Sunday, January 13, 2013

BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချမည့် စီမံကိန်းကို MIC မှ ထိုင်းကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ချထားပေး

Ever November | 1/13/2013 03:52:00 PM | Best Blogger Tips

အများပြည်သူသို့ မည်သည့်ဈေးဖြင့် ရောင်းချမည်၊ မည်သည့် ပုံစံဖြင့် ရောင်းချမည်ဆိုသည်ကို ထင်သာမြင်သာရှိစွာ ထုတ်ပြန်ခြင်း မပြုရသေးသော်လည်း BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချမည့် စီမံကိန်း အား ထိုင်းကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ပြုခဲ့သည်ဟု သတင်းရရှိ ပါသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ၁/၂၀၁၃ အကြိမ်မြောက် အစည်းအဝေးတွင် Toyo-Thai Corporation Public Co.,Ltd အား လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။

အချက်အလက် အသေးစိတ်မှာ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအား BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအတွက် Toyo-Thai Corporation Public Co.,Ltd အား ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေးရုံအနီးတွင် တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အလုံမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချ မှာ ဖြစ်တယ်။ မဟာဓာတ်အားလိုင်းထဲကို ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားတွေကိုထည့်မယ့် စီမံကိန်းပါ။ MIC အနေနဲ့ကတော့ မူအားဖြင့် သဘောတူခွင့်ပြုလိုက်ပါပြီ" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၁၉ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁ ရုံ (တနင်္သာရီတိုင်းမှ အသစ်ဆောက်လုပ်ထားမှု မပါ)၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံ ၁၀ ရုံ စုစုပေါင်းစက်ရုံ ၃၀ ရှိပြီး စုစုပေါင်းစက်တပ်ဆင်အားမှာ ၃၄၉၄ ဒသမ ၉ မဂ္ဂါဝပ် ဖြစ်သည်။

၃၄၉၄ ဒသမ ၉ မဂ္ဂါဝပ်မှာ စက်တပ်ဆင်အားသာဖြစ်ပြီး အမှန်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သည့် ပမာဏမှာ မဂ္ဂါဝပ် ၁၆၀၀ ၀န်းကျင်သာရှိပြီး ဓာတ်အားလိုအပ်ချက်များစွာ ထပ်မံလိုအပ်နေသည်။

"လျှပ်စစ်ဓာတ်အားလိုအပ်ချက်အရ စီမံကိန်းတွေကတော့ လုပ်ရမှာပဲ။ သေချာတယ်။ ဒါပေမယ့် အများပြည်သူကို ထင်သာမြင်သာရှိအောင် ချပြသင့်တယ်လို့ ထင်တယ်။ တစ်ယူနစ်ကို ဘယ်လောက်နဲ့ အစိုးရ မဟာဓာတ်အားလိုင်းထဲကို ထည့်မလဲ ဒါသိဖို့လိုတယ်"ဟု ထိုင်းနိုင်ငံရှိ Ratchaburi Power Plant အား သွားရောက်လေ့လာခဲ့သူ လျှပ်စစ်ကျွမ်းကျင်သူတစ်ဦးက ပြောပြခဲ့သည်။

"ပုဂ္ဂလိကကို ပေးမယ်ဆိုရင် အရင်ဆုံး အမျိုးသားစွမ်းအင်မူဝါဒ ချမှတ်ရေးအဖွဲ့ ဖွဲ့သင့်တယ်။ ဖွဲ့ပြီးရင် ပုဂ္ဂလိကဓာတ်အားထုတ်လုပ်သူများ ဥပဒေ (IPP- Independent Power Producer Law) ကို ရေးဆွဲသင့်တယ်။ ပြီးရင် နိုင်ငံတကာပညာရှင်များ ငှားရမ်းကာ ဓာတ်အားစနစ်ဆိုင်ရာ စံချိန်စံညွှန်းတွေ ရေးရမယ်။ ဒီစံချိန်စံညွှန်းနဲ့ သွားသင့်တယ်။ အခု စီမံကိန်းက နိုင်ငံ အတွက်ကောင်းတဲ့ဘက်က ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် အများပြည်သူကိုတော့ ချပြသင့်တယ်။ လျှပ်စစ်ဝန်ကြီးဌာနက ပြောတယ်။ သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ထုတ်ပြီး ပြည်သူကိုဖြန့်ဖြူးပေးတာ ရှုံးတယ်တဲ့။ တစ်ယူနစ်ထုတ်လုပ်တဲ့ ကုန်ကျစရိတ်က ၁၂၁ ကျပ်တဲ့။ ဒီတော့ ထိုင်းနိုင်ငံက လာပြီးထုတ်မယ့်သူက တစ်ယူနစ်ကို ဘယ်လောက်ယူမှ ရမလဲ တွက်ကြည့်ပေါ့။ ၀န်ကြီးဌာနနဲ့ ထိုင်းကုမ္ပဏီကြားမှာ မဟာဓာတ်အားလိုင်းထဲကို ဘယ်နှုန်းနဲ့ ၀န်ကြီးဌာနကို ရောင်းမလဲ၊ သဘာဝဓာတ်ငွေ့ကို ဘယ်လိုယူမလဲဆိုတာမျိုးကိုတော့ ထုတ်ပြန်သင့်တယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ သဘာဝဓာတ်ငွေ့ဝယ်တဲ့ ကုမ္ပဏီဆီကနေတစ်ဆင့် ၀ယ်၊ ဓာတ်အားထုတ်လုပ်ပြီးတော့ ဓာတ်အားဖြန့်ချိတဲ့သူကိုရောင်း၊ ဖြန့်ချိတဲ့သူကနေ အများပြည်သူ ကို ပြန်ရောင်းတယ်။ လေးဆင့်လောက် သွားတာတောင် တစ်ယူနစ်ကို ပျမ်းမျှ ၇၈ ကျပ်ပဲ ကျတယ်" ဟု ထိုင်းနိုင်ငံရှိ Ratchaburi Power Plant အား သွားရောက်လေ့လာခဲ့သူ လျှပ်စစ်ကျွမ်းကျင်သူ တစ်ဦး က ပြောပြခဲ့ပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1