Saturday, November 17, 2012

နာကျင်မှုဒဏ်ရာတွေနဲ့ မေ့လျော့ခံလက်ချောင်းပိုင်ရှင်လေးများ

Ever November | 11/17/2012 03:35:00 PM | Best Blogger Tips

အချိန်က ညနေ ရှစ်နာရီ ရှိပါပြီ။.. ညဥ့်နက်သည်နှင့် အမျှ ယမကာဆိုင်တချို့မှ ပြန်လာကြသော အညောင်းမိသူ အမျိုးသား အများစုကို သူမတို့က ၀န်ဆောင်မှု ကောင်းကောင်း ပေးရတော့မည် ဖြစ်သည်။
 
အများစုက မာဆတ်ဟု အလွယ်တကူ ခေါ်ဝေါ်နေကြသော အနှိပ်ခန်း (Massage)များသည် ခြေလက်နှိပ်နယ်မှုများ အတွက် ၀န်ဆောင်မှုပေးရန် ဖွင့်လှစ်ထားခြင်း ဖြစ်သော်လည်း အခြားလုပ်ငန်းများကိုပါ တွဲထားသည့် နေရာဒေသများအတွက် ထိုအနှိပ်ခန်းအများစုက ဟန်ပြလုပ်ငန်းအဖြစ် ရပ်တည် လေ့ရှိကြောင်းကိုလည်း သိရသည်။
 
သို့သော် အနှိပ်ခန်းအားလုံးမှာ လိင်ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်နေခြင်းတော့ မဟုတ်ပေ။
 
မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော် အစရှိသော မြို့တော်ကြီးများအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ်များ၌ပါ အနှိပ်ခန်းယဉ်ကျေးမှုတစ်ရပ်အရှိန် အဟုန်ဖြင့် ထွန်းကားနေခဲ့ခြင်းဖြစ်သည်။ အနှိပ်ခန်းအားလုံးမှာ တရားဝင် ရပ်တည်နေခြင်းတော့ မဟုတ်ပါ။
 
လိင်ဖျော်ဖြေရေးလုပ်ငန်းအတွက် အနှိပ်ခန်းသဏ္ဌာန်ရုပ်ဖျက်ထားခြင်းမျိုး ရှိသကဲ့သို့ အချို့မူ အလှပြင် ဆိုင်(Beauty Salon)အဖြစ် ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားတတ်ကြသည်။
 
အလှပြင်ခန်းဟု အမည်တပ်ထားသော်ငြားလည်း အဓိကလုပ်ငန်းမှာ နှိပ်နယ်ခြင်းများသာ ဖြစ်သည်။ အဖမ်းအဆီး၊ အစစ်အဆေးများ လက်အောက်မှာပင် အနှိပ်ခန်းများသည် မီးရောင်တလတ်လတ်ဖြင့် လှပကျော့ရှင်းလျက် ရှိနေသည်။
 
တိုက်ခန်းပေါ်က ၀ရန်တာမှာ Beauty Salon ဟု ရေးထားပြီး အနီရောင်မီးလုံးလေးကို ခပ်မှိန်မှိန် ထွန်းညှိထားသည်။ ထိုမီးရောင်များက ဆိုင်ကို လာရောက်မည့် ဧည့်သည်များ အခန်းမမှား၊ လမ်းမ မှားစေရန် ခေါ်ဆောင်လာ လိမ့်မည်။ ထိုသို့မထားရှိပါက ရီဝေေ၀ဖြစ်နေသော ဧည့်သည်များ သည် တခြားသော ဘေးတိုက်ခန်း တံခါးများကို မှားခေါက်ကြမှာ သေချာပါသည်။
 
မိတ်ကပ်ဆံပင်ခြေသည်းလက်သည်းဝန်ဆောင်မှုဟု အမည်တပ်ထားသည့် ဆိုင်၏တံခါးကို တွန်းဖွင့်၍ ဧည့်ခန်းရှိ ဆိုဖာဆက်တီခုံတွင် ၀င်ထိုင်လိုက်သော ဧည့်သည်များအနီးမှာ ခိုင်တို့ တစ်တွေ စီတန်း၍ ရပ်ကြရသည်။ ဧည့်သည်က ကိုယ့်ကို ရွေးချယ်ပါစေဟု ခိုင်တစ်ယောက် ဆုတောင်းနေမိသည်။
 
