Wednesday, January 2, 2013

မြန်မာပြည်အပေါ် တရုတ်စီးပွားရေး လွှမ်းမိုးမှုအနေအထားနှင့် တိုင်းပြည်အနာဂတ်

Ever November | 1/02/2013 12:40:00 PM | Best Blogger Tips

တရုတ်ပြည်ဟာ မြန်မာပြည်ရဲ့အရှေ့ဖက်မှာတည်ရှိပြီး ရှမ်းပြည်၊ ကချင်ပြည်တို့နဲ့နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။လူဦး ရေ သန်းပေါင်း (၁၃၀၀) ခန့်ရှိပြီး မြန်မာပြည်ရဲ့လက်ရှိလူဦးရေကတော့ ၂၀၀၉ နှစ်ကုန်မှာ သန်းပေါင်း (၆၀) နီးပါး လောက်ရှိပြီး ၂၀၁၀ အကုန်မှာတော့ (၆၁) သန်းကျော် ရှိလာတော့မှာလို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ မြန် မာပြည် ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်အပြီး တပ်မတော်က ပြန်ပြီး ထပ်ဆင့်အာဏာသိမ်းချိန်ကစလို့ တရုတ်အစိုးရ ဟာ န၀တ၊ နအဖ စစ်အစိုးရနဲ့ စီးပွားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အကြီးအကျယ် တိုးချဲ့လုပ်ကိုင်လာလိုက် တာ ဒီကနေ့ စစ်အစိုးရတဖြစ်လဲ ဘောင်းဘီချွတ်ကြံ့ဖွံ့အစိုးရ အထိပါပဲ။
သူတို့မဟာဗျူဟာရည်ရွယ်ချက်
ပြည်ပသုတေသီတွေအဆိုအရ မြန်မာပြည်အပေါ်ထားတဲ့ တရုတ်ပြည်ရဲ့ မူဝါဒတွေမှာ ရည်ရွယ်ချက် (၆)ချက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ ..
- တရုတ်ပြည်အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။
- နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရေး။
- တရုတ်ပြည်ရဲ့လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။
- တရုတ်-မြန်မာအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး။
- အိန္ဒိယနိုင်ငံ အင်အားကြီး ခေါင်းထောင်ထလာလာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်ရေး။
- မြန်မာနိုင်ငံနဲ့ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရေး။ စတာတွေ ဖြစ်ပါတယ်။
မရှောင်လွှဲနိုင်တဲ့ ပင်မအကြောင်းရင်းခံတချို့
၂၀၁၁ခုနှစ် စာရင်းအရဆို မြန်မာပြည်မှာ တွက်ချက်အတည်ပြုပြီးထုတ်ယူနိုင်တဲ့ သဘာဝဓါတ်ငွေ့ပမာဏ (၂၈၃.၂) ဘီ လျံ ကုဗမီတာရှိပြီး တရုတ်ပြည်မှာက (၈၀၀) ဘီလျံ ကုဗမီတာ ရှိပါတယ်။ ဒါကြောင့် တရုပ်ပြည်က သဘာဝဓါတ်ငွေ့ သိုက် ပမာဏရဲ့ (၃)ပုံတပုံကျော်လောက် ရှိနေပါတယ်။ ဒီဓါတ်ငွေ့သိုက်တွေဟာ အိန္ဒိယ သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ မြန်မာ့ရေပိုင်နက်ထဲက ဘင်္ဂလားပင်လယ်အော်နဲ့ မုတ္တမပင်လယ်ကွေ့ထဲမှာ တည်ရှိပါတယ်။
တရုတ်ပြည်ဟာ စီးပွားရေးဖွံ့ဖြိုးလာတဲ့အတွက်ကြောင့် လောင်စာစွမ်းအင်တွေ ပိုပြီးလိုအပ်လာပါတယ်။ ပြည်ပက တင် သွင်းနေရတဲ့အပေါ် မှီခိုနေရမှုက ၂၀၀၃ ခုနှစ်မှာ (၃၄%)၊ ၂၀၀၈ ခုနှစ်မှာ (၅၀%) ရှိလာပြီး ၂၀၂၀ ခုနှစ်မှာ (၆၀%) ရှိလာမယ်လို့ ဆိုပါတယ်။ ဒီရေနံတင်သွင်းတာရဲ့ (၈၀%) ဟာ မလက္ကာရေလက်ကြားကတဆင့် ဖြတ်နေရပါတယ်။
အထက်ကဖော်ပြတဲ့ ပထ၀ီနိုင်ငံရေးနဲ့စီးပွားရေးအကြောင်းအချက်တွေက တရုတ်ပြည်ကို ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်မနေလုပ်ဆောင်လာစေဖို့ တွန်းအားပေးခဲ့တာ ဖြစ်ပါ တယ်။
