Tuesday, January 8, 2013
အထိုင်ကျပြီး ကြံ့ခိုင်မှု ပိုကောင်းလာပါက လီဗာပူးလ်အတွက် ဂိုးပိုသွင်းပေးမည်ဟု စတားရစ်ဂ်ျ ကတိပြု
Ever November | 1/08/2013 05:12:00 PM |
အားကစား
လီဗာပူးလ် တိုက်စစ်မှူးသစ် ဒန်နီရယ်လ် စတားရစ်ဂ်ျက အသင်းနှင့် ပိုမို အခြေကျလာပါက ခြေစွမ်းပိုမို တိုးတက်လာစေမည်ဟု ကတိပြုခဲ့သည်။
အသက်(၂၃)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် ပွဲထွက် နေရာအတွက် ရုန်းကန်ခဲ့ရသည့် ချယ်လ်ဆီးကို စွန့်ခွာကာ လီဗာပူးလ်သို့ ပေါင်စတာလင် (၁၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည်။ ၎င်းသည် အသင်းသစ်နှင့် ပွဲဦးထွက်အဖြစ် FAဖလား ပွဲစဉ်တွင် မန်းစ်ဖီးလ်နှင့် ရင်ဆိုင်ခဲ့ရာ ဗွေဆော်ဦးဂိုးကို သွင်းယူနိုင်ခဲ့သည်။ စတားရစ်ဂ်ျသည် ယခုပွဲတွင် ဂိုးသွင်းခဲ့သော်လည်း အသင်းတွင် ပိုမိုအံဝင်လာသလို ကြံ့ခိုင်မှု ပြည့်ဝလာပါက သွင်းဂိုးများ ပိုမို များပြားလာစေမည်ဟု ပြောကြားသွားသည်။
စတားရစ်ဂ်ျက "လောလောဆယ် ကျွန်တော်က ဂိုးရှေ့မှာ ထက်မြက်မှု ပျောက်ဆုံးနေဆဲပါ။ မန်းစ်ဖီးလ်နဲ့ ပွဲမှာ ကျွန်တော် အခွင့်အရေး တချို့ လက်လွှတ်ခဲ့ရတယ်။ ကျွန်တော့် ကြံ့ခိုင်မှု တိုးပွားလာမယ့် အခြေအနေမှာ ကျွန်တော် ပိုပြီး ခြေစွမ်းထက်လာမှာပါ။ ကျွန်တော် ခုပွဲမှာ မိနစ်(၆၀)လောက် ကစားခွင့် ရခဲ့တဲ့အတွက် မန်နေဂျာကိုလည်း ကျေးဇူးတင်ပါတယ်။ ခုလောလောဆယ် အသင်းမှာ သေချာ မလေ့ကျင့်ရသေးပါဘူး။ ကျွန်တော် လီဗာပူးလ်နဲ့ လေ့ကျင့်ရေး အစီအစဉ် (၃)ခုပဲ ပါဝင်ရပါသေးတယ်"ဟု ပြောဆိုခဲ့သည်။
စတားရစ်ဂ်ျက မိမိ၏ ဂိုးအတွက် ဖန်တီးပေးခဲ့သည့် ကွင်းလယ်လူ ဂျွန်ဂျို ရှယ်လ်ဗီကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ "ရှယ်လ်ဗီ့ဆီက ပေးပို့လိုက်တဲ့ ဘောလုံးကတော့ သိပ်ကို ကောင်းလွန်းပါတယ်။ အမြင်ထက်သန်မှုနဲ့ တိကျမှု အားလုံးက ပြီးပြည့်စုံနေတယ်။ သူ့ဖန်တီးမှုကြောင့် ကျွန်တော် သေချာပေါက် ကန်ခွင့်ရတဲ့ အခြေအနေမှာပဲ လွယ်လွယ်ကူကူ ဂိုးသွင်းနိုင်ခဲ့တာပါ"ဟု စတားရစ်ဂ်ျက ဖွင့်ဟသွားသည်။
Ref: The Sun
soccer myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment