Monday, July 16, 2012

ဟန်ချက်

Ever November | 7/16/2012 06:46:00 PM | Best Blogger Tips

ကျုပ်တို့ တမျိုးလုံး တဆွေလုံးက တောင်သူလယ်သမားတွေဗျ။ ကျုပ်အဖိုးလက်ထက်တုန်းကတော့ ဆီကိုရေချိုး၊ ဆေး ရိုးမီးလှုံ၊ စပါးတောင်လိုပုံတဲ့ ခေတ်ဆိုတော့ ကျုပ်အဖွားဆီမှာ ရွှေစကြေးစတွေ ရှိတယ်ဗျ။ ဒီလိုနဲ့ ကျုပ်အဖေ လက်ထက် လည်းရောက်ရော တာဝန်ကျေစပါးဆိုတာကြီးကြောင့် ကျုပ်အဖွားရဲ့ ရွှေတိုရွှေစတွေ တက်တက်ပြောင်ပါရောလား။
ကျုပ်လက်ထက်ရောက်တော့ ကုန်သယ်တွေဈေးကစားတာရော၊ ရာသီဥတုဖောက်ပြန်တာရောကြောင့် ကျုပ်တို့မိသားစု အကြွေးပင်လယ်ဝေနေတာပဲဗျို့။ ဒါကြောင့် ကျုပ်တို့ရွာမှာ အရွယ်ကောင်းလေးတွေမရှိတော့ဘူး။ မလေးသွားတဲ့လူနဲ့၊ ထိုင်းဘက်ကမ်းကူးတဲ့လူနဲ့ လယ်စိုက်သူဘယ်မှာ ကျန်တော့လို့လဲ။ ကျုပ်ဇနီးကတော့ ကျုပ်ကို ထိုင်းဘက်သွားခိုင်းနေ တာ ကြာလှပေါ့။ ကျုပ်ကမသွားချင်လို့ အချိန်တွေစွဲနေတာ။ ၁၃၇၀ အကုန်၊ ၇၁ အကူးမှာတော့ ကျုပ်မသွားလို့မရတော့ ဘူး။ ကလေးကလည်း ၃ ယောက်တောင် ရှိလာပြီကိုး။
ကျုပ်ထိုင်းကိုရောက်ရောက်ခြင်း ပန်းရံပဲလုပ်တယ်။ တနေ့ကို ၁၀၀ ဘတ်ကစရတယ်။ ကျုပ်မှာ အလုပ်သမား လက်မှတ် မရှိတော့ အလုပ်ရှင်ကလည်း ဈေးနှိမ်တာပေါ့။ ခက်တာက တက်လာချင်းခြင်း အလုပ်ရတာတောင် ကျေးဇူးတင်အုံး ဘယ်သူကမှ ပိုက်ဆံစိုက်ပြီး လက်မှတ်လုပ်မပေးဘူး။ အလုပ်ဆင်းရတဲ့ နေ့တွေဆိုရင် ပိုက်ဆံရတယ် အလုပ်မဆင်းရတဲ့ နေ့ဆိုရင်တော့ ပိုက်ဆံဘယ်ရမလဲ။ မိုးတွင်းဆိုရင်တော့ တလအတွက် ဘတ် ၂၀၀၀ ရဖို့တောင်မှ အနိုင်နိုင်ရယ်။ ကိုယ် စားတာသောက်တာနဲ့ ဘာနဲ့ဆိုရင် အိမ်ကို မြန်မာငွေ ၅ သောင်းလောက်ပို့ဖို့ အသည်းအသန် ကျိုးစားရတာဗျို့။
