Friday, July 5, 2013

အနုပညာရှင်များကြားက မူးယစ်ဆေးပြဿနာ

Ever November | 7/05/2013 10:38:00 AM | Best Blogger Tips
မကြာသေးမီရက်ပိုင်းအတွင်းက နာမည်ရသရုပ်ဆောင်မင်းသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား တစ်ရာကျော်နှင့်အတူ ဖမ်းဆီးလိုက်သည့်သတင်းမှာ ပရိသတ်အတွက် အထူးအဆန်းမဟုတ်တော့ပါ။
အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးပြဿနာ ရောထွေးနေမှုများမှာ ပရိသတ်များနှင့် ရင်းနှီးနေပြီဖြစ် သည်။

“တချို့ရုပ်ရှင်ထုတ်လုပ်ရေး တိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီ ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက် လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေး ၀ယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့သူတွေ တစ်ပုံကြီး ၊ တော်ကြီးလိုဖြစ်နေတာ” ယနေ့ အနုပညာလောကအတွင်း ကြီးကြီးမားမားစိမ့်ဝင် နေရာယူထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ၏ အခန်းကဏ္ဍမြင်ကွင်းကို အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဖွင့်ဟပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ပေါ်၌ ဘိန်းကို အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် ကာလ တုန်းက သုံးစွဲသည့် အနုပညာရှင်အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှု မရှိ သလောက်နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူ ဒါရိုက်တာဝိုင်းက ဆိုသည်။

ယနေ့ခေတ်တွင်မူ သုံးစွဲရုံသာမက ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားသည့် အနုပညာရှင်အချို့ ရှိလာ ပြီဖြစ်သည်။ ၎င်းတို့သည် ငွေကြေးရလိုမှုတစ်ခုအပြင် ဆေးကို စည်းရုံးသိမ်းသွင်းသည့် လက်နက် တစ်ခုသဖွယ် သုံးစွဲလာသည်မှာ အနုပညာလောကအတွက် အန္တရာယ်ဖြစ်လာကြောင်း မူးယစ်ဆေးဝါး သံသရာထဲက ယတိပြတ် ရုန်းထွက်ခဲ့ပြီး ယခုနာမည်ကြီး ဒါရိုက်တာ တစ်ဦး အဖြစ် ပြန်လည် ရပ်တည်နေသူ ဒါရိုက်တာဝိုင်းက ပြောသည်။

နာမည်ရသရုပ်ဆောင်အချို့၊ အဆိုတော်အချို့၊ ဒါရိုက်တာ အချို့ ဆေးဝါး များနှင့်အတူ ဖမ်းဆီးခံရ ချိန်တွင် ပရိသတ်များကြားထိပင် သိရှိနေသည့် ဆေးဝါးရောင်းဝယ်မှုများနှင့် ပတ်သက်နေသော အနုပညာရှင်များ ဖမ်းဆီးခံရမှုသတင်းများ မတွေ့ရသေးသည်ကို မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက အဖြေပေးပါသည်။

“သိသိကြီးနဲ့ မဖမ်းဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ သိရင်တောင်မှ သူဘယ်ဟိုတယ်မှာ သုံးနေတာလဲ။ In Position ဖြစ်နေလား ကြည့်ပြီးမှလုပ်ရတယ်။ ဘယ်သူကတော့ သတင်းကျော်ဇောမှုရှိတယ် ဆိုတာ ပြောလို့မရဘူး။ ရှိတာကတော့ အနည်းနဲ့အများရှိကြတယ်။ စောင့်ကြည့်နေတယ်။ ကိုယ့်ဘက်က သေချာပိုင်နိုင်ရင် အနုပညာရှင်မကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ မူးယစ်ဆေးဝါးသုံး စွဲရောင်းဝယ်တယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူတာပါပဲ”

သို့သော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် ကျော်ဇော သတင်း ရထားတိုင်းလည်း ၀င်ရောက်ဖမ်းဆီးရန်မှာမူ အခက်အခဲ အတား အဆီးများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“သရုပ်ဆောင်တွေထဲလည်း သုံးတာရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ Position ရှိမှ အရေးယူလို့ရမှာ။ သတင်းတက်လာတာနဲ့ အိမ်ပေါ်တက်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်လို့မရဘူး။ မမိရင် သိက္ခာချတယ်။ ကျင့်ဝတ် ချိုးဖောက်တယ်လို့ ဖြစ်လာနိုင်တယ်။ ဥပဒေက ရှိသေးတယ်” ဟု အဆိုပါ ရဲမှူးကြီး က ပြော သည်။

