Sunday, August 5, 2012

ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်ခုနစ်ခုနှင့် နော်ဝေနိုင်ငံ အော်စလို တက္ကသိုလ်တို့ ပူးပေါင်း၍ ပညာရပ်ဆိုင်ရာ သင်တန်းများဖွင့်လှစ်ရန် ဆွေးနွေး

Ever November | 8/05/2012 09:18:00 PM | Best Blogger Tips
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံအား သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်ခုနစ်ခုနှင့် နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်တို့ ပူးပေါင်း၍ တက္ကသိုလ်ပညာရေး အဆင့်အတန်း မြင့်မားလာစေရေးအတွက် ပညာရပ် ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းများအနက် ရန်ကုန်တက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)၊ အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်၊ ပညာရေးတက္ကသိုလ်၊ ရန် ကုန်စီးပွားရေးတက္ကသိုလ်၊ ပြည်သူ့ ကျန်းမာရေးတက္ကသိုလ်နှင့် ရန်ကုန် နည်းပညာတက္ကသိုလ်တို့ပါဝင်ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ပြည်တွင်းလူမှုရေး အဖွဲ့အစည်း မင်္ဂလာမြန်မာက ညှိနှိုင်းဆောင်ရွက် ပေးကြောင်း သိရသည်။
“နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးတဲ့ပညာရေး ကဏ္ဍအတွက် တက္ကသိုလ်ပညာရေး အဆင့်အတန်း မြင့်မားရေးအတွက် အဓိကရည်ရွယ်ပါတယ်။ တက္ကသိုလ်ပညာရေး အဆင့်အတန်း မြင့်မားလာတာနဲ့အမျှ ကျန်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေလည်း ဖွံ့ဖြိုးတိုးတက် လာနိုင်မယ်လို့ ယူဆတဲ့အတွက် လွန်ခဲ့တဲ့ ၂၀၁၀ လောက်ကတည်းက စပြီးတော့ နိုင်ငံခြားတက္ကသိုလ်တွေ ကို ဆက်သွယ်တယ်။ နိုင်ငံတကာ အဆင့်သင်တန်းတွေ ပေးဖို့၊ ပြည် တွင်းမှာ လုပ်တဲ့ တက္ကသိုလ် အဆင့်ဆွေးနွေးပွဲတွေမှာ ပါဝင်ပေးဖို့၊ နောက် ကျွန်တော်တို့ဆီက သူတွေလည်း သူတို့တက္ကသိုလ်တွေက ဖွင့်တဲ့ ရက်တို သင်တန်းတို့၊ အလုပ်ရုံဆွေးနွေးပွဲတို့ မှာတက်နိုင်ဖို့၊ Master? Ph.D အဆင့်သင်တန်းတွေပေးဖို့ပါ ပါတယ်။ ပြောတဲ့နေရာမှာ ပြည်တွင်းမှာလာ သင်ဖို့ ဦးစားပေးတိုက်တွန်းခဲ့တယ်။ တချို့တက္ကသိုလ်တွေက စိတ်ဝင်စား တယ်။ စိတ်ဝင်စားတဲ့ တက္ကသိုလ် တွေထဲက ဒီတက္ကသိုလ်က ထူးထူးခြားခြား ဒီမှာလာပြီးတော့ သင်ကြားပေးဖို့အပြင် NGO တွေနဲ့ ပေါင်းပြီး တော့ တခြားလုပ်ငန်းတွေလည်း လုပ်ဖို့လည်း စိတ်ဝင်စားပါတယ်” ဟု မင်္ဂလာမြန်မာမှ ဒေါက်တာဖုန်းဝင်းက ပြောပြခဲ့သည်။
လက်ရှိတွင် ဆေးတက္ကသိုလ် (၁)နှင့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်များနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး ကျန်တက္ကသိုလ်များနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိဆွေးနွေးလျက် ရှိသည့် တက္ကသိုလ်များတွင် အများနှင့်သက်ဆိုင်သည့် တိုင်းပြည်အုပ်ချုပ်မှု မူဝါဒဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ သမိုင်း၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ သိပ္ပံပညာရပ်များ၊ ဆရာ ဆရာမ များ၏ သင်ကြားရေးဆိုင်ရာပညာ ရပ်များနှင့် ဆက်စပ်သည့်သင်တန်းများကို ဖွင့်လှစ်သင်ကြားနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1