ကျုပ်ကံကောင်းချင်လာတော့ ၁၃၇၂ ခုနှစ်ထဲမှာ ကျုပ် အလုပ်ပြောင်းလုပ်တယ်။ အဲဒီ့အလုပ်ရှင်က ကျုပ်ကို လူကြမ်းက နေ ဆရာခန့်လိုက်တယ်။ ကျုပ်လည်း အချောထည်ရနေပြီကိုး။ ကျုပ်ကို တနေ့ ဘတ် ၁၅၀ အထိ တိုးပေးတယ်။ ဒီလိုနဲ့ ကျုပ်လည်း ပိုက်ဆံရအောင် ကုတ်ကတ်စုတာပေါ့။ ကျုပ်ဘတ်လုပ်မယ်လေ။ ၁၃၇၂ ခုနှစ်လောက်မှာ ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံနားလည်မှုနဲ့ အလုပ်သမားတွေကို ပတ်စပို့လုပ်ပေးမယ်ဆိုတာကိုး။ အဲဒီ့ပတ်စပို့ရရင် ထိုင်းတနိုင်ငံလုံး သွားခွင့်ရ မယ်တဲ့ တချို့တွေလည်း စလုပ်နေကြပြီ။ စလုပ်လုပ်ချင်းတော့ပွဲစားတွေကဈေးခေါ်တာပဲ။ ဘတ် ၁ သောင်းကျမယ်တဲ့။ ကျုပ်နဲ့ အတူတူအလုပ်လုပ်နေတဲ့ မွန်လေးက ပတ်စပို့လုပ်ပြီးပြီးချင်း ဘန်ကောက်တက်သွားတာ အဆင်ပြေတယ်။ ဒါနဲ့ ကျုပ်လည်း ပတ်စပို့ရောဂါထတာပေါ့။
ဒါကြောင့် ၁၃၇၃ နယုန်လဆန်းမှာ အလုပ်သမားလက်မှတ်တွေလုပ်ပေးပါရောလား။ ကျုပ်လည်း ကိုယ့်ရှိတဲ့ငွေနဲ့ သူဋ္ဌေး ဆီကချေးပြီး အလုပ်သမားလက်မှတ်လုပ်လိုက်တယ်။ လက်မှတ်လုပ်ဖို့အတွက် ကျုပ်သဋ္ဌေးအိမ်ကိုသွားတော့ အားပါးပါး ကျုပ်သဋ္ဌေးအိမ်မှာ ကျွန်းသစ်တွေချည်းသုံးထားတာဗျို့။ အိမ်တိုင်တွေက ကျွန်းတိုင်လုံးကြီးတွေကို ချောပြီး ပေါလစ် တင်ထားတယ်။ ကျွန်းဘီရိုတွေ၊ ကျွန်းထိုင်ခုံတွေနဲ့ ဖိတ်ဖိတ်ကိုတောက်နေတာပဲ။ ကျွန်းနဲ့ ထွင်းထားတဲ့ ပန်းပုရုပ်ထုတွေ တောင် ရှိသေးတယ်။
ကျုပ် အလုပ်သမားလက်မှတ်လုပ်ပြီး နောက်နှစ်ဆိုရင် ပတ်စပို့လုပ်လို့ရပြီ။ ပတ်စပို့လုပ်ပြီးရင်တော့ ကျုပ်လည်း ဘန် ကောက်တက်မယ်။ မွန်လေးက အခုတောင်မှ ကယ်ရီနဲ့တက်လာပါလားလို့ပြောနေတာ။ ကျုပ်က ကယ်ရီခ မတတ်နိုင် တာရော၊ စိတ်မချတာရောမို့လို့ မတက်တာ။ ကျုပ်ဘန်ကောက်တက်ရင် လခပိုရလာမယ်။ ဒါမှ ကျုပ်ရွာကို ပိုက်ဆံပိုပို့ နိုင်မှာ၊ အခုတောင်အကြီးကောင် ကျောင်းစားရိတ်ကထောင်းနေပြီ။
