်းကောင်းတဲ့၊ စွမ်းရည်ထက်မြက်တဲ့ ခေါင်းဆောင်တွေ ဖြစ်အောင် မိမိ ကိုယ်မိမိ တည်ဆောက်သွားကြပါ။
-ခေတ်နဲ့အညီ ရင်ဘောင်တန်း နိုင်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူမှု၊ လေ့ကျင့်မှုနဲ့ လိုက်နာလုပ် ဆောင်မှု များကို ဆက်လက်ဆောင်ရွက် သွားကြပါ။
-စိမ်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား နိုင်သည့် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုး ချစ်တပ်မတော် တည်ဆောက်ရေးတွင် အလေးထားပါဝင် ဆောင်ရွက် သွားကြပါ။
-အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ်ထားပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားကြပါ။
-အမိ စစ်တက္ကသိုလ်၏ ဂုဏ်ကို ဆောင်နိုင်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် နောင်တစ်ခေတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြပါလို့ မှာကြားရင်း နိဂုံးချုပ် လိုက်တယ်။
မြ၀တီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1