ဒီလကုန်လျှင်နယ်မှာ ရှိသော သူမ၏ မိသားစုထံ ပြန်ပို့ရမည့် ငွေကြေး ပမာဏ မပြည့်သေးသည် ကိုလည်း “ ခိုင် သိထား ပါသည်။
 
ဧည့်သည်များများရမှသာ ဒီလအတွက် ပိုက်ဆံများများကျန်မည် ဖြစ်သည်။ “ခိုင်မှာ အမေ၊ မောင်လေးနှင့် ညီမလေး ရှိသည်။ အဖေဆုံးပြီး မကြာမီမှာပဲ ရန်ကုန်မှာ အလုပ်လာလုပ်ခြင်းဖြစ်သည်။
 
ခိုင်သည် ရန်ကုန် ရောက်ရောက်ချင်းမှာပင်  အနှိပ်ခန်းတစ်ခုတွင် အလုပ်ရခဲ့သည်။ ပထမ အလုပ် သင်ဘ၀ နောက်မှ အနှိပ်သင်ရင်းနှင့်  အလုပ်သမတစ်ဦးဖြစ်လာသည်။ အလုပ်၏ ပထမ ရက်သတ္တ ပတ်များသည် သူမအတွက် ပင်ပန်းဆင်းရဲကြီးစွာ ဖြစ်ရသည်ဟု “ ခိုင်ကဆိုပါသည်။
 
နောက်တော့လည်း မီးရောင် တလဲ့လဲ့အောက်မှာ သူမ နေသားကျသွားခဲ့သည်ဟု ဆိုသည်။ အဆိုပါ လုပ်ငန်း အများဆုံးတည်ရှိနေရာ ရပ်ဝန်းမှာ ကျောက်တံတား၊ လသာ၊ လမ်းမတော်စသည့် မြို့တွင်း ဧရိယာများဖြစ်ပြီး စမ်းချောင်းမြို့နယ်နှင့် ဘုရင့်နောင်ပွဲရုံဝန်းကျင် စသည်တို့မှာလည်း ထိုက်သင့် သလောက် နာမည် ကျော်ကြားသည်။
 
ရန်ကုန်တစ်မြို့လုံးတွင် အနှိပ်ခန်းများ ရာဂဏန်းကြီြး့ကီးရှိ လာပြီဖြစ်သည့်အတွက် ရွေးချယ်စရာ လည်း ပေါများလာပြီ ဖြစ်သည်။
 
အနှိပ်ခန်းနှင့် အလှပြင်ခန်းများအားလုံးကို လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်လိမ့်မည်ဟု သိမ်းကျုံး မြင်လို့ မရသော်လည်း အချို့မှာ မကြာမခဏတော့ လုပ်ငန်းချင်းဆက်နွယ်မှုရှိတတ်ကြသည်ဟု ကိုယ်တိုင်သွား ရောက်နေကျ အမျိုးသားအများစုက ပြောကြသည်။
 
တရားမ၀င် အနှိပ်ခန်းများသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အသီးသီးကို လိုင်းကြေးဟုခေါ် ဝေါ်သည့် ငွေပမာဏများကို လစဉ်ပေးသွင်းရမှုရှိသည်ဟုလည်းသိရသည်။
 
ဟန်ပြအနှိပ်ခန်းများအပြင် ယင်းကဲ့သို့ သော ကျန်းမာရေးအနှိပ်ခန်းများလည်း များစွာရှိသောကြောင့် အမှန်တကယ် အညောင်းမိ၊ အကြောတက်နေသော အမျိုးသားများသည် ကျန်းမာရေး အနှိပ်ခန်းများ သို့သာ သွားလေ့ရှိကြောင်းကိုလည်း သိရသည်။
 
ဟန်ပြအနှိပ်ခန်းများနှင့် ကျန်းမာရေးအနှိပ်ခန်းတို့မှာ ဈေးနှုန်းအားဖြင့် ကွာဟမှု မရှိလှသော်လည်း ဟန်ပြ အနှိပ်ခန်းများတွင်တော့ Happy Ending ဖြစ်လိုပါက အမျိုးသမီးများတောင်းသည့် ငွေကြေးကို ထပ်မံပေးဆောင်ရလေ့ရှိသော်လည်း၊ အချို့မှာ ဖောက်သည်အား ကြည့်၍ အခေါ်အပြောပြု လုပ်လေ့ ရှိကြောင်းကိုလည်း မကြာခဏအညောင်းမိလေ့ရှိသည့် အမျိုးသားများက ဆိုသည်။
 