တနှစ်ဆိုတာက ဘာကြာလို့တုန်း ဖင်လှည့်ခေါင်းလှည့်နဲ့ ကုန်သွားတာ။ ကျုပ်တို့ ပတ်စပို့လုပ်ဖို့ အချိန်ကျလာပါရော။ ပတ်စပို့လုပ်ခက ဘတ် ၅၅၀၀ ကျမှာတဲ့။ ကျုပ်တို့ရှေ့အသုတ်တုန်းက ဘတ် ၅၀၀၀ ပဲကျတာ ကျုပ်တို့အလှည့်ရောက်မှ ပိုလာတာလေ။ ကျုပ်လည်း မကြေနပ်တော့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့လူတွေကို မေးကြည့်တာပေါ့။ ပတ်စ ပို့လုပ်ခ အမှန်တကယ်ဘယ်လောက်ကုန်လဲလို့လေ။ သူတို့ပြောတာက အစိုးရကိုပေးရတဲ့ ငွေက ဘတ် ၆၀၀ ကျော်ပဲကျ တာတဲ့။ ဒါဆိုဘာလို့ ကျုပ်တို့ဆီက ၅၅၀၀ တောင်းလဲလို့ ခင်ဗျားတို့ သိချင်မယ်။ ဒီလိုဗျ ပတ်စပို့လုပ်ဖို့ အတွက် ၂ ဖက် အစိုးရ သတ်မှတ်ထားတဲ့ အဆင့်တွေက တော်တော်ရှုပ်ထွေးတယ်တဲ့။ အလုပ်သမားတွေ ကိုယ့်ဖာသာ သွားလုပ်ရင် လုပ်တတ်ဖို့မလွယ်ဘူး။ ဒါကြောင့် အေးဂျင့်လို့ခေါ်တဲ့ ကုမ္ပဏီတွေ က အကျိုးဆောင်ပေးရတယ်။ သူတို့ကလည်း သူတို့ ရဲ့ လုပ်ငန်းလွယ်ကူချောမွေ့ဖို့ ဟိုဘက်၊ ဒီဘက် ၀န်ထမ်းတွေနဲ့ ပေါင်းရသကိုး။ ဒါကြောင့် ပတ်စပို့ရဲ့တန်ဖိုးက ကြီးသွား ရတာ။ ကျုပ်တို့လို အလုပ်သမားတွေအတွက်က ဘတ် ၅၅၀၀ ဆိုတာလွယ်မှမဟုတ်တာ။ ဒီတော့ အတိုးကြီးနဲ့ ငွေဆွဲရ ပြန်ရော။
ကျုပ်ဆိုရင် ပတ်စပို့လုပ်ဖို့အတွက် အရင်ဆုံး ငွေ ဘတ် ၂၀၀၀ ကြိုပေးထားရတာ။ တချို့လည်း ကြိုပေးငွေ ဘတ် ၂၀၀၀ နဲ့ လူပေါင်း ၅၀၀၀ လောက်လဲရှိရော ထွက်ပြေးသွားတဲ့ ကုမ္ပဏီတွေလည်း ရှိတာကြောင့် တချို့အလိမ်ခံရလို့ ငိုသူငို၊ အ ရင်ရုံးခန်းဖွင့်ထားတဲ့နေရာကို သွားဆဲတဲ့ လူဆဲနဲ့။ ကျုပ်လည်း ကျုပ်ရဲ့ အေးဂျင့်အခြေအနေကို မကြာမကြာ သွားကြည့် မိတယ်။ တော်သေးတယ်ပြောရမယ်။ ကျုပ်တော့ အလိမ်ခံမထိလိုက်ဘူး။
