၁၅-၃-၂၀၁၂
ရွှေပြည်သာစက်မှုဇုန်က အထည်ချုပ် စက်ရုံတရုံဖြစ်တဲ့ ADK အထည်ချုပ်စက်ရုံက
အချိန်ပို အလုပ်ဆင်းချိန် ဖြစ်တဲ့ ည ၉း၀၀ နာရီမှာ ပိုင်ရှင် (ယာဉ်မောင်း
ကျော်မင်း (၄၀) နှစ်ခန့် မောင်းနှင်လာတဲ့
ဒိုင်နာကားဟာ ဒညင်းကုန်း လမ်းဆုံမရောက်ခင်အစာမှတ်တိုင်နားမှာ ရှေ့ကကားတစီးကို ကျော်တက်ရင်း ကွန်တင်နာ
တင်လာတဲ့ ကားနောက်ပိုင်းကိုနောက်မြီးချင်း ချိတ်မိလို့ ဒိုင်နာကား
အမိုးပြုတ်ထွက်သွားပြီး ကားပေါ်ပါလာတဲ့ အထည်ချုပ် အလုပ်သမတွေ
ပြုတ်ကျကုန်တာကြောင့် အလုပ်သမ ဒေါ်ယုကြည် (၄၅) နှစ် နေရာမှာ ပွဲချင်းပြီး
သေဆုံးခဲ့တယ်။
ဒေါ်အေးမြင့် (၄၂) နှစ်၊ မသီတာဝင်း (၂၂ နှစ်)
ကိုယ်ဝန် (၅) လ၊ မဝင်းမာစန်း (ခ) လွင်မာဦး (၂၅ နှစ်)၊ နောက်တနေ့
အင်းစိန်ဆေးရုံမှာ ထပ်မံ သေဆုံး။ နှင်းပပအေး (၂၁ နှစ်) ဘယ်ဘက်ပုခုံး
အဆစ်ပြုတ်၊ သန်းစန္ဒာထွေး (၂၄ နှစ်) ခေါင်းထိ ဘယ်ဘက်နံရိုး အမှတ်(၂) ကနေ
အမှတ် (၁၁) အထိ ကျိုး၊ သန္တာလင်း (၂၇)နှစ် သားနံရိုးက သားအိမ်ကို
ထိုးမိသည့်အတွက် သားအိမ်ထုတ်ရ၊သူဇာလင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန
ရောက်နေ၊ ခေါင်းထိ၊ သရက်ရွက်ကြွေ၊ နှလုံးထိ၊ နံရိုးကျိုး၊ တင်ပဆုံထိ၊
မဝင်းခိုင် (၁၈)နှစ် ဘယ်ဘက်ခေါင်းထိ၊ နှင်းပွင့်ဖြူ (၁၆)နှစ် ညာဘက်လက်သန်း၊
လက်သကြွယ်၊ လက်ခလယ်ပြတ်၊ စက်ရုံက အခုထိ ဆေးဝါးကုသမှု ကုန်ကျစရိတ်ကို
လုံလောက်စွာ မပေးတာကြောင့် ဒဏ်ရာ ရနေတဲ့ အလုပ်သမတွေ ဓါတ်မှန်ရိုက်ဖို့
ကုန်ကျစရိတ် မတတ်နိုင်တဲ့ အခြေအနေတွေ ရင်ဆိုင်နေကြရတယ်။ စက်ရုံကပါကင်ဌာနအလုပ်သမား ကျော်မင်းထွန်းတယောက်ကိုသာ ဆေးရုံကို
စေလွှတ်ပြီး ဆေးဖိုးငွေ
အနည်းအကျဉ်း ထုတ်ပေးတယ်။ စက်ရုံမန်နေဂျာ ဒေါ်စန္ဒာထွန်း အပါအဝင်
တာဝန်ရှိသူတွေ လာရောက် ကြည့်ရှုတာ မရှိဘူး။ ကျော်မင်းထွန်းက
စက်ရုံမန်နေဂျာကို ဆေးဝယ်ဖို့ ဘောက်ချာတွေကို ဆရာဝန်တွေ ပေးထားပြီး ဝယ်ဖို့
ငွေလိုနေကြောင်း ဖုန်းဆက် အကြောင်းကြားတာကို မန်နေဂျာက ဖုန်းမကိုင်ဘဲ
နေတယ်လို့ သိရတယ်။ ဖုန်းနံပါတ်က 0943107824 ဖြစ်။ အင်းစိန်ဆေးရုံမှာ
အလုပ်သမားတွေ ဒုက္ခရောက်နေကြတယ်။ လူသေဆုံးမှုဖြစ်ရင် သက်ဆိုင်ရာ မြို့နယ်
အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနကို တနာရီအတွင်း အကြောင်းရမယ်လို့ ဥပဒေမှာ
ပြဌာန်းထားပေးမယ့် အဲဒီ ဥပဒေအတိုင်း လုပ်ဆောင်ခဲ့ခြင်း ရှိ မရှိ
ဆိုတာကိုလည်း မသိရဘူး။ မြို့နယ်တာဝန်ရှိသူတွေ ဆေးရုံကို ရောက်မလာတာကို
ကြည့်ရင် စက်ရုံဘက်က အကြောင်း မကြားတာ ဖြစ်နိုင်သလို တာဝန်ရှိသူတွေနဲ့
စက်ရုံပိုင်ရှင်တွေကြား အပေးအယူ လုပ်ပြီး မသိချင် ယောင်ဆောင်နေတာလည်း
ဖြစ်နိုင်တယ်။ အခု အမှုမှာ ဆေးရုံ တာဝန်ရှိသူတွေကလည်း အပေးအယူထဲမှာ