ကျန်းမာရေး အနှိပ်ခန်းများမှာ လိင်ဖျော်ဖြေမှုဆိုင်ရာကဏ္ဍများ မပါဝင်ဘဲ အနှိပ်ပညာကိုသာ ဦးစား ပေးလုပ်ဆောင်ကြသော သမ္မာအာဇီဝကျသည့်လုပ်ငန်းတစ်ရပ် ဖြစ်သည်။
 
ဖူး ဆိုသည့် နာမည်ကိုင်ဆောင်ထားသူတော့ ကျန်းမာရေး အနှိပ်ခန်းတွင် လာရောက် လုပ်ကိုင် နေသည်မှာ တစ်နှစ်ကျော် ကာလပင် ရှိပြီဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး တစ်နေရာတွင် မွေးဖွား ခဲ့သော သူမသည် ရန်ကုန်မြို့တွင် ကျန်းမာရေး အနှိပ်သမလေး ဖြစ်လာခဲ့သည်။
 
ရန်ကုန်မြို့တွင်း၌ပင် တည်ရှိကာ လူတစ်ဦးကို တစ်နာရီ တစ်ချိန်နှိပ်လျှင် လေးထောင် ကျသင့်ပြီး ထိုငွေထဲမှ တစ်ထောင်ကျပ်ကို “ဖူးတို့ ရရှိသည်။ အချို့ဆိုင်များမှာ နေရာနှင့် အခန်းကောင်းမွန်မှု အလိုက် ကျပ် (၃၀၀၀) ၀န်းကျင်မှ (၇၀၀၀) ၀န်းကျင်အထိ ရှိကြောင်းကိုလည်း သိရသည်။
 
“တစ်ခါတလေ တစ်ရက်လုံးမှာ (၁၅) ချိန်လောက် နှိပ်ရတယ်။အနည်းဆုံးတော့ (၈) ချိန် လောက် တော့ ရပါတယ်။ လကုန်ရက်တွေနဲ့ ဘောလုံးပွဲ ရှိတဲ့ရက်တွေ လူအရမ်းကျတယ်။ လစာက တစ်သောင်းပဲ ပေးတယ်။ ထမင်းကျွေးတယ်။ အဆောင်မှာနေရတယ်။ တစ်လလုံးမှာ ကိုယ်နှိပ်ခဲ့တဲ့ ဆက်ရှင်ချိန် (၃၀၀)ပြည့်ရင် တစ်ချိန်ကို ခြောက်ရာ၊ ခုနှစ်ရာအထိ တွက်ပေးတယ်။ ပြီးတော့ ဘောက်ဆူး လေးသောင်းလည်း ပေးတယ်။ တစ်လကို တစ်သိန်းကိုးသောင်းလောက်တော့ ပုံမှန်ရပါတယ်။ တစ်လကို နှစ်ရက် နယ်ကို ခွင့်ပြန်လို့ရတယ်ဟုသူမက ပြောပြသည်။
 
ဖူးတို့လို ကျန်းမာရေး အနှိပ်ခန်း သီးသန့်များ၌ အမျိုးသမီးအများစုကို  အသက် (၁၈) နှစ်ကနေ (၂၇) နှစ်ခန့်အထိ တွေ့နိုင်ပါသည်။ သူတို့အားလုံးကို ကိုယ်ပိုင်နံပါတ်စဉ်များဖြင့် သတ်မှတ်ပေး ထားလေ့ရှိကြောင်းကိုလည်း သိရ  ဖြစ်သည်။
 
“ခက်ခဲတာတော့ မဟုတ်ပါဘူး။ စိတ်ပါရင် အတတ်မြန်ပါတယ်။ တစ်ခါတလေ တစ်နေကုန်နှိပ်ရတော့ ကိုယ်ပါ အညောင်း မိ နေရော။ ကိုယ်ညောင်းတော့ နှိပ်ပေးမယ့်သူ မရှိဘူးဟု “ဖူး၏ လုပ်ဖော်ကိုင် ဖက် သူငယ်ချင်းက ပြောသည်။
 
