Wednesday, March 28, 2012

 နိုင်ငံ ၅၃ နိုင်ငံမှ ခေါင်းဆောင်များနှင့် အကြီးတန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သော နျူကလီးယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို ဆိုးလ်မြို့တွင် ကျင်းပ

Ever November | 3/28/2012 09:59:00 PM | Best Blogger Tips
နိုင်ငံ ၅၃ နိုင်ငံမှ ခေါင်းဆောင်များနှင့် အကြီးတန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သော နျူကလီး
ယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် မတ်လ ၂၆ ရက်
က စတင်ခဲ့ပြီး နှစ်ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 
ယင်းဆွေးနွေးပွဲတွင် မြောက်ကိုရီးယားက ဂြိုဟ်တုပါသော ဒုံးကျည်တစ်စီး ပစ်လွှတ်မည့်အစီအစဉ်နှင့် အီရန်က နျူကလီးယားဗုံး ရရှိရေး ကြိုးပမ်းမှုကို ဟန့်တားရေးမှာ အဓိကလွှမ်းမိုးခဲ့ပြီး နျူကလီးယားလက်နက်များ လျော့ချရေးအပါအ၀င် အကြောင်းအရာများစွာ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်(ဒုတိယမြောက်ယာ)နှင့် တရုတ်သမ္မတ ဟူကျင်တောင်(ဒုတိယမြောက်ဝဲ)တို့ ထိပ်သီးဆွေးနွေးပွဲ ဒုတိယမြောက်နေ့ အစတွင် ပြောဆိုနေကြစဉ်
မြောက်ကိုရီးယားအရေး

မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ နျူကလီးယား ရည်မှန်းချက်ကို စွန့်လွှတ်ရန် အိုဘားမားက မတ်လ ၂၆ ရက်တွင် ထပ်မံသတိပေးခဲ့ပြီး မှားယွင်းပြီး ရန်လိုသောလုပ်ရပ်များသည် ဆုပေးခံရမည် မဟုတ်ကြောင်း သတိပေးခဲ့သည်။ ရန်လိုသော လုပ်ရပ်များ လုပ်ဆောင်ပြီး တစ် ဘက်လှည့်ဖြင့် အကူအညီများ ရယူသည့်နည်းလမ်းမှာ ခေတ်မရှိတော့ကြောင်း၊ မည်သို့လုပ်ဆောင်မည်ကို ကိုယ်တိုင်ရွေးချယ်ရမည်၊ ကိုယ်တိုင် ဆုံးဖြတ် ရမည်ဖြစ်ကြောင်း အိုဘားမားက မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအွန်အား တိုက်ရိုက်ရည်ညွှန်း သတိပေးခဲ့သည်။ ကင်ဂျုံအွန်က ခေါင်းဆောင်နေရာယူထားသော်လည်း မည်သူက အဓိကကျသည့် နေရာတွင် ပါဝင်နေကြောင်းကို အတိအကျမသိရကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား နျူစီမံကိန်းများကို အိုင်အေအီးအေ စစ်ဆေးသူများအား သွားရောက်စစ်ဆေး ခွင့်ပြုရန်နှင့် ရန်လိုသော အပြုအမူများ ရပ်ဆိုင်းနိုင်ရေးအတွက် ပြုံယမ်း၏ အဓိက မဟာမိတ် တရုတ်က စည်းရုံးရန် ပျက်ကွက်ခဲ့ခြင်းအတွက် အိုဘားမားက ဝေဖန်မှုပြုလုပ်ခဲ့သည်။ တရုတ် သမ္မတ ဟူကျင်တောင်ကလည်း ပြုံယမ်း၏ အစီအစဉ်နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ပစ်လွှတ်လိုက်သော ဒုံးကျည်လမ်းလွှဲရောက်လာပါက တောင်ကိုရီးယားက ပစ်ချသွားမည်ဖြစ်ကြောင်း သမ္မတလီမြောင်ဘတ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားကမူ စီစဉ်ထားသော ဒုံးကျည် ပစ်လွှတ်မှုကို ရပ်ဆိုင်းမည်မဟုတ်ဘဲ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 
အီရန်အရေး