ပတ်စပို့သွားလုပ်ရမည့်နေကြတော့ ကျုပ်တို့ မြ၀တီဘက်အခြမ်းကိုသွားရတယ်။ ကျုပ်တို့ ပတ်စပို့လုပ်ရမည့် ၀င်းထဲ ရောက်ပြီးရင် အပြင်မထွက်ရဘူးဗျ။ အဲဒီ့ဝင်းထဲက ဆိုင်တွေမှာပဲ ၀ယ်ခြမ်းစာရတယ်။ မလွယ်ပါဘူးဗျာ ပုံမှန်အချိန်မှာ ၅ ဘတ်တန် သောက်ရေသန့်က အဲဒီ့ဝင်းထဲမှာ ဘတ် ၂၀ ကျတယ်။ ထမင်းတပွဲကို ဘတ် ၅၀ တဲ့။ ပတ်စပို့လုပ်တာကြာ တယ်။ အဲဒီ့ဝင်းထဲမှာ ညအိပ်ရတာများတယ်။ ညမအိပ်ချင်ရင် မြန်မြန်ရအောင် ဘတ် ၂၅၀ ထပ်ပေးရတယ်။ စာအုပ်ရပြီး ရင် စာအုပ်ထည့်ဖို့ လယ်သာအိတ်နဲ့ ကဒ်ပြားဖိုးက ၁၂၀ ဘတ်ထပ်ကျတယ်။ အားလုံးပေါင်းရင်တော့ ဘတ် ၆၅၀၀ လောက်ကျသွားတယ်။
အဲဒါနဲ့လည်း မပြီးသေးဘူးဗျ၊ အလုပ်သမားလက်မှတ်ကို သက်တန်းတိုးရအုံးမယ်။ အထည်ချုပ်ကလူတွေကို ဆေးရုံက ဘတ် ၆၀၀ ပဲယူတယ်။ ကျုပ်တို့လို အပြင်က အလုပ်သမားတွေကြတော့ ဘတ် ၁၉၀၀ ယူတယ်။ ဒါပေမဲ့ နေမကောင်းလို့ ဆေးရုံသွားရင်တော့ ဘတ် ၃၀ ပဲကုန်မယ်လို့ပြောတာပဲ။ ကျုပ်က တစ်ခါမှ ဆေးရုံမသွားဖူးဘူးဗျ။ နောက်ပြီး တောမော ရုံးလို့ခေါ်တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးကိုတော့ ၂ နှစ်စာ ဘတ် ၁၉၀၀ ပေးရတယ်။ ဒါနဲ့ပြီးလားဆိုတော့ မပြီးဘူးဗျ ကျုပ်ကို အာမခံပေးတဲ့ သဋ္ဌေးကလည်း သဋ္ဌေးခဆိုပြီး ယူတာရှိတယ်။ အားလုံးပေါင်းလိုက်ရင် ဘတ် ၅၀၀၀ လောက် ထပ်ကြပြန်ရော။ ပတ်စပို့နဲ့ အလုပ်သမားလက်မှတ်နဲ့ရဖို့ ဘတ် ၁ သောင်းကျော်ကုန်တယ်ဆိုတော့ ကျုပ်မှာလည်း အကြွေးတွေ လည်ပင်းနစ်တော့မယ်။ ကျုပ်လည်းတော်တော်စိတ်ညစ်သွားတယ်။ ဒီအကြွေးတွေကို ဘယ်လိုလုပ်ဆပ် ရပါ့မလဲလို့ စဉ်းစားမိရင် အိပ်တောင်မှ မပျော်ဘူး။
ဒီကြားထဲ ပတ်စပို့တွေနဲ့ ဘန်ကောက်သွားခွင့်မရှိတော့ဘူးလို့ ပြောနေကြပြန်ပြီ။ ဘာတွေမှန်းလဲကိုမသိတော့ဘူး။ မဲဆောက်မှာ ဆက်အလုပ်လုပ်ရင်လည်း ပတ်စပို့လုပ်ဖို့ချေးထားတဲ့ ငွေကို ဘယ်လိုလုပ်ဆပ်နိုင်ပါ့မလဲ။ မဲဆောက်မှာက ရတဲ့ ပိုက်ဆံကနည်းနည်းလေးရယ်။ အိမ်ကိုပြန်ပို့တာနဲ့၊ ဒီမှာ ကိုယ်စားတာနဲ့ မလွယ်ရေးချမလွယ်ဗျို့။ အခုတလော ကုန်ဈေးနှုန်းတွေကလည်း တက်နေသေးတယ်။ အရင်က ဆိုင်တိုင်းလိုလိုမှာ ဟင်း ၅ ဘတ်ဖိုးဝယ်လို့ရတယ်။ အခု အ ချဉ်ဟင်းတောင်မှ ၅ ဘတ်ဖိုးမရောင်းကြတော့ဘူး။ ကျုပ်တို့လို အလုပ်ကြမ်းသမားတွေက ထမင်းလောက်ကို အဟာရပြု စားရတာလေ။