ဗဟန်းမြို့နယ်ရှိ ကျန်းမာရေး အနှိပ်ခန်းမ အလုပ်သမအချို့မှာမူ တစ်နေ့လျှင် လုပ်အားခ (၃) သောင်းမှ (၄) သောင်းထိ ရရှိသည်ဟု သိရသည်။
 
သူတို့မှာ ရရှိသည့် လုပ်အားခအတွက် တစ်ခါတစ်ရံ အရက်မူးလာကြသည့် ဧည့်သည်အမျိုးသားများ ထံမှ အရက်နံ့အပြင် ရစ်သည့်ဒဏ်ကိုပါ သည်းခံကြရသည်။
 
ဧည့်သည်နှင့် အဆင်မပြေလျှင် အနှိပ်ခန်းမန်နေဂျာနှင့် ပြဿနာတက်မှာပဲ ဖြစ်သည်။ အနှိပ်ခန်း အများစုမှာ တရားမ၀င် ဖြစ်သည်က များသည့်အတွက် ဧည့်သည်ကို စိတ်ရှည် ကြရမြဲ ဖြစ်သည်။
 
ရန်ကုန်မှ အနှိပ်ခန်းများအများစုမှာ တစ်ချိန် တစ်ဆက်ရှင်လျှင်  ၄၅ မိနစ်မှ ၁ နာရီကြား သတ်မှတ်ပြီး ဈေးနှုန်းမှာလည်း ၂၅၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိ ရှိတတ်သည်။ ဈေးနှုန်းမှာ ဆိုင်အပြင်အဆင်နှင့် ၀န်ထမ်းအမျိုးသမီးငယ်များ၏ ရုပ်ရည်လက္ခဏာအပေါ်မူတည်၍ ကွာခြားသွားခြင်းသာ။
 
မူးရူးပြီးရောက်လာတဲ့ လူတွေကို အခန်းထဲရောက်မှ ဈေးထပ်ညှိတယ်။ ဈေးက ငါးထောင်ကနေ ရှစ်ထောင်အထိ ခေါ်တတ်တယ်။ ဒါပေမဲ့ ပေးသလောက်နဲ့ ဖြစ်သွားကြတာပဲ။ အဲဒါက သူတို့အတွက် အပို ၀င်ငွေလေဟု ဟန်ပြအနှိပ်ခန်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ အမျိုးသားတစ်ဦးက ရှင်းပြသည်။
 
သူမတို့၏ ၀င်ငွေမှာ ပုံမှန် မရှိသော်လည်း တစ်ညလျှင် အနည်းဆုံး တစ်သောင်းခွဲလောက်တော့ ကျန်တတ်သည်ဟုလည်း သိရသည်။
 
ခိုင်သည် ကျန်းမာရေး အနှိပ်ခန်း တစ်ခုမှာလည်း လုပ်ကိုင်ခဲ့ဖူးသည်။ သို့သော် တကယ် အညောင်း မိ နေသူများကို ဆက်တိုက် နှိပ်နယ်ပေးရခြင်း၏ ပင်ပန်းမှုမှ ရရှိသည့် ၀င်ငွေထက် လွယ်ကူပြီး ပမာဏ များပြားသော ၀င်ငွေကို ပို၍ မက်မောခဲ့သဖြင့် ဟန်ပြ အနှိပ်ခန်း တစ်ခုသို့ ထပ်ပြောင်းလာခဲ့ခြင်း ဖြစ်သည်ဟု သူမက ၀န်ခံသည်။
 
 ပြည့်တန်ဆာလုပ်ငန်းများသာ တရားဝင်ဆောင်ရွက်ခွင့် ရရှိလာပါက အနှိပ်ခန်း နှင့် အလှပြင်ခန်းများ သဏ္ဌာန်ရုပ်ဖျက် လုပ်ကိုင်စရာ မလိုတော့ဘဲ ကျန်းမာရေးအနှိပ်ခန်းများနှင့် သီးခြားစီ ကွဲပြားသွားမည် ဖြစ်ကြောင်း အညောင်းမိလေ့ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။
 
