Saturday, February 2, 2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နှင့် တောင်ကိုးရီယား ခရီးစဉ်များမှ ပြန်လည်ရောက်ရှိ

Ever November | 2/02/2013 03:09:00 PM | Best Blogger Tips

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်
ငံသို့ ၈ ရက်ကြာခရီး သွားရောက်ခဲ့ရာ ဖေဖော်ဝါရီလ ၁ရက်ည၁၀နာရီ၃၅မိနစ်တွင် တောင်ကိုရီးယားနိုင်ငံမှ Korean Air KE 471 လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်း သတင်းရရှိသည်။

အဆိုပါ ခရီးစဉ်များကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၄ ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်သို့ ဦးစွာ သွားရောက်ခဲ့ကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီတွင် ၃ ရက်ကြာ နေထိုင်ခဲ့ကာ ဟာဝိုင်ယီပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဟာဝိုင်ယီ အထက်တန်း ကျောင်းသားများနှင့်အား မိန့်ခွန်းပြောကြားခြင်း၊ မြန်မာ မိသားစုများနှင့် သီးခြားတွေ့ဆုံခြင်း၊ ဟိုနိုလူလူမြို့၌ပင် ပြုလုပ်သော ရိုထရီငြိမ်းချမ်းရေး ဆွေးနွေးပွဲ (Rotary Peace Forum) သို့တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ခြင်းအပြင် ဟာဝိုင်ယီ ငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကိုလည်း လက်ခံရယူခဲ့ကြောင်း သိရသည်။
နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၈ တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိကာ ကိုရီးယားသမ္မတ လီမြောင်ဘတ်၊ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြောက် ခံထားရသော မစ္စပတ်ဂွန်းဟေးတို့နှင့် သီခြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံ ကျင်းပပြုလုပ်သည့် ဖျောင်ချန်း အထူးအိုလံပစ်ပွဲတွင် အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်း ပြောကြားခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး ထိပ်သီးညီလာခံသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း၊ ကွမ်ကျူးမြို့ရှိ ဒီမိုကရေစီ လှုပ်ရှားမှုများတွင် ကျဆုံးသွား သူများအတွက် အမှတ်တရ တည်ဆောက်ထားသော အာဇာနည်ဗိမာန်သို့ သွားရောက် ဂုဏ်ပြုခြင်းနှင့် မေ ၁၈ အမှတ်တရ ဖောင်ဒေးရှင်း ညီလာခံသို့ တက်ရောက်ကာ ကွမ်ကျူး လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့ပြီး ဂုဏ်ထူးဆောင် ကွမ်ကျူးမြို့တော်သူ ဆုကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆိုးလ်အမျိုးသား တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ မိန့်ခွန်းပြောကြားခဲ့ကာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုလည်း လက်ခံရယူခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းရုပ်ရှင် သရုပ်ဆောင်များနှင့်အတူ ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ကြောင်းနှင့် ကိုရီးယား မြန်မာများနှင့်လည်း တွေ့ဆုံခဲ့ပြီး ၅ ရက်ကြာ နေထိုင်ခဲ့ကြောင်း သိရသည်။
အမေရိကန်နှင့် တောင်ကိုရီးယား ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၃ ခုနှစ်တွင် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ဒုတိယမြောက် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်သော ခရီးစဉ်လည်း ဖြစ်သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1