Wednesday, January 2, 2013

ဈေးနှုန်းလျှော့ချလိုက်သည့် မိုဘိုင်းဖုန်းလိုင်း ၁.၄ သန်းကို မြို့ကြီး ၅ မြို့၌ရောင်းချမည်

Ever November | 1/02/2013 12:51:00 PM | Best Blogger Tips

၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ဈေးနှုန်းအသစ်ဖြင့် ထွက်ရှိလာမည့် မိုဘိုင်းဖုန်းလိုင်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်ကပြောသည်။

လက်ရှိကာလ၌ မိုဘိုင်းဖုန်းလိုင်းများကို ဈေးနှုန်း ၁ သိန်းကျပ်ဖြင့် ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ထွက်ရှိလာမည်ဟု နီးစပ်ရာအသိုင်းအ၀ိုင်းများမှ သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း အဆိုပါသတင်းသည် တိကျမှန်ကန်မှုမရှိသေးကြောင်း၊ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဇန်န၀ါရီလအတွင်း အမြန်ဆုံး ချထားပေးနိုင်ရန် စက်ပစ္စည်းများကို တပ်ဆင်နေပြီး ဈေးနှုန်းအသစ်ကိုမူ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးကြောင်း ဒုတိယအင်ဂျင်နီယာချုပ်ကဆိုသည်။ ၂၀၁၃ - ၂၀၁၄ ခုနှစ် စီမံကိန်း၏ ပထမအဆင့်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 3G မိုဘိုင်းဖုန်းလိုင်း ၁.၄ သန်းကို လက်ရှိသတ်မှတ်ဈေးထက် လျှော့ချ၍ ရောင်းချပေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ “စတင်ရောင်းတဲ့အခါ မြို့ကြီး ၅ မြို့ကိုပဲ ရောင်းချသွားမှာပါ။ ကျန်တဲ့မြို့တွေအတွက်က လုံလောက်မှုရှိနေတဲ့ အနေအထားဖြစ်နေတယ်” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၂ ခုနှစ်အတွင်း မိုဘိုင်း ဖုန်းလိုင်း ၄ သန်းကို ချထားပေးနိုင်မည်ဟု ခန့်မှန်ထားရှိခဲ့သော်လည်း ၀ယ်လိုအားအနေဖြင့် ၂.၅ သန်းကျော်ကိုသာ ရရှိခဲ့ကြောင်း၊ အဆိုပါကဲ့သို့ ၀ယ်လိုအားပြည့်မီသည်အထိ ရောင်းချနိုင်ခဲ့ခြင်း မရှိခဲ့သည်မှာ မိုဘိုင်းဖုန်းလိုင်း၏ သတ်မှတ်ဈေးနှုန်းကြောင့်သာဖြစ်ကြောင်း မိုဘိုင်းဟန်းဆက် ရောင်းချသည့် စီးပွားရေးသမားများက သုံးသပ်ကြသည်။ “လူတွေကတော့ ၈ သောင်းနဲ့ ရောင်းမယ်လို့ ပြောနေကြတယ်။ ဖြစ်သင့်တာကတော့ ၃ သောင်းကနေ ၅ သောင်းကြား ဖြစ်သင့်တယ်လို့ ထင်တာပဲ။ ဒါဆိုရင် လူတိုင်းကိုင်နိုင်ကြမယ်။ အခုရောင်းချနေတဲ့ ဈေးနှုန်းက အခြေခံလစာတွေနဲ့တွက်ရင် အရမ်းများနေတယ်။ လူ အများစုအတွက်ဆိုရင် ဖုန်းလိုင်းဈေးနှုန်းက အခြေခံလစာနှုန်းထားထက် အများကြီးနည်းနေဖို့လိုတယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မရည်မွန်က မိုဘိုင်းဖုန်းလိုင်း ဈေးနှုန်းနှင့်ပတ်သက်၍ သူမ၏အမြင်ကို ပြောသည်။

ရေးသားသူ -မြင့်ကျော်လှိုင်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1