ဒါ့ပြင် စီးပွားရေးတိုးတက်လာနေတဲ့ တရုတ်ပြည်အတွက် မြန်မာပြည်ဟာ ကုန်ချောတပိုင်းထုတ်ကုန်တွေ ထောက်ပံ့တဲ့ အဓိကနေရာနဲ့ ဈေးပေါတဲ့ လုပ်အားနဲ့ကုန်ကြမ်းရေသောက်မြစ်ရရာ ဒေသ ဖြစ်လာနေပါတယ်။ မြန်မာပြည်ကတဆင့် စရိတ်စခနည်းတဲ့ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုကလည်း တရုတ်စီးပွားရေးလုပ်ငန်းတွေအတွက် မုချအကျိုးရှိစေ တာ ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖြောင့်ဖြူးလာတာက တရုတ်ပြည်ရဲ့ ပထ၀ီ နိုင်ငံရေး အကျိုးစီးပွားအတွက် စိတ်ချလက်ချဖြစ်သွားစေတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။
နောက်ပီး ဧရာဝတီမြစ်ကို ယူနန်ပြည်နယ်ရဲ့လျှပ်စစ်စွမ်းအင်ရင်းမြစ်အဖြစ်ရော ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုဖို့ စီစဉ်လာတာတွေ၊ စတာတွေက လည်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွေထဲက မဟာဗျူဟာကျတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ယူနန်က ထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်၊ သီလဝါဆိပ် ကမ်းအထိ ကုန်ကြောင်းရေကြောင်းနဲ့ သယ်ယူပို့ ဆောင်ဖို့စီမံကိန်းကလည်း အစီအစဉ် ရှိထားပါတယ်။ သီလ၀ါဆိပ်ကမ်း စီမံကိန်းမှာ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ ပထ မ ပိုင်းက မြန်မာ-တရုတ်နယ်စပ် ဗန်မော်နားက ကွန်တိန်နာဆိပ်ကမ်းကို ကားလမ်းနဲ့ ဆက်သွယ်တာ၊ ဒုတိယပိုင်းအနေ နဲ့ ကွန်တိန်နာ ဆိပ်ကမ်းဆောက်တာနဲ့ တတိယပိုင်းက ဧရာဝတီမြစ်ရေစီးကြောင်းနက်ဖို့ သောင်တူးဖော်တဲ့အပိုင်းတွေ ဖြစ်ပါတယ်။ တရုတ် ကွန်တိမ်နာပေါင်း နှစ်သန်းလောက် နှစ်စဉ် သယ်ပို့နိုင်မှာဖြစ်ပြီး ဧရာဝတီမြစ်ကို ဖြတ်လမ်းအဖြစ် အသုံးပြုပြီး အိန္ဒိယ-အရှေ့အလယ်ပိုင်းနဲ့ ဥရောပကို တရုတ်ကုန်တွေ ပို့ဖို့ ပင်လယ်ရေလမ်းကြောင်းအနေနဲ့ အသုံးချဖို့ ဖြစ်ပါတယ်။ လောလောဆယ်ဆယ်တော့ ဒီစီမံကိန်းတွေဟာ ဧရာဝတီ မြစ်ဆုံစီမံကိန်းလိုပဲ အကြောင်းကြောင်းတွေ ကြောင့် ရပ်နားထားပါတယ်။
၁၉၉၇ ကစပြီး အနောက် နိုင်ငံအစိုးရတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် တရုတ်ဖွံ့ဖြိုးမှု အကူအညီတွေရရေးဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံခြားအကူအညီတွေမှာ အကြီးဆုံး ရေသောက်မြစ် ဖြစ်လာပါတယ်။
တမိုးလုံးဖျောက်ဆိပ် ဖြစ်နေတဲ့ တရုတ်စီမံကိန်းတွေ
၂၀၀၈ခု နှစ်ကုန်စာရင်းတွေအရဆို မြန်မာ့ရေအားလျှပ်စစ်လုပ်ငန်း၊ ရေနံ-ဓါတ်ငွေ့နဲ့သတ္ထုတူးဖော်ရေးလုပ်ငန်း စတဲ့ စီမံကိန်းလုပ်ငန်းပေါင်း (၉၀) လောက် မှာ တရုတ်နိုင်ငံစုံကော်ပိုရေးရှင်း အနည်ဆုံး (၆၉) ခုလောက် ပါဝင်ပတ်သက်နေ ပါတယ်။ စီမံကိန်းတွေကတော့ ဆည်မြောင်း အငယ်စား ဆောက်လုပ်ခြင်းကအစ ကျောက်ဖြူကနေယူနန်ပြည်နယ်၊ ခွန်း မင်ထိ ရှည်တဲ့ ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးထိ ပါဝင်ပါတယ်။
ကန်ထရိုက်စာချုပ်တွေနဲ့ နားလည်မှုစာချွန်လွှာတွေ