အီရန် နျူကလီးယားအရေးနှင့် ပတ်သက်၍လည်း သံတမန်ရေးအရ ဖြေရှင်းနည်းမှာ အချိန်နှောင်းနေပြီဖြစ်ကြောင်း အိုဘားမားက သတိပေးခဲ့သည်။ အီရန် နျူစီမံကိန်း ရပ်ဆိုင်းရေးကိစ္စကို သံတမန်ရေးအရ ဖြေရှင်းရမည့် အချိန်ဖြစ်ကြောင်း၊ သို့သော် အချိန်နည်းနေပြီဖြစ်ပြီး အီရန်အနေဖြင့် အချိန်၏ တောင်းဆိုမှုကို အလေးအနက်ထားကာ အရေးတကြီး တုံ့ပြန်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ အီရန် နျူစီမံကိန်းနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့် ဂျာမနီတို့က သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေခြင်းကို အိုဘားမားနှင့် ဟူကျင်တောင်တို့က ကြိုဆိုခဲ့သည်။
နျူလက်နက်လျော့ချရေး

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အမေရိကန်သည် ၎င်းတို့၏ နျူကလီးယား လက်နက်များကို လျော့ချသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး အကြမ်းဖက်သမားတို့၏လက်ထဲ ယင်းလက်နက်များ မရောက်ရှိစေရေး အတွက် နိုင်ငံတကာက လက်တွဲဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
အမေရိကန်တွင် နျူကလီးယား လက်နက် ၁၅၀၀ ကျော်ရှိပြီး နျူထိပ် ဖူး ၅၀၀၀ ခန့်ရှိသဖြင့် လိုအပ်သည်ထက် ပိုမိုများပြားနေကြောင်း ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံး အကြိမ်ပြုလုပ်ခဲသော့ ၀ါရှင်တန် ထိပ်သီးဆွေးနွေးပွဲအပြီး အမေရိကန်နှင့် ရုရှားက နျူကလီးယားလက်နက် ၁၇၀၀၀ ခန့်ထုတ်လုပ်နိုင်ရန် လုံလောက်သော ပလူတိုနီယမ် ၃၄ တန်စီကို ဖျက်သိမ်းသွားရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့သည်။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နှစ်နှစ်အတွင်း နျူကလီးယား လက်နက်များ ဘေးကင်းစေရေး လုပ်ဆောင်မှုများမှာ တိုးတက်မှုရှိခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်များက အသိအမှတ်ပြုခဲ့သည်။ ယင်း နှစ်နှစ်အတွင်း ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံဟောင်း ကာဇက်စတန်က သန့်စင်မှု မြင့် ယူရေနီယမ် HEU နှင့် ပလူတိုနီယမ် ၁၃ တန်ကို လုံခြုံအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ချီလီကလည်း ၎င်းတို့တွင်ရှိသော HEU အားလုံးကို ဖျက်သိမ်းနိုင် ခဲ့ကြောင်း ယင်းပညာရှင်များက ထောက်ပြခဲ့သည်။ ဆွေးနွေးပွဲ မစတင်မီတွင် ယူကရိန်းကလည်း ၎င်းတို့တွင်ရှိသော HEU အားလုံး ကို ဖယ်ရှားခဲ့ကြောင်း သတင်းပွှိုခဲ့သည်ဟု အိုဘားမားက ကြေညာပေးခဲ့သည်။

အိမ်ရှင် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က နျူကလီးယားလက်နက် ပျံ့နှံ့နေခြင်းနှင့် နျူကလီးယား အကြမ်းဖက် ခြိမ်းခြောက်ခံရမှုမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးမားသော စိန်ခေါ်ချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယမန်နှစ်က ငလျင်နှင့် ဆူနာမီဒဏ်ခံရပြီး နျူကလီးယား အကျပ်အတည်း ကြုံခဲ့ရသော ဂျပန်နိုင်ငံမှ ၀န်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ဖူကူရှီးမား နျူစက်ရုံပြဿနာသည် ယင်းကဲ့သို့ နျူစက်ရုံများကို အကြမ်းဖက်ခံရမှုမှ ကာကွယ်ရာတွင် အရေးကြီးသော သင်ခန်းစာများပေးခဲ့ကြောင်း ပြော ကြားခဲ့သည်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်

အရပ်သားများက HEU များကို လက်နက်အဖြစ် အသုံးပြုမှုများအား လျော့ချနိုင်ရေး အပါအ၀င် နျူလက်နက်ဖြင့် အကြမ်းဖက် ခြိမ်းခြောက်ခံရမှုကို တိုက်ဖျက်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန် ကတိပြုချက်ကို ကမ္ဘာ့ခေါင်းဆောင်များက ဆွေးနွေးပွဲ အပိတ်နေ့တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် နျူလက်နက်ကင်းစင်သော ကမ္ဘာဖြစ်ပေါ်စေရေးအတွက် ခိုင်မာသည့် ခြေလှမ်းများ လှမ်းရန်လိုအပ်ကြောင်းကိုမူ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။
Ref:AFP

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1