တရားဝင်လုပ်တော့မယ်လို့ ပြောသံကြားတယ်။ သမီးတို့ အနှိပ်ခန်းမှာလည်း ၀န်ထမ်းတွေကို သေချာလေ့ကျင့်ပေးပြီး သင်တန်းဆင်း လက်မှတ်လိုမျိုး ထုတ်ပေးမယ်လို့ ပြောထားတယ်။ ဘယ်တော့လဲတော့ မသိဘူးဟု ကျန်းမာရေးအနှိပ်ခန်းမှ အသက် ၁၈ နှစ်အရွယ် “ ဖူးက ပြောသည်။
 
ဟန်ပြ အနှိပ်ခန်းများ၏ နောက်ကွယ်တွင် ဇာတ်လမ်းများစွာ ရှိပါသည်။ ဇာတ်လမ်းများသည် သမားရိုးကျ ဖြစ်ကောင်း ဖြစ်ပါမည်။ ထို့အပြင် တစ်နေ့နှင့် တစ်နေ့ မရိုးမထပ်စေရသော ဇာတ်လမ်းများလည်း ပါဝင်ကောင်း ပါဝင်ကြပေလိမ့်ဦးမည်။
 
ကျမ်းမာရေးသီးသန့်အနှိပ်ခန်းများနှင့် လိင်ဖျော်ဖြေမှုပါသည့် အယောင်ဆောင်အနှိပ်ခန်းများမှာလည်း ကွဲပြားသင့်သည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အသက်(၄၀)၀န်းကျင်ရှိ ကုန်တင်ကားကြီး မောင်းနှင်သူတစ်ဦးက ဆိုသည်။
 
ဒီမိုကရေစီခေတ်မှာ အနှိပ်ခန်းတွေလည်း ဖားနဲ့ ငါးနဲ့ကွဲဖို့လိုပြီ၊ ကျွန်တော်တို့လို တကယ် အညောင်း မိတဲ့သူတွေ သွားအနှိပ်ခံမယ်ဆိုရင်တောင် တကယ်ညောင်းပေမယ့် အနှိပ်ခန်းသွားမယ်လို့ အိမ်ကို မပြောရဲတဲ့ အခြေအနေဖြစ်နေတော့ တကယ့်ကျမ်းမာရေးအနှိပ်ခန်းတွေအတွက် တရားဝင် လိုင်စင်ချပေးပြီး ရောစပ်မှုကင်းအောင် လုပ်ပေးဖို့ မျှော်လင့်တယ်ဟု ရန်ကုန်-မန္တလေးကုန်တင် ကားကြီးမောင်းသူ ကိုကျော်သောင်းက ပြောသည်။
 
ထို ကျန်းမာရေးအနှိပ်ခန်းများ၌ပင် အညောင်းမိသူတို့အား အပိုလုပ်အားခ ယူ၍ ပျော်ရွှင်မှုပေးရန် စောင့်ဆိုင်းကြမည့်သူများကိုလည်း ကန်သတ်နိုင်မှသာ တကယ့်ကျမ်းမာရေးအနှိပ်ခန်းစစ်စစ် ဖြစ်နိုင်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 
ခိုင်သည် ဧည့်သည်ရှင်းချိန်တွင် သူမ၏ လက်မောင်းအား ခပ်ဖွဖွထုရင်း အ၀တ်သေတ္တာငယ်ထဲမှ ငွေစက္ကူတချို့ကို တစ်ရွက်ချင်း ရေတွက်နေမိသည်။
 
သူမသုံးစွဲရန် အနည်းငယ်ဖယ်ပြီးပါက နယ်မြို့လေးမှ အမေ၊မောင်လေးနှင့်ညီမလေး တို့ဆီ ပို့ပေးရမည့် ပမာဏကိုလည်း စိတ်မှန်းဖြင့် တွက်ချက်ကြည့်လိုက်ပြီး အသက်ကို၀၀ ရှူသွင်း လိုက်သည်။
 
အပေါစား မိတ်ကပ် ကို မျက်နှာပေါ် တဖျပ်ဖျပ် ရိုက်လိုက်ပြီး ဆံပင်ကို ခပ်ဖွဖွ သပ်တင်ကာ လေ့ကျင့်ထားသည့် အလှဆုံး အပြုံးတစ်ချက် ပြုံးလိုက်စဉ် ဧည့်ကြို ကောင်တာမှ သူ့အမည် ခေါ်လိုက်သော အခါ လက်မောင်းနာကျင်မှုဒဏ်အား   မေ့လျော့သွားသည့် ခြေလှမ်းများဖြင့် ………………..။
ဉာဏ်ဉာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1