Wednesday, March 21, 2012

ရာနှုန်းပြည့် မြှုပ်နှံခွင့်၊ ကာလရှည် မြေငှားရမ်းခွင့်၊ အခွန်ကင်းလွတ် သက်သာခွင့်နှင့် ဉာဏဆိုင်ရာ မူပိုင်ခွင့်များ ပါဝင်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ဘဏ္ဍာရေး နှစ်သစ်အမီ ပြဋ္ဌာန်းမည်

Ever November | 3/21/2012 01:51:00 PM | Best Blogger Tips
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ၁၀၀ ရာခိုင်နှုန်း မြှုပ်နှံခွင့်၊ ကာလရှည် မြေငှားရမ်းခွင့်၊ အခွန် ကင်းလွတ် သက်သာခွင့်နှင့် ဉာဏဆိုင်ရာ မူပိုင်ခွင့်များ ပါဝင်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်
ကို ဘဏ္ဍာရေး နှစ်သစ်အမီ ပြဋ္ဌာန်းမည်ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
''အခုပြဋ္ဌာန်းမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကအရင်ဥပဒေထက်ပိုပြီး ပြည့်စုံကောင်းမွန်တာကြောင့်
 နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး ၀င်ရောက်လာမှာပါ။ ဒီဥပဒေက ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ဥပဒေတွေအပြင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုတို့လို တတိယ နိုင်ငံလေးတွေရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအထိ နမူနာယူ ရေးဆွဲထားတာကြောင့် နိုင်ငံတကာကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ နိုင်ငံတကာ လုပ်ငန်းရှင်တွေလည်း စောင့်ကြည့်နေမှာပါ။လာမယ့်ဘဏ္ဍာရေး နှစ်သစ်အမီ ပြဋ္ဌာန်းဖို့ ပြင်ဆင်ထားတယ်လို့ သိရတယ်'' နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က ပြောကြားပါသည်။

နိုင်ငံခြားလုပ်ငန်းများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် နိုင်ငံခြားသားက နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်းပြည့်ဖြင့် ပြုလုပ်ခြင်း၊ နိုင်ငံခြားသားနှင့် နိုင်ငံသား သို့မဟုတ် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းတို့ ဖက်စပ်ပြုလုပ်ခြင်း၊ နှစ်ဦးနှစ်ဖက် သဘော တူညီသည့် ပဋိညာဉ် စာချုပ်ပါ စနစ်တစ်ခုခုဖြင့် ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံမှု ပုံစံဖွဲ့စည်းရာတွင် တစ်ဦးတည်းပိုင် လုပ်ငန်းအဖြစ်လည်းကောင်း၊ လီမိတက် ကုမ္ပဏီအဖြစ်လည်းကောင်း ဖွဲ့စည်းနိုင်ပြီး ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းပါက နိုင်ငံ မတည်ငွေရင်းသည် စုစုပေါင်း မတည်ငွေရင်း၏ အနည်းဆုံး ၃၅ ရာခိုင်နှုန်း ဖြစ်ရမည်ဖြစ်ကြောင်း ဥပဒေကြမ်းအရ သိရသည်။

နိုင်ငံခြားသား တစ်ဦးဦးက ခွင့်ပြုမိန့်အရ ရင်းနှီးမြှုပ်နှံသော နိုင်ငံခြား မတည်ငွေရင်းတွင် နိုင်ငံခြားငွေ၊ စက်ပစ္စည်းကိရိယာ၊ စက်ပစ္စည်း အစိတ်အပိုင်း၊ စက်အရန်ပစ္စည်း၊ အသုံးအဆောင် တန်ဆာပလာများ အပါအ၀င်၊ လုပ်ငန်းတွင် အမှန်တကယ် သုံးစွဲရန် လိုအပ်၍ နိုင်ငံတော်အတွင်း မရရှိနိုင်သော ပစ္စည်း၊ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး၊ တီထွင်မှု မူပိုင်ခွင့်များ၊ စက်မှုဆိုင်ရာဒီဇိုင်းစသည့် အသိဉာဏဆိုင်ရာ ပစ္စည်းများကို တန်ဖိုးဖြတ်နိုင်သော အခွင့်အရေး၊ ကျွမ်းကျင်မှု နည်းပညာရပ်၊ အထက်ပါလုပ်ငန်းတို့မှလုပ်ငန်းတွင်တိုးပွားရရှိပြီး၍ ဖြစ်စေ၊ ဝေစုအကျိုးအမြတ်ကိုဖြစ်စေ ပြန်လည်
ရင်းနှီးမြှုပ်နှံသော ငွေများ ပါဝင်ကြောင်း သိရပါသည်။