မအိပ်မနေ လန်းဆန်းတက်ကြွစွာဖြင့် အနုပညာအလုပ်များ လုပ်ကိုင်နိုင်ပြီး ဆန်းသစ်သော စိတ်ကူးများ၊ အတွေးအခေါ်များ ထွက်ပေါ်နိုင်သည်ဟူသည့် ယူဆချက်များကြောင့် နီးစပ်ရာအနုပညာရှင်အချို့ ဟိုတယ်ကဲ့သို့သော အခန်းများအတွင်း အုပ်စုဖွဲ့၍ ဆေးဝါးမှီဝဲခြင်းများရှိသည်။ နာမည်ကျော် အနုပညာရှင်များကို ဆေးဝါးများ အခမဲ့ပံ့ပိုးပေးခြင်း၊ အလွယ်တကူ ရှာဖွေပေးနိုင်ခြင်းတို့ဖြင့် စည်းရုံး ထားနိုင်ပါက လုပ်ငန်းအဆင်ပြေနိုင်မည်ဟု ယူဆကြသည့် ထုတ်လုပ်ရေးတိုက်အချို့က ယင်း နည်းလမ်း ကို သုံးစွဲကြသည်ဟု ဆိုကြသည်။

“အနုပညာရှင်အချင်းချင်းလည်း ရောင်းတယ်။ အပြင်ကလူတွေကလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့ သူတွေနဲ့ ချိတ်မိ သွားပြီး အရောင်းအ၀ယ်တွေဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်၊ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန် လွတ်လပ်စွာနဲ့ လုပ်ချင်ရာ လုပ်နိုင်နေကြတယ်” ဟု အမည်မဖော် လိုသူ ဒါရိုက်တာတစ်ဦးက ပြောသည်။

“တချို့ဆေးရောင်းသူတွေက သူတို့လိုအင်ဆန္ဒအတွက် စပေးသုံးတုန်းက ပိုက်ဆံပေးစရာ မလိုဘူး။ နောက်ပိုင်းကျတော့ ရောင်းရော။ မူးယစ်ဆေးဝါး သုံးစွဲပြီးရင် နောက်ဆက်တွဲလိင်ကိစ္စတွေပါ ပါလာကုန်တယ်။ အခုဟာက အနုပညာရှင်အချင်းချင်းကိုပဲ ရောင်းတာမဟုတ်ဘဲ လူတကာကို ရောင်းနေ တာ” ဟု ယင်းဒါရိုက်တာက ပြောသည်။

အနုပညာရှင်အချို့သည် မူးယစ်စေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မှီဝဲသုံးစွဲမှ ဖန်တီး ထုတ်လုပ်သည့် အနုပညာထုတ်ကုန်များ အရည်အသွေး တောက်ပြောင်ထူးချွန်သည်ဟု တလွဲယူဆ ချက်မှာ ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်သည့် အဓိကအချက်ဖြစ်နေကြောင်း မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးစီမံချက် ဒါရိုက်တာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးဒေါက်တာလှဌေးက ဆိုပါ သည်။

“အရင်ခေတ်က ဘိန်းက သုံးပြီးရင် ငြိမ်တော့ အကျခေတ်ပေါ့။ အခုက အကြွခေတ်။ များသောအားဖြင့် မအိပ်မနေနဲ့ ဖျော်ဖြေရေးလိုင်းသွားတဲ့ ကလေးတွေက စိတ်ကြွဆေးတွေကို တလွဲသုံးစွဲကြတယ်။ အဆိုတော် ကောင်လေးတစ်ယောက်ဆို ဒါသုံးလို့ ပိုဆိုနိုင်တယ်လို့ ပြောတယ်။ ဒါတော်တော်လေး လွဲမှားတယ်။ ရှိသမျှခွန်အားကို တစ်ထိုင်တည်းနဲ့ သုံးတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအရ ရုတ်တရက်သေဆုံးတဲ့ ဖြစ်ရပ်တွေအခုနောက်ပိုင်းများလာတာ တွေ့နိုင်တာပဲ” ဟု ဒေါက်တာ လှဌေးကပြောသည်။

အနုပညာရှင်များအကြား ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသရ သည်ဟုဆိုကာ ဆေးလွန်သွား သဖြင့် ကုသမှုခံယူရသည့် သတင်း များကလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက ဖမ်းဆီးမှုများရှိသလောက် လက်လှမ်းမီ အလွယ်တကူ ရနိုင်သည့် ဆေးဝါးမှာလည်း အဆိုပါ WYစာတန်းပါ ဆေးပြားများ ဖြစ်နေကြောင်း တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်နေသည့် ဒေါက်တာ လှဌေးက ဆိုသည်။ ရုပ်ရှင်ရိုက်ကွင်း အချို့တွင်ပင် တရားဝင်သဖွယ် လွတ်လပ်စွာ ရောင်းဝယ်ဖောက် ကားသုံးစွဲမှုများ ရှိနေပြီး အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုမှာ အားနည်းနေကြောင်း ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါးအပေါ်ထားတဲ့ တစ်ဦးချင်းရဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က အားလုံး သိပြီးဖြစ်တဲ့အတိုင်းပဲ တော်တော်လေး ကြီးမားပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မသုံးစွဲသင့်ပါဘူး” ဟု အကယ်ဒမီထွန်းအိန္ဒြာဗို က ပြောကြားသည်။

တိုင်းပြည်ကို ပြန်လည်ထူထောင်နေသည့် ကာလတွင် လူ့စွမ်းအား အရင်းအမြစ်များထဲမှ အဓိက အရေးပါသည့် လူငယ်ထု၏ အသက် အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသော စိတ်ကြွ ရူးသွပ်ဆေးဝါးကို အမြစ်ဖြတ် သုတ်သင်ရန် အစိုးရတွင် တာဝန်အပြည့်အ၀ရှိကြောင်း ဒါရိုက်တာ ရီဇော်က ပြောသည်။

“လွယ်လွယ်နဲ့ ၀ယ်မရဘူးဆို ဘယ်သူမှ သုံးမနေဘူး။ တိုင်းပြည်ပြန် ထူထောင်မယ့်အချိန်မှာ ပညာ တတ်တွေ စွမ်းအားအရင်းအမြစ်တွေ နည်းရတဲ့အထဲ မူးယစ်ဆေးဖျက်ဆီးခံနေရတာ ၀မ်းနည်းဖို့ ကောင်း ပါတယ်။ အစိုးရမှာလည်း သူ့အကျပ်အတည်းနဲ့ သူရှိမှာပါ။ ဒါပေမဲ့ ဒီဆေးဝါးပြဿနာ ကိုတော့ အရေးပေါ်စီမံချက်တစ်ခု အနေနဲ့ နှိမ်နင်းသင့်ပါပြီ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်တွင်းရှိ မူးယစ်ဆေးဝါး ကိစ္စများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထားပြီး အရေးမယူကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ပိုမိုများပြားလာနေကြောင်း မေလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ပြု လုပ်သည့် ဒီချုပ်ဗဟိုဦးစီးအစည်းအဝေးတွင် ပြောကြားထားသည်။

တရားဝင်ဈေးကွက်ကြီးသဖွယ် အနုပညာသမားများ၏ စွမ်းအားများးကို ခြိမ်းခြောက်ဖြိုဖျက်သော မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကို မိမိတို့၏ ကိုယ်ပိုင်အသိခံယူချက်တို့ဖြင့်သာ တွန်းလှန်ရ မည် ဖြစ် သည်။ ပရိသတ်များ ချစ်ခင်အားပေးသည့် အနုပညာရှင်ဖြစ်လာရန်အတွက် မူးယစ်ဆေးဝါး သုံးစွဲရန် မလိုပါ။ မူးယစ်ဆေးဝါး မှီဝဲရန် မလိုပါ။ ပင်ကိုအရည်အသွေးကို မှတ်ကျောက် တင်နိုင်သည့် အနုပညာ ၀မ်းစာပြည့်ဝသော ပါရမီရှင်များကိုသာ ပရိသတ် ကတောင့်တသည်။

မူးယစ်ဆေးအကူအညီကြောင့် အောင်မြင်ကျော်ကြားပြီး ကျန်းမာချမ်းသာ စွာဖြင့် အသက်ရှည်ရပ် တည်နိုင်သော အနုပညာရှင် မရှိသေးပါ။ ရှိမည်လည်း မဟုတ်ပါ။ “အနုပညာရှင် ကျွန်တော့်လူနာတွေ ဆုံးပါးသွားကြတာ တော်တော်တောင်ကြာသွားပါပြီ”ဟု လမ်းလွဲသွား သူ ကြွေလင့် အနုပညာရှင် အချို့အကြောင်း ဆရာဝန်ကြီးဒေါက်တာလှဌေး၏ မှတ်ချက်က ယနေ့ မူးယစ်ဆေးဝါးနွံထဲက ရုန်းမထွက်နိုင်သေးသော အနုပညာရှင်အချို့အတွက် မှတ်သားစရာပင် ဖြစ်ပါသည်။

7 Day.

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1