Wednesday, April 3, 2013

အတိတ် ၊ပစ္စုပ္ပန် အနုပညာပြေးလမ်းပေါ်က စိုးသူ ပုံရိပ်များ

Ever November | 4/03/2013 11:19:00 AM | Best Blogger Tips

မြန်မာနိုင်ငံအလယ်ပိုင်း၌ အဆိုကျော်တို့ထွက်ပေါ်ခဲ့ရာ တောင်တွင်းကြီးဇာတိဖြစ်သော အကယ်ဒမီကိုစိုးသူသည် သူချစ်သော အနုပညာလောကအတွင်းသို့ ပြန်လည်ဝင် ရောက်လာခဲ့ပြီဖြစ်သည်။ အမည်ရင်းမှာ စိုးသူလွင် ဖြစ်ပြီး အနုပညာမောင်နှမများက ကိုပေါက်စဟုလည်း ချစ်စနိုးခေါ်ကြသည်။ ၁၉၈၃- ၈၄ ခုနှစ်တွင် ဒါရိုက်တာနေဝင်းထွန်း၏ ” မိုက်ကြွေး မိုက်ပြစ်” ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်လာခဲ့ပြီး ၁၉ နှစ်ကြာမျှကျင်လည် ဖြတ်သန်းခဲ့ကာ ရုပ်ရှင်ဇာတ်ကားပေါင်း ၁ဝဝ ကျော်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၁ဝဝကျော် ရိုက်ကူး အောင်မြင်ခဲ့သူဖြစ်သည်။
၁၉၈၃-၁၉၈၄ ခုနှစ်က ဒါရိုက်တာ ဦးနေဝင်းထွန်း ရိုက်ကူးသည့် ” မိုက်ကြွေးမိုက်ပြစ်” အဖြူအမည်း ရုပ်ရှင်ဇာတ်ကားကြီးသည် ကိုစိုးသူ၏ ပထမဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ထိုနှစ်မှာပဲမင်းသားကြီးဦးမြတ်လေးနှင့် ဒေါ်ဆွေဇင်ထိုက်တို့ ပါဝင်သော “ရွှေပန်းကန်ပေါ်ကျတဲ့ မျက်ရည်” အဖြူအမည်း ရုပ်ရှင်ဇာတ်ကားကြီးကို ဒုတိယမြောက် ဇာတ်ကားအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။ တတိယမြောက် ဇာတ် ကား အဖြစ် ဒါရိုက်တာဦးဘတင်ရိုက်ကူးသည့် “ချစ်တာမာန်” ရုပ်ရှင်ဇာတ်ကားကို မင်းသမီးဒေါ်လဲ့လဲ့ဝင်းလှိုင်နှင့် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မန္တလေးတွင်သွားရောက် ရိုက်ကူးခဲ့သည်။စာရေးဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၏ ” နှလုံးသားတစ်ထောင့်ထဲက အလွမ်းမိုးရိပ်တွေပါ ညို” ဝတ္ထုကို “မျက်ဝန်းထဲမှာ မိုးရွာ ပြီညို” ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးခဲ့ရာပါဝင်သရုပ်ဆောင်ခဲ့ပြီး အကယ် ဒမီဆုစာရင်းဝင်ခဲ့သော်လည်း လွဲချော်ခဲ့ရသည့် ဇာတ်ကားလည်း ဖြစ်သည်။ ထို့ပြင် ဒါရိုက်တာ ဦးကြီးမြင့်ရိုက်ကူးသည့် “မြင်မြင်ချင်းပဲ ချစ်မိတယ်” ရုပ်ရှင်ဇာတ်ကားတွင် မင်းသားပြေငြိမ်း၊ ခိုင်ခင်ဦးတို့နှင့် အတူပါဝင်သရုပ်ဆောင်ခဲ့သည်။အဆိုပါ ဇာတ်ကားတွင် ကိုစိုးသူအနေဖြင့် အနုပညာလုပ်ပြခွင့်အများဆုံး ရရှိခဲ့သည့်ဇာတ်ကားဖြစ်သလိုပြေငြိမ်းနှင့်ခိုင်ခင်ဦးတို့၏ အနု ပညာပံ့ပိုးမှုအားကောင်းသောကြောင့် ပရိသတ်များကျေနပ်နှစ်ခြိုက်စေခဲ့သည့် ဇာတ်ကား ဖြစ်သည်။ မင်းသားပြေငြိမ်းနှင့် ကိုစိုးသူတို့အတူ တွဲ၍သရုပ်ဆောင်မှု အနုပညာပြခွင့် ရခဲ့ခြင်းကြောင့် ကိုစိုးသူအတွက် အမှတ်တရဖြစ်စေသည့် ဇာတ်ကားလည်းဖြစ်သည်။
၁၉၈၇ ခုနှစ်က အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေး၊ဒါရိုက်တာဦးကြည်စိုးထွန်း ရိုက်ကူးခဲ့သည့် ” ဒိုး” ဇာတ်ကားတွင် မင်းသားဦးကျော်သူနှင့် အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်လောက၌ ကိုစိုးသူ၏ နာမည်ဂုဏ်သတင်းကျော်ကြားခဲ့သော ဇာတ်ကားလည်းဖြစ်သည်။ “ဒိုး” ဇာတ်ကားကြီးသည် အမျိုးသားစာပေ ဆုရ စာရေးဆရာ မောင်ညွန့်လွင်၏ “တဒင်္ဂလေးများ” အမည်ရှိဝတ္ထုကို ရုပ်ရှင်အဖြစ်ပုံဖော်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ပရိသတ်များကြိုက်နှစ်သက်အားပေးမှုအရှိဆုံး ဇာတ်ကားဖြစ်ခဲ့ပြီးအကယ်ဒမီ တစ်ပြေးသည့်ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့သော်လည်း ဆုနှင့် လွဲချော်ခဲ့