၁၉၉၉ ခုနှစ်အကုန်မှာ မြန်မာစစ်အစိုးရဟာ တရုတ်ပြည်နဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း (၁.၄)ဘီလျံ သန်ပေါင်း (၁၄၀၀) တန်ဖိုးရှိတဲ့ နားလည်မှုစာချွန်လွှာပေါင်း (၅၀၇) ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် အောက်တိုဘာ လ မှာ တရုတ်ကုမ္ပဏီတွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂.၁)ဘီလျံ (သန်းပေါင်း ၂၁၀၀) တန်ဖိုးရှိတဲ့ စီမံကိန်း (၂၉၃) ခု ကန်ထရိုက်စာချုပ် ချုပ်ဆိုလိုက်ပြီး ၂၀၀၄ခု မတ်လမှာ သဘောတူညီချက် (၂၁) ခု လက်မှတ် ရေးထိုးခဲ့ပါ တယ်။ ဒီ သဘောတူညီချက်တွေက အထူးချေးငွေနဲ့ စီးပွားရေးနဲ့နည်းပညာပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ပါတယ်။
၂၀၀၆ စက်တင်ဘာလအထိ မြန်မာပြည်မှာ တရုတ်ပြည်ရဲ့စီမံကိန်းတွေနဲ့ အလုပ်သမား ကန်ထရိုက်စာချုပ်ပေါင်း (၈၂၅) ခု ရှိပါတယ်။
အများဆုံးကတော့ ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၇) ရက်ကနေ ၁၁ ရက်နေ့ထိ ဗိုလ်ချုပ်မှူးကြီးရဲ့ (၅) ရက်ကြာ တရုတ် ပြည် ခရီးစဉ်မှာ အတိုးမဲ့ချေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ (၄.၂) ဘီလျံ ထုတ်ချေးခဲ့ပါတယ်။ သဘောတူညီချက် စာ ချုပ်ကိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့ တရုတ်ပြည်ဖွံ့ဖြိုးရေးဘဏ်ကော်ပိုရေးရှင်း (CDBC) တို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီချေးငွေတွေကို အဓိက ကျောက်ဖြူ-ခွန်းမင် ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေးတို့မှာ အသုံးပြုဖို့ ဖြစ်ပါတယ်။
ကျောက်ဖြူ-ခွန်းမင် ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်း
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ခွန်းမင်မြို့ထိ သွယ်တန်းထားတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက် လိုင်း (၂) ခု ကို ၂၀၁၃ခုနှစ် မတ်လမှာ အပြီးတည်ဆောက်ဖို့ မှန်းထားပြီး ဇွန်လမှာ စတင်သယ်ဆောင်နိုင်မယ်လို့ ခန့် မှန်းထားပါတယ်။ ဒီပိုက်လိုင်းစီမံကိန်းကနေ မြန်မာအစိုးရက နှစ်စဉ် တနှစ်ကို နိုင်ငံခြားငွေ ဒေါ်လာ (၁) ဘီလျံနဲ့ နှစ် ပေါင်း (၃၀) ခံစားရရှိမယ်လို့ သိရပါတယ်။ နောက်ပီး ဒီပိုက်လိုင်းတလျှောက် ကျောက်ဖြူကနေ ယူနန်ပြည်နယ်၊ ရွှေလီ ထိ ကီလိုမီတာ (၈၁၀) ရှည်တဲ့ ရထားလမ်းတခုလည်း တွဲဖက်ဖောက်လုပ်ပါအုန်းမယ်။ ရခိုင်ကမ်းခြေ မဒေးကျွန်းမှာ အ နောက်အာဖရိကနဲ့ အာဖရိက က သယ်လာမယ့် ရေနံတင်သင်္ဘောတွေ ဆိပ်ကပ်မယ့် ရေနက်ဆိပ်ကမ်းနဲ့ ရေနံစိမ်းတွေ သိုလှောင်မယ့် အဆောက်အဦတွေကိုလည်း ဆောက်လုပ်နေပါတယ်။ ဒီရေနံစိမ်းတွေနဲ့ ရွှေဂက်စ်ကထွက်မယ့် သဘာ ၀ဓါတ်ငွေ့တွေကို ဒီပိုက်လိုင်းတွေကတဆင့် တရုပ်ပြည်ကို သယ်ယူကြမှာ ဖြစ်ပါတယ်။ “ပိုက်လိုင်းတလျှောက်ရထား လမ်း တည်ဆောက်ရခြင်း ရည်ရွယ်ချက်မှာ အိန္ဒိယသမုဒ္ဒရာမှာ စိုးမိုးနေတဲ့ အမေရိကန်ရေတပ် အန္တရာယ်ကို ကာကွယ် ဖို့ အရေးပေါ်လိုအပ်လာရင် တရုပ်တပ်အင်အားအလုံးအရင်းကို ရွှေ့ပြောင်းဖို့ ရည်ရွယ်ချက် ဖြစ်တယ်” လို့လည်း စစ် ရေးအကဲခတ်တွေက ဆိုပါတယ်။
ပင်လယ်ဆိပ်ကမ်းတွေနဲ့ အဝေးပြေးလမ်းမ စီမံကိန်းတွေ
