Sunday, June 24, 2012

ဦးသိန်းညွှန့်အပါအ၀င် ဥပဒေပညာရှင်(၂)ဦး လိုက်ပါဆောင်ရွက်မည့် လျှပ်တပြက်ဂျာနယ်အမှု

Ever November | 6/24/2012 09:05:00 AM | Best Blogger Tips
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရားစွဲဆိုထားသော လျှပ်တပြက်ဂျာနယ်အမှုအား အမျိုးသားဒီမိုကရေစီ ပါတီသစ်က ဦးသိန်းညွှန့်နှင့် ဦးဝင်းရွှေတို့မှ အမှုလိုက်ပါဆောင်ရွက်ပေးမည်ဖြစ်သည်။
 
ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ လျှပ်တပြက်ဂျာနယ်အား ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်ရေးသားမှုအား အရေး ပေါ်ဥပဒေ ပုဒ်မ-၅၀၅ (ခ) (ဂ) အရ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားပြီး ဇွန်လ(၂၅) ရက်နေ့ တွင် အမှုစတင်ရင်ဆိုင်ရမည် ဖြစ်သည်။  
 
“လျှပ်တပြက်ဂျာနယ် အယ်ဒီတာဦးမြတ်ခိုင်က မနေ့က ကျွန်တော့်ဆီကိုလာပြီး အမှုလိုက်ပါဆောင်ရွက်ပေးဖို့ ပြောခဲ့ပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေလည်း ပေးသွားတယ်။ ကျွန်တော့်အနေနဲ့ တရားဥပဒေစိုးမိုး ရေးကို ပါးစပ်နဲ့ ပြောမနေဘူး။ တရားခွင်မှာ လက်တွေ့တိုက်ပွဲဝင်မှာပါ။ အောင်မြင်၊ မအောင်မြင်တာထက် ရေဆုံးမိုးဆုံးလိုက်ပေးမှာပါ” ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။    
 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဦးသိန်းညွန့်အတူ တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေတို့မှ လိုက်ပါ ဆောင်ရွက်ပေးမည်ဖြစ်ပြီး တရားရုံးတွင် ရှေ့နေ ပါဝါတင်ခြင်း၊ အာမခံပေးရန် လျှောက် ထားခြင်းများ ပြုလုပ်သွား မည်ဖြစ်သည်။   
 
“ပြီးခဲ့တဲ့အပတ်က ဂျာနယ်မှာ ဖော်ပြခဲ့တဲ့အပေါ်မှာ စာပေစီစစ်ရေးက ယာယီရပ်ဆိုင်းခွင့်ပိတ်လိုက်ပြီး ဇွန်(၂၅) ရက်နေ့မှာ ပုဇွန်တောင်တရားရုံးမှာ အမှုရင်ဆိုင်ဖို့ သမ္မာန်စာ ပို့ထားပါတယ် ” ဟု လျှပ်တပြက်ဂျာနယ်မှ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဇွန်လ(၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
 
လျှပ်တပြက်ဂျာနယ်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနဲ့ ပတ်သက်၍ ‘နိုင်ငံပိုင် သတင်းစာ အမှားအား မည်သူက တာဝန်ယူမည်နည်း’ ခေါင်းစဉ်ဖြင့် မျက်နှာဖုံးသတင်း ရေးသားခြင်း၊ ကျောက်နီမော် ကျေးရွာမှ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသော မသီတာထွေးဓာတ်ပုံကိုပါ ဖော်ပြခဲ့ခြင်းကြောင့် စာပေစိစစ်ရေးမှ အကန့်အသတ်မရှိထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရက လျှပ်တပြက်ဂျာနယ်အား တရားစွဲဆိုခြင်းဖြစ်သည်။
ယမင်း(မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1