အခုတလော ကျုပ်တော်တော်စိတ်ညစ်နေတယ်။ ကျုပ်တို့ရဲ့ အလုပ်ဆိုဒ်တွေကလည်း ပိတ်ရက်များနေတာနဲ့ ရွာကိုခဏ ပြန်အုံးမယ်လို့ စိတ်ကူးလိုက်မိတယ်။ ဒါကြောင့် ကျုပ်အိတ်ထဲမှာ ကျန်နေတဲ့ ငွေစနဲနဲနဲ့ ကလေးတွေအတွက် ပစ္စည်း လေးဘာလေး ၀ယ်ဖို့ ဈေးထဲကိုလာခဲ့မိတယ်။ ဈေးထဲမှာ သစ်ခွပင်လေးတွေကို တပင် ၂၀ နဲ့ရောင်းနေတာတွေ့တယ်။ ကျုပ်ရဲ့ အိမ်သူက ပန်းပန်တာဝါသနာပါသလို အပင်လေးတွေစိုက်တာလည်း ၀ါသနာပါတယ်။ ပြီးတော့ ဈေးလည်းပေါ တယ်။ အခုလို ငွေခန်း နေချိန်မှာ သူ့အတွက် လက်ဆောင်အဖြစ် ဒါလေးဝယ်သွားရင် မဆိုးဘူးလို့ တွေးမိလို့ သစ်ခွ တပင် ၀ယ်လိုက်တယ်။
ကျုပ်လည်း သစ်ခွပင်လေးကိုင်ပြီး ဈေးထဲလျောက်နေတုန်း ကျုပ်တို့ ဆိုဒ်ထဲက ထိုင်းမှာနေတာကြာပြီးဖြစ်တဲ့ ကောင်နဲ့ တွေ့တယ်။ သူက ကျုပ်ရွာပြန်မယ်ဆိုတာသိထားတော့ ကျုပ်ကိုမေးတယ်။ လက်ထဲက သစ်ခွပန်းပင်က ဘာလုပ်ဖို့လဲ တဲ့။ ကျုပ်ကတော့ ရိုးရိုးပဲ ကျုပ်အိမ်သူအတွက်လို့ပြောလိုက်တော့ သူက “ခင်ဗျား ထိုင်းဥပဒေကို မသိဘူးလား။ ထိုင်းမှာ က သစ်ပင်တွေခုတ်ခွင့်မရှိဘူး။ သစ်ပင် ခိုးခုတ်တာကိုတွေ့လို့ကတော့ ထောင်ဒဏ် ၁၅ နှစ်အထိချလို့ရတယ်ကွ။ သစ်ခွ ဆိုတာက သစ်တောထွက်ပစ္စည်းမို့လို့ ခင်ဗျားယူသွားလို့မရနိုင်လောက်ဘူးနော်။ ခင်ဗျားကို ဖမ်းနိုင်တယ်။ အရေးယူလို့ရ တယ်” တဲ့။ အလို ဘုရား ဘုရား။
ကျုပ်ဘုရားတပြီး တဆက်တည်း သတိရလိုက်တာက ကျုပ်သဋ္ဌေးရဲ့ အိမ်က သစ်လုံးကြီးတွေ၊ ဘီဒိုတွေ၊ ပန်းပုရုပ်တွေ လုပ်တဲ့ ကျွန်းသစ်တွေဘယ်ကများရလာပါလိမ့်…
ခင်ငြိမ်းသစ်
naytthit.net

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1