တရုတ်နိုင်ငံဟာ ပင်လယ်ဆိပ်ကမ်း၊ ရထားလမ်းတွေနဲ့ အဝေးပြေးလမ်းမတွေ တည်ဆောက်ဖို့ မြန်မာစစ်အစိုးရကို ကူ ညီနေပါတယ်။ လောလောဆယ်ဆယ် ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ကျောက်ဖြူ ပယ်လယ်ရေနက် ဆိပ်ကမ်းတွေ တည် ဆောက်နေပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ မြန်မာပြည်မှာ (၃၀၅) ကီလိုမီတာ ရှည်တဲ့ အဝေးပြေးလမ်းမတခုကို တည် ဆောက်ပေးထားပါတယ်။ မကြာမီ ရှမ်းပြည်မှာ အာရှတိုက်လုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ယက်ရဲ့ နောက်ဆုံး အဆက် အသွယ်ဖြစ်တဲ့ လာရှိုးကို ဆက်သွယ်တဲ့ ၁၀၇ ကီလိုမီတာရှည်တဲ့ ရထားလမ်းတခု တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ တရုတ်ပြည်က နည်းပညာ၊ ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေအကုန်လုံး ကူညီမှာ ဖြစ်ပါတယ်။
စစ်ရေးထောက်ပံ့မှုနဲ့ ရေတပ်ဆိပ်ကမ်းတွေ
တရုတ်နိုင်ငံက မြန်မာစစ်အစိုးရကို (၂) ဘီလျံဖိုး စစ်ပစ္စည်းတွေနဲ့ ဂျက်တိုက်လေယာဉ်တွေ ရောင်းချခဲ့ပါတယ်။ မြန်မာ ရေပိုင်နက်ကကျွန်းပေါ်မှာ ရေတပ်အခြေစိုက်စခန်းတွေ ဆောက်လုပ်ခဲ့ပါတယ်။ မြန်မာပြည်ကို အဓိက လက်နက်တင် ပို့သူလည်း ဖြစ်ပါတယ်။ လက်နက်ပစ္စည်း ၉၀% ထောက်ပံ့ခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ တရုတ်နိုင်ငံဟာ မြန်မာစစ်အစိုးရနဲ့ အမေရိကန် ဒေါ်လာ (၁.၂) ဘီလျံ တန်ဖိုးရှိတဲ့ လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီ လုပ်ငန်းမှာ လက်နက်တွေ၊ စစ်ရေးနည်းပညာတွေနဲ့ လေ့ကျင့်ရေးတွေ အကူအညီပေးဖို့ ပါ ပါတယ်။ ၁၉၉၀ ခုနှစ် အတွင်းမှာ တရုတ်ပြည်ဟာ မြန်မာစစ်အစိုးရကို အလတ်စားတင့်ကား အစီး (၁၀၀)၊ အပေါ့စားတင့်ကား အစီး (၁၀၀)၊ တိုက်လေယာဉ် (၂၆၈) စီး၊ လူစီးသံချပ်ကာယာဉ် အစီး (၂၅၀)၊ စွယ်စုံသုံးဒုံးစနစ်များ၊ ဟောင်၀၀်ဇာအမြောက်တွေ၊ လေ ယာဉ်ပစ်သေနတ်တွေ၊ မြေပြင်ကဝေဟင်ပစ်ဒုံးပျံတွေ၊ စိန်ပြောင်းတွေ၊ ချေမှုန်းရေးရိုင်ဖယ်တွေ၊ ဗုံးလောင်ချာတွေ၊ ထရပ် ကားကြီးတွေ၊ ကင်းလှည့် မော်တော်ဘုတ်တွေ၊ ပဲ့ထိန်းအမြန်ဒုံးယာဉ်တွေ၊ မိုင်းရှင်းကရိယာတွေနဲ့ စက်သေနတ်တင် မော်တော်ဘုတ်တွေ ရောင်းပေးခဲ့ပါတယ်။
၁၉၉၄ ခုနှစ်မှာ မြန်မာစစ်အစိုးရက ဒေါ်လာ သန်း (၄၀၀) တန် နောက်ထပ် လက်နက်ရောင်းချရေးလုပ်ငန်း တခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစာချုပ်အရ ဟယ်လီကော်ပတာတွေ၊ လက်နက်ငယ်တွေ၊ အမြောက်တွေလို ရေတပ်သ င်္ဘောတွေနဲ့ သံချပ်ကာယာဉ်တွေ လက်ခံရရှိခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ စစ်ထရပ်ကား အစီး (၂၀၀) နဲ့ စစ်သင်္ဘော (၅) စီး ပို့ခဲ့တယ်။ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ တရုတ်ပြည်ဟာ ရေတပ်အရာရှိတွေကို လေ့ကျင့်ပေးခဲ့ပြီး မြန်မာပြည် တောင်ပိုင်း ကမ်းခြေတလျှောက်မှာ ရေတပ်ပူးတွဲလေ့ကျင့်ရေးတွေ လုပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ စစ်ထရပ်ကားအစီး (၄၀၀) ရောင်းချခဲ့တယ်။ ကိုကိုးကျွန်း၊ ဟိုင်းကြီးကျွန်း၊ မြိတ်နဲ့ သီလ၀ါဆိပ်ကမ်းကို ဆက်သွယ်ထားတဲ့ တြိဂံပုံ ရေတပ် အခြေစိုက် စခန်း (၄) ခု ကို တည်ဆောက်ခဲ့ပါတယ်။
၁၉၉၀ ခုနှစ် အလယ်ပိုင်းက မြန်မာစစ်အစိုးရဟာ တရုတ်ထောက်လှမ်းရေးလုပ်ငန်းအတွက် ဇာဒက်ကြီးကျွန်းကို အသုံး ပြုခွင့်ပေးခဲ့ပါတယ်။ ဒီကျွန်းဟာ မြန်မာပြည်တောင်ဘက်အစွန်ဆုံး ကော့သောင်းအနီး ၀ိတိုရိယအငူနဲ့ မလှမ်းမကမ်းမှာ တည်ရှိပါတယ်။
ရင်းနှီးမြှုပ်နှံမှု
၁၉၉၇ ခုနှစ်အထိ မြန်မာပြည်မှာ တရုတ်ပြည်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အတော် လေး နည်းပါသေးတယ်။ တရုတ်လူမျိုးတွေရဲ့ မမြင်ရတဲ့ ရင်နှီးမြှုပ်နှံမှုတွေနဲ့ စီးပွာရေးဖက်စပ်လုပ်ငန်းတွေမှာသာ များ ပြားလှပါတယ်။ အများစုက မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ထားတဲ့ ဆွေမျိုးတွေနာမည်နဲ့ လုပ်နေတာ ဖြစ်ပါတယ်။ အဓိ က မြို့ကြီးတွေမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကြီး၊ လုပ်ငန်းငယ် အတော်များများဟာ တရုတ်တွေရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ဖြစ်တယ်လို့ သုတေသီ မောင်အောင်မျိုးက သူ့ရဲ့ ဗမာ့တပ်မတော်တည်ဆောက်ရေး စာအုပ်မှာ ပွင့်ပွင့်လင်းလင်း ထောက်ပြထားပါတယ်။
ကမ္ဘာ့နိုင်ငံကြီးတွေဟာ စွမ်းအင်သုံးစွဲမှု တိုးလာနေလို့ သူတို့စွမ်းအင်ရင်းမြစ်တွေ ဖြည့်တင်းဖို့ မြန်မာနိုင်ငံကို အဓိက ခြေ ဦးလှည့်လာကြပါတယ်။ ဒီအထဲမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ တောင်ကိုရီးယားနှင့်စင်္ကာပူ နိုင်ငံတို့ဟာ ရေအားလျှပ်စစ် လုပ်ငန်း၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း၊ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေမှာ အများဆုံး ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာပါ တယ်။ တရုတ်နိုင်ငံက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ၀င်ရောက်မစွက်ဖက်ရေးမူကို ကိုင်စွဲထားပေမဲ့ လည်း မြန်မာနိုင်ငံအပေါ်ကျင့်သုံးနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမူဝါဒကတော့ အမျိုးသားအကျိုးစီးပွားအပေါ်မှာပဲ အခြေပြု ထားတယ်ဆိုတာ ရှင်းပါတယ်။ မြန်မာပြည်က သဘာဝသယံဇာတ အရင်းအမြစ်တွေရဖို့အတွက် မြန်မာစစ်အစိုးရကို နိုင် ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ငွေကြေး အထောက်အကူတွေ အများကြီးပေးခဲ့ပါတယ်။ မြန်မာ့စွမ်းအင်ကဏ္ဍမှာ အမေရိကန် ဒေါ်လာ ဘီလျံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့တွေလို မဟာဗျူဟာကျတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ် နှံမှုတွေ လုပ်ခဲ့ပါတယ်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် ပထမ (၃)လပါတ်ထိ စာရင်းအရဆို တရုတ်နိုင်ငံဟာ ရေအားလျှပ် စစ်ကဏ္ဍမှာ အမေရိ ကန် ဒေါ်လာ (၅)ဘီလျံ၊ သတ္ထုကဏ္ဍမှာ ဒေါ်လာ ၉၉၇ သန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ (၂.၁၅) ဘီလျံ မြှုပ်နှံ ထားတာကြောင့် လောလောဆယ်မှာ တရုတ် ပြည်ရဲ့ရင်းနှီးမြှုပ်နှံမှုက (၈.၁၇) ဘီလျံ ရှိပါတယ်။ ၁၉၈၈ က စမယ်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စုစုပေါင်းဟာ ဒေါ်လာ (၂၀) ဘီလျံကျော်ရှိပါပြီ။ ဒီအထဲမှာ (၁၂.၃၂) ဘီလျံဟာ တရုတ်ပြည်ကလာပြီး ထိုင်းနိုင်ငံက (၉.