အဆိုပါ အသစ် ပြဋ္ဌာန်းမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကိုအသစ်ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်သည်။ နိုင်ငံခြား လုပ်ငန်းများ၏ မြေအသုံးပြုပိုင်ခွင့်၊ ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကိုင်တွယ်မည်ဖြစ်ပြီး လုပ်ငန်းအမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏပေါ်မူတည်၍ ကနဦး နှစ် ၃၀ အထိ ခွင့်ပြုပေးရန် အခွင့်အာဏာ ရရှိထားကာ တစ်ဆက်တည်း သက်တမ်းတိုးခွင့် ၁၅ နှစ်နှင့် ယင်းသက်တမ်းကုန်ဆုံးပြီး ထပ်မံ၍ ၁၅ နှစ် သက်တမ်း တိုးမြှင့်ပေးနိုင်ကြောင်း သိရပါသည်။ ဥပဒေအရ ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံသားများ လုပ်ကိုင်ခွင့်ရထားသော လယ်ယာမြေများတွင် လုပ်ငန်းဆောင်ရွက်ရာ၌ ကန်ထရိုက် လယ်ယာစနစ်ကို နိုင်ငံသား ရင်းနှီးမြှုပ်နှံသူနှင့် ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ရမည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားပါသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူအနေဖြင့် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ရရှိလိုပါက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ လျှောက်ထားရန် လိုအပ်ပြီး ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများသည် စီးပွားဖြစ်စတင်သော နှစ်အပါအ၀င် တစ်ဆက်တည်း ငါးနှစ်အတွက် ၀င်ငွေခွန် ကင်းလွတ်ခွင့်၊ လုပ်ငန်း အောင်မြင်မှုပေါ်မူတည်၍ သင့်လျှော်သော ကာလအတွက် ၀င်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိနိုင်သည်။

ထို့ပြင်လုပ်ငန်းမှရရှိသောအမြတ်ငွေကိုသီးသန့်ရန်ပုံငွေထား၍တစ်နှစ်အတွင်းယင်းလုပ်ငန်း၌ ပြန်
လည်မြှုပ်နှံလျှင် ထိုအမြတ်ငွေအပေါ်တွင် ၀င်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊ လုပ်ငန်း
တွင်ရင်းနှီးထားသောမတည်ပစ္စည်းများအပေါ်တွင်ပစ္စည်းတန်ဖိုး လျော့တွက်ငွေကိုအမြတ်ငွေထဲမှ
 နုတ်ပယ်ခွင့်၊ ကုန်ထုတ် လုပ်ငန်းများမှ ပြည်ပသို့ တင်ပို့ရောင်းချ၍ရရှိသော အမြတ်ငွေအပေါ်တွင် ၅၀ ရာခိုင်နှုန်း ၀င်ငွေခွန် သက်သာခွင့်၊ ပြည်ပသို့ တင်ပို့ရန်ထုတ်လုပ်သည့်ပစ္စည်းများအပေါ်ကုန်သွယ်လုပ်ငန်း ခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များ အပါအ၀င် အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက်များအတွက် ကင်းလွတ်သက်သာခွင့်များ ထည့်သွင်းရေးဆွဲထားကြောင်း သိရပါသည်။
ထို့ပြင် နိုင်ငံခြားငွေ လွှဲပြောင်းနိုင်ခွင့်ကို ပေးအပ်ထားပြီး နိုင်ငံခြား မတည် ငွေရင်းယူဆောင်လာသူ ရသင့်သည့် နိုင်ငံခြားငွေ၊ နိုင်ငံခြားမတည် ငွေရင်းယူဆောင်လာသူအား ပြန်လည်ထုတ်ယူရန် ကော်မရှင်က ခွင့်ပြုသော နိုင်ငံခြားငွေ၊ နိုင်ငံခြား မတည်ငွေရင်း ယူဆောင်လာသူရရှိသည့် နှစ်စဉ်အမြတ်ငွေမှ အခွန်အရပ်ရပ်နှင့် သက်ဆိုင်သည့် ရန်ပုံငွေများ နုတ်ပြီးနောက် ကျန်ရှိသော အသားတင် အမြတ်ငွေ အပါ ၀င် နိုင်ငံခြားသား အမှုထမ်း များ ဆိုင်ရာ နိုင်ငံခြား ငွေလွှဲပြောင်းနိုင်ခွင့်များကို ဖော်ပြထားသည်။ ထို့အတူ အစိုးရ၏ အာမခံချက်များကို ထည့်သွင်းထားပြီး နိုင်ငံပိုင် မပြုလုပ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံသူ၏ ပဋိညာဉ် စာချုပ်သက်တမ်း ကုန်ဆုံးလျှင် ယင်း၏ ရပိုင်ခွင့်များကို ရင်းနှီးမြှုပ်နှံရာတွင် ထည့်သွင်းခဲ့သော နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပြန်လည်ထုတ်ပေးရန် အစိုးရက အာမခံထားပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1