Tuesday, January 22, 2013

တင်ဒါခေါ်ယူ ရွေးချယ်မည့် သီးခြားအော်ပရေတာ ကုမ္ပဏီနှစ်ခု ၂၀၁၆ အထိ မိုဘိုင်းဖုန်းလိုင်း ၇ ဒသမ ၅ သန်းစီ တိုးချဲ့တပ်ဆင်ခွင့်ရမည်

Ever November | 1/22/2013 10:07:00 AM | Best Blogger Tips

ဆက်သွယ်ရေး ၀န်ဆောင်မှုကို ကုမ္ပဏီလေးခုက ယှဉ်ပြိုင်ဆောင်ရွက်တော့မည်ဖြစ်ရာ လက်ရှိတင်ဒါခေါ်ယူ ရွေးချယ်တော့မည့် သီးခြားအော်ပရေတာ ကုမ္ပဏီနှစ်ခုအနေဖြင့် ၂၀၁၅-၂၀၁၆ အထိ မိုဘိုင်း တယ်လီဖုန်းလိုင်းအင်အား ၇ ဒသမ ၅သန်းစီ တိုးချဲ့တပ်ဆင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ ကုမ္ပဏီများဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲမှုကြောင့် နှစ်အလိုက် ဖြစ်ပေါ်လာမည့် တယ်လီဖုန်းသိပ်သည်းဆနှင့် တိုးချဲ့တပ်ဆင်မည့် မိုဘိုင်းဖုန်းလိုင်းအင်အား ဖော်ပြချက်အရ သိရှိရခြင်းဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းမည့် Myanmar Public Telecom ကုမ္ပဏီအနေဖြင့် မိုဘိုင်းတယ်လီဖုန်းလိုင်းအင်အား ၂၀၁၃-၂၀၁၄ တွင် (၄) သန်း၊ ၂၀၁၄-၂၀၁၅ တွင် (၅) သန်းနှင့် ၂၀၁၅-၂၀၁၆ တွင် (၅) သန်း၊ စုစုပေါင်း (၁၄) သန်း တိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။ ရတနာပုံ တယ်လီကွန်းကုမ္ပဏီအနေဖြင့် မိုဘိုင်းတယ်လီဖုန်းလိုင်းအင်အား ၂၀၁၃-၂၀၁၄ တွင် (၄) သန်း၊ ၂၀၁၄-၂၀၁၅ တွင် (၃) သန်းနှင့် ၂၀၁၅-၂၀၁၆ တွင် (၃ ဒသမ ၅) သန်း၊ စုစုပေါင်း (၁၀ ဒသမ ၅) သန်း တိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်း တင်ဒါခေါ်ယူ ရွေးချယ်မည့် သီးခြားအော်ပရေတာ ကုမ္ပဏီနှစ်ခုအနေဖြင့် မိုဘိုင်းတယ်လီဖုန်းလိုင်းအင်အား ၂၀၁၃-၂၀၁၄ တွင် (၁) သန်းစီ၊ ၂၀၁၄-၂၀၁၅ တွင် (၃) သန်းစီနှင့် ၂၀၁၅-၂၀၁၆ တွင် (၃ ဒသမ ၅) သန်း၊ စုစုပေါင်း (၇ ဒသမ ၅) သန်းစီ တိုးချဲ့တပ်ဆင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ “ကုမ္ပဏီလေးခု ဖုန်းတွေကို အပြိုင်ရောင်းမယ်ဆိုတော့ အခု ကွန်ပျူတာအရောင်းဆိုင်တွေလိုမျိုး ၀န်ဆောင်မှုကောင်းကောင်းနဲ့ ရောင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အော်ပရေတာတွေအနေနဲ့ ရောင်းပေးလိုက်တဲ့ ဖုန်းအရေအတွက်ကို အကောင်းဆုံးဖြစ်အောင် ၀န်ဆောင်မှုပေးနိုင်မယ်လို့လည်း မျှော်လင့်တယ်။ ဖုန်းကတ်ကိုတော့ လူတိုင်းလက်လှမ်းမီနိုင်တဲ့ ဈေးနှုန်း ဖြစ်သင့်ပါတယ်။ များများဆက်လေ အော်ပရေတာလည်း များများရပုံစံမျိုး ကောင်းပါတယ်” ဟု လားရှိုး MST ကွန်ပျူတာမှ ကိုစိုင်းခမ်းထွန်းဦးကပြောသည်။ တိုးချဲ့တပ်ဆင်မည့် မိုဘိုင်းတယ်လီဖုန်းလိုင်းအင်အား စုစုပေါင်းမှာ ၂၀၁၃-၂၀၁၄ တွင် (၁၀) သန်း၊၂၀၁၄-၂၀၁၅ တွင် (၁၄) သန်း၊၂၀၁၅-၂၀၁၆ တွင် (၁၅ ဒသမ ၅)သန်း၊ စုစုပေါင်း (၃၉ ဒသမ ၅) သန်းဖြစ်သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် မူဝါဒများချမှတ်ခြင်း၊ ဥပဒေများပြဋ္ဌာန်းခြင်း ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတိုးချဲ့တပ်ဆင်မည့် တယ်လီဖုန်းလိုင်းအင်အားနှင့် လိုင်းအင်အား ရရှိရေးအတွက် မူဝါဒချမှတ်ခြင်းနှင့် ကဏ္ဍတစ်ခုလုံး၏ တိုးတက်ရေးကိုသာ ဥပဒေနှင့်အညီ ၀န်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၀န်ကြီးဌာနသည် သတ်မှတ်တယ်လီဖုန်း သိပ်သည်းဆနှင့် လိုင်းအင်အားရရှိအောင် တိုက်ရိုက်ဆက်ဆံ ဆက်သွယ်အမိန့်ပေးမှုများကို ဆောင်ရွက်တော့မည်မဟုတ်ဘဲ Operation Body များအနေဖြင့် Regulatory Body ၏ကြီးကြပ်မှုဖြင့်သာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိ ဈေးကွက်ထဲမှာ တစ်သိန်းကျော် ပတ်ဝန်းကျင်နဲ့ ရောင်းချတာမျိုးရှိတယ်။ ၀ယ်တဲ့သူကလည်း ပုံမှန်ဝယ်နေတာပါပဲ။ တော်တော်များများကတော့ တန်ဖိုးနည်းတွေကို စောင့်နေတယ်။ အမြန်ထွက်လေ ကောင်းလေပါပဲ” ဟု Mobile Bank မှ ဦးတင်မောင်လတ်က တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများ ထွက်ရှိတော့မည့် အခြေအနေကို သုံးသပ်ပြောကြားသည်။

ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1