၅၆) ဘီလျံနဲ့ ဒုတိယလိုက်ပါတယ်။ အစိုးရစာရင်းဇယားတွေအရ ၂၀၀၇ ခုနှစ် နိုဝင်ဘာလကုန်ထိ စုစုပေါင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန် ဒေါ်လာ (၁၄.၇) ဘီလျံရှိပြီး ထိုင်းနိုင်ငံက ဒေါ်လာသန်းပေါင်း (၇၃၉၁.၈၄၃) နဲ့ ပထမနေရာမှာရှိပြီး တရုတ်ပြည်က ဒေါ်လာ (၄၇၅.၄၄၃)သန်းနဲ့ ဆဋ္ဌမ လိုက်ပါတယ်။ အထူးသဖြင့် တရုတ်ပြည်ဟာ မြန်မာပြည်ကို လွတ်လပ်တဲ့ချေးငွေပုံစံနဲ့ ဘဏ္ဍာရေး အကူအညီ တွေ ပေးတာတွေ၊ နိုင်ငံရေးအရ အားပေးထောက်ခံတာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့တဲ့အပြင် သဘာဝ သယံဇာတ ပစ္စည်း ရှာဖွေရေးဘက်တွေမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံလာခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။
နအဖ ရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလကုန်အထိ နိုင်ငံပေါင်း (၃၁) နိုင်ငံက အမေရိကန် ဒေါ်လာ (၃၂) ဘီလျံ နီးပါးလာရောက် မြှုပ်နှံထားပြီး ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍနဲ့ လျှပ် စစ် စွမ်းအားကဏ္ဍ နှစ်ရပ်မှာ အများဆုံးမြှုပ်နှံထားကြောင်း၊ အဆိုပါကဏ္ဍ နှစ်ခုထဲမှာ မြှုပ်နှံထားတဲ့ပမာဏဟာ မြှုပ်နှံမှု စုစုပေါင်းရဲ့ (၈၀) ရာခိုင်နှုန်းဝန်းကျင်အထိ ရှိနေကြောင်း သိရပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံက ဒေါ်လာသန်းပေါင်း (၉၅၆၈.၀၉၃) သန်းနဲ့ ပထမနေရာက ရှိနေပြီး တရုတ်ပြည်က ဒေါ် လာသန်းပေါင်း (၆၄၁၅ .၀၅၈) သန်း နဲ့ ဒုတိယနေရာ က လိုက်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ စာရင်းအရ မြန်မာပြည်မှာ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းဟာ အမေရိကန် ဒေါ်လာ (၃၅,၅၁၈.၄၄) သန်း ထိရှိလာပြီး အဲဒီမှာ တရုတ်ပြည်က စုစုပေါင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရဲ့ (၂၇.၉၄) ရာခိုင်နှုန်းနဲ့ ပထ မ နေရာရောက်လာပြီး ထိုင်းနိုင်ငံက (၂၆.၉၄) ရာခိုင်နှုန်းနဲ့ ဒုတိယ ဟောင်ကောင်က (၁၆.၆၃) ရာခိုင်နှုန်းနဲ့ တတိယ နေရာကို ရောက်လာပါတယ်။
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက သမတဦးသိန်းစိန် အစိုးရလက်ထက် တရားဝင် ထုတ်ပြန်တဲ့ စာရင်းဇယားအရဆို တရုတ် ပြည်ရဲ့ တိုက်ရိုက်ရင်းနှီးမျြုပ်နှံမှု (FDI) ဟာ အမေရိကန်ဒေါ်လာ (၁၄)ဘီလျံနီးပါး ရှိလာပြီး စုစုပေါင်း နိုင်ငံခြားတိုက် ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ရဲ့ (၃၅) ရာခိုင်နှုန်း ရှိလာပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုထက် အတော်ကျော် တက်သွားပြီး ပထမ နေရာမှာပဲ ဆက်လက်ဗိုလ်စွဲနေပါတယ်။
တရုတ်အစိုးရရဲ့တရားဝင်ထုတ်ပြန်တဲ့သတင်းတွေ အရဆို ၂၀၁၁ ခုနှစ် အကုန်မှာ တရုတ်ပြည်ရဲ့ရင်းနှီးမြှုပ်နှံမှု စုစု ပေါင်းဟာ (၂၀.၂၆) ဘီလျံထိ ရှိလာပြီး ဗမာပြည်မှာ အဓိက ရင်းနှီးမြှုပ်နှံသူနေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ တရုတ်အစိုးရဟာ တစတစနဲ့ မြန်မာပြည်မှာ ဖွံ့ဖြိုးရေးအကူအညီတွေ၊ စစ်ရေးအကူအညီတွေနဲ့ ကုန်သွယ်ရေး လုပ်ငန်း တွေ၊ စီးပွားရေးမြှုပ်နှံမှုတွေ တစတစ တိုးချဲ့လာနေပြီး မြန်မာ့စီးပွားရေးနဲ့ နိုင်ငံရေး ပင်မအသက်သွေးကြောနေရာတွေ မှာ လွှမ်းမိုးမှုရဖို့ တဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လာနေပါတယ်။