ပါနိုင်တယ်။ဆေးရုံကို ရောက်လာပြီး သေဆုံးရတဲ့အထိ ဖြစ်ခဲ့တဲ့ ဒီတိုက်မှုမှာ
ဆေးရုံ တာဝန်ရှိသူတွေကို ပေးကမ်းခြင်း မရှိဘဲနဲ့ အမှုပိတ်ထားလို့ မရဘူး။
ဒီအမှုမှာ
စက်ရုံတာဝန်ရှိသူတွေ ပါဝင်တာဝန်ရှိတယ်။ စက်ရုံမန်နေဂျာဘက်က
အလုပ်ချိန်ပြင်ပမှာ ဖြစ်တယ်လို့ အလုပ်သမားတွေထဲ သတင်းဖြန့်ထားပေမယ့် ဥပဒေ
အရ လုပ်ငန်းခွင်က အိမ်ပြန်စဉ်ဖြစ်တာ အချိန်ပိုခေါ်ပြီး ပြန်လွှတ်ချိန်မှာ
ဖြစ်တာကို လုပ်ငန်းခွင်ထဲ ဖြစ်တာလို့ သတ်မှတ်တယ်။
အခုဖြစ်စဉ်မှာအလုပ်သမားတွေက
အခု ကားကို မစီးလိုကြောင်း ၃ ရက်လောက် စက်ရုံကို တိုင်ကြားခဲ့တယ်။
စက်ရုံဘက်က ဒီကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းမပေးခဲ့ဘူး။ ကားသမားက
အလုပ်သမားတွေကို ထိပါး နှောက်ယှက်ဖို့ လုပ်တာ၊ လမ်းမှာ အခြား
ယောကျာ်းလေးတွေ ခေါ်တင်ပြီး မိန်းကလေးတွေကို ထိပါး စနောက်တာတွေကြောင့်
အလုပ်သမားတွေက စက်ရုံမန်နေဂျာကို တိုင်ကြားပြီး ကားချိန်းပေးဖို့ ပြောတာကို
စက်ရုံဘက် လုပ်မပေးဘဲ ကားသမားကို ပြန်ပြောခဲ့လို့ ကားသမားက အလုပ်သမားတွေ
အပေါ် အညှိးထားပြီး နင်တို့ကို ပညာပေးမယ် ပြောပြီး ကားကို အတင်းအရှိန်မြှင့်
မောင်းနှင်တာကို အလုပ်သမားတွေ ဝိုင်းအော်တားနေတဲ့ကြားက ဒီယာဉ်တိုက်မှု
ဖြစ်ရတာ ဖြစ်တယ်။
ကားသမားဟာ ယာဉ်မောင်းနေစဉ်မှာ
အရက်မူးနေတာလည်း ဖြစ်တယ်။ ဒီစက်ရုံဟာ တရုတ်ပိုင်ဖြစ်ပြီး အလုပ်သမား ၃၅၀၀
ခန့် ရှိတဲ့ စက်ရုံကြီးလည်း ဖြစ်တယ်။ စက်မှုဇုန်တွေက ဖယ်ရီကားတွေဟာ
အလုပ်ပြန်ချိန် ညအချိန် (၉) နာရီလောက်မှာ ကြိုပို့လုပ်ရတာ ဖြစ်တဲ့အတွက်
မိမိတို့အိမ်ကို အမြန် ပြန်ရောက်ချင်ဇောနဲ့ကားတွေကို အရှိန်မြှင့်
မောင်းကြသလို၊ တချို့ ကားသမားတွေဟာလည်း ကားနားချိန်ဖြစ်လို့အရက်
သောက်ထားကြတွေလည်း ရှိတယ်။ အလုပ်ပြန်လွှတ်ချိန်မှာ စက်ရုံ တာဝန်ရှိသူတွေဟာ
အလုပ်သမားတွေ အဆင်ပြေအောင် စီစဉ်ပေးတာ မရှိဘဲ အလုပ်သမားတွေဟာ ကားဆီ
ရောက်အောင် အလုအယက် ပြေးကြရတယ်။ လူများတဲ့ စက်ရုံတွေမှာ အလုပ်ဆိုင်းအလိုက်
အသုတ်လိုက် ခွဲပြီး ပြန်ခိုင်းလို့ ကားတစီးကျပြီး အဆိုင်းမတူတဲ့
အလုပ်သမားတွေဟာ ကားမမှီဘဲ လမ်းလျောက် ပြန်ရတာတွေ ရှိနေတယ်။ ကားသမားတွေက
လူစုံအောင် စောင့်တင်တာမျိုး မရှိဘူး။ ဒါတွေကို ကြည့်ရင်
စက်ရုံပိုင်ရှင်တွေ မန်နေဂျာတွေဟာ အလုပ်သမားတွေရဲ့ အခက်အခဲတွေကို နားလည်
စာနာပေးမှု မရှိဘဲ သူတို့ အကျိုးစီးပွားတခုတည်း ကြည့်နေတာကို တွေ့တယ်။
အုပ်ချုပ်ရေး တာဝန်ရှိသူတွေကလည်း အလုပ်သမားတွေရဲ့ အခက်အခဲကို
ဖြေရှင်းပေးဖို့ထက် အလုပ်ရှင်တွေဆီက လာဘ်ငွေ ယူဖို့ကိုသာ အဓိက ထားနေတာ
ဖြစ်ပါတယ်။
BurmaVJ Media Network
Ref; MNN
No comments:
Post a Comment