ဒီဖြစ်စဉ်တွေကို နှစ် ၂၀ ကျော် ကာလအကြာ ပြန်လှန်သုံးသပ်ကြည့်မယ်ဆိုရင်
တရုတ်ပြည်ဟာ မြန်မာပြည်နဲ့ စီးပွားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတာ ဆယ်စုနှစ် နှစ်ခုကျော် ရှိလာပါ ပြီ။ တရုတ်ပြည်ကရတဲ့ ဒေါ်လာသန်းနဲ့ချီတဲ့ အကူအညီတွေ၊ ချေးငွေတွေ၊ ဒေါ်လာဘီလျံနဲ့ချီတဲ့ ကုန်သွယ်မှုတွေ၊ လက် နက်တွေနဲ့ စစ်ရေးနည်းပညာထောက်ပံ့မှုတွေကြောင့် ကမ္ဘာ့အလယ်မှာ အထီးကျန်နေတဲ့ စစ်အာဏာရှင်အစိုးရဟာ ဆက်လက် တည်မြဲခဲ့ပြီး တောင့်တင်းကြံ့ခိုင်လာတယ်။ ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
မြန်မာပြည်ဟာ ဒေသတွင်းက အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယကြားမှာရှိနေတာက ပထ၀ီအနေအထားအရ မဟာဗျူဟာအချက်အချာကျပြီး အလွန်အရေးပါတဲ့ ကုန်းမြေတံတားကြီး အနေအထားမှာ ရှိနေပါတယ်။ ဆင်မြူရယ်ဟန် တင်တန်ရဲ့အမြင်အရဆို ဟိန္ဒူဝါဒ၊ ဗုဒ္ဓ၀ါဒနဲ့ ကွန်ဖြူးရှပ်အယူအဆတွေလွှမ်းမိုးတဲ့ ယဉ်ကျေးမှုပြတ်ရွေ့ကြောကြီးပေါ်မှာ ခွ ထိုင်ထားတဲ့ တိုင်းပြည် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပထ၀ီအနေအထားအရ အင်မတန်အန္တရာယ်ရှိတယ်ဆိုတဲ့ သ ဘောပါ။ စစ်အေးခေတ်တလျှောက်လုံးမှာ ၁၉၆၂ ခုနှစ်ကစတဲ့ ဗိုလ်နေ၀င်းကြီးစိုးတဲ့ စစ်အစိုးရအပါအ၀င် လွတ်လပ်ရေး အစိုးရ အဆက်ဆက်က ဘက်မလိုက်ကြားနေတဲ့ နိုင်ငံခြားရေးဝါဒကို တသမတ်တည်း ဆွဲကိုင်ကျင့်သုံးခဲ့ကြတာ ဖြစ် တယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် ပြည်သူလူထုရဲ့ အထွေထွေ ဒီမိုကရေစီအရေးတော်ပုံကြီးအပြီးမှာ အာဏာထပ်သိမ်းလိုက် တဲ့ ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ တက်လာကတည်းက ဘက်မလိုက် ဆက်ဆံရေးမူဝါဒကို စွန့် ပစ်ပြီး တရုတ်အစိုးရနဲ့ပဲ တဖက်သတ် ဆက်ဆံလာရတဲ့ အခြေအနေဟာ ဒီကနေ့ ဦးသိန်းစိန်ရဲ့ ဘောင်းဘီချွတ် ဗိုလ် ချုပ်များရဲ့ အစိုးရလက်ထက် အထိပါပဲ။
ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကလည်း ဆိုဗီယက် ယူနီယံပြိုကွဲအပြီး အမေရိကန်ပြည်ထောင်စုက တကိုယ်တော်စူပါ ပါဝါ ဖြစ်လာတဲ့ ကမ္ဘာ့အင်အားချိန်ခွင်လျှာ အပြောင်းအလဲတွေနဲ့ တိုက်ဆိုင်နေပါတယ်။ ဒါ့ပြင် ကုလသမဂ္ဂရဲ့ အစီအစဉ် တွေကလည်း အမေရိကန်အကျိုးစီးပွားတွေ၊ တန်ဘိုးတွေနဲ့ တဆက်တစပ်တည်းဖြစ်လာနေတဲ့ အချိန်ကာလတွေလည်း ဖြစ်နေတဲ့ အချိန်၊ တရုတ်အစိုးရကလည်း အရင်ကိုင်ဆွဲထားတဲ့ ကွန်မြူနစ်ပါတီချင်း ဆက်ဆံရေးမူဝါဒကို စွန့်လွှတ်ပြီး အစိုးရချင်း ဆက်ဆံရေး မူဝါဒကိုပြောင်းပြီး အာဏာရစစ်အစိုးရနဲ့ပဲ ပြောင်းလဲဆက်ဆံလာတဲ့ အချိန်ကာလတွေ ဖြစ်ပါ တယ်။
ဒီလိုအခြေအနေတွေအောက်မှာ နေပြည်တော်နဲ့ ပီကင်းဆက်ဆံရေးအနေအထားတွေကြောင့် ဒေသတွင်းကတချို့နိုင်ငံ တွေ အထူးသဖြင့် အိန္ဒိယနိုင်ငံအနေနဲ့ သူ့ရဲ့အရှေ့ဖက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို အလေးထားတဲ့ အရှေ့ကြည့် (Look East) ဆိုတဲ့ မဟာဗျူဟာ မူဝါဒအပြောင်းအလဲတွေကို ချမှတ်လုပ်ဆောင်လာရတဲ့ အခင်းအကျင်းအနေအထားတွေ ရောက်လာပါတယ်။
သေချာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခံကတုတ်လုပ်ပြီး ကာလုံကြိုးကိုင်ထားတဲ့ စစ်အုပ်စုအစိုးရက တော့ သူတို့ ရှင်သန်ဖို့အတွက်ဆို ဘယ်လိုနိုင်ငံတကာ ဖိအားမျိုးကိုမဆို ရင်ဆိုင်ဖို့ ဘာမဆို လုပ်မှာပဲ ဖြစ်ပါတယ်။ ဒါ့ ကြောင့်လည်း ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စစ်အစိုးရရဲ့ ခေတ်အဆက်ဆက်ပေါ်လစီတွေအောက်မှာ တ ရုတ်စီးပွား ရေးလုပ်ငန်းတွေ နေရာတကာမှာ တမိုးလုံဖျောက်ဆိပ်ဖြစ်လာခဲ့ရတာပါ။ တရုတ်အစိုးရကလည်း ဒေသတွင်း မဟာဗျူဟာ အခင်းအကျင်းလိုအပ်ချက်အရ မြန်မာပြည်အပေါ် နည်းမျိုးစုံနဲ့ သြဇာလွှမ်းမိုးထားနိုင်ဖို့ ကြိုးပမ်းနေမှာ ဖြစ် သလို ကမ္ဘာ့အလည်မှာ အထီးကျန်ဖြစ်နေတဲ့ ကာလုံစစ်အုပ်စုဖက်ကလည်း သူတို့ အာဏာဆက်လက်တည်မြဲဖို့အတွက် မိတ်ဖက်ရှာရင်း အားယူရင်းနဲ့ တရုတ်အစိုးရအပေါ် တစတစ မှီခိုရတဲ့ကိန်း ဆိုက်ခဲ့တာပါပဲ။ ဒီအခြေအနေတွေအောက် မှာ ပြည်သူတွေကို အပေါ်ယံဟန်ပြ ဒီမိုကရေစီပေးသယောင် လှည့်စားနေပြီး အမည်ခံ အရပ်သားအစိုးရ တဖြစ်လဲ စစ် အုပ်စုကြီးစိုးတဲ့ စစ်အာဏာရှင်စနစ်သာ ဆက်လက် သက်ဆိုးရှည်နေမယ်ဆိုရင်တော့ မြန်မာပြည်ဟာ တရုတ်ပြည်အ ပေါ် မှီခိုနေရတဲ့ တရုတ်ပြည်ရဲ့သြဇာခံနိုင်ငံအဆင့် ကျရောက်မယ့် အလားအလာတွေ တစတစ များလာနေပါတော့ တယ်။
တနည်းပြောရရင် မြန်မာပြည်ဟာ စစ်တပ်ကျောထောက်နောက်ခံ ဦးသိန်းစိန်အစိုးရတဖြစ်လဲ စစ်အာဏာရှင်ကြီးတွေ ကြီးစိုးနေမှုကို မဖယ်ရှားနိုင်ဘဲ အပေါ်ယံ ဒီမိုကရေစီ ဗန်းပြနေတာတွေပဲ သက်ဆိုးရှည်နေခဲ့ရင်တော့ ၁၉ ရာစုခေတ်က ဗြိတိသျှ ကိုလိုနီဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားပြည်နယ်ရဲ့နယ်တနယ် ဖြစ်ခဲ့ရတဲ့ တိုင်းပြည်ဟာ ၂၁ ရာစုခေတ်မှာတော့ တရုတ်နိုင်ငံရဲ့ ဒေသတွင်းမဟာဗျူဟာရည်မှန်းချက် စီမံကိန်းထဲက နယ်ရုပ်ကလေးတရုပ်အဆင့်သာ ဖြစ်လာပြီး ရေ ရှည်မှာတော့ ကိုယ်ပိုင်အမျိုးသားလက္ခဏာ (National Identity) တစတစ ပျောက်ကွယ်လာမယ့် အန္တရာယ်ကို မလွဲမ သွေ ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။
မောင်တင့်တယ်
၁၇ ဒီဇင်ဘာ ၂၀၁၂
ကိုးကား …
၁။ ASEAN-India Connectivity: A Myanmar Perspective
၂။ ERI Website
၃။ DISCUSSION PAPER No. 66: Myanmar’s Economic Relations with China: Can China Support
the Myanmar Economy? Toshihiro KUDO* July 2006
၎။ Burma’s Economy 2010: A Fresh Look at Some Elemental Issues , September 2010, By Sean TURNELL
၅။ Economic and Military Cooperation between China and Burma By Nyi Nyi Lwin
၆။ Internet News
၇။ BURMA’S CHINA CONNECTION AND THE INDIAN OCEAN REGION By Andrew Selth: September 2003
၈။ ပြည်တွင်းထုတ် ဂျာနယ်များ၊ မဂ္ဂဇင်းများ 

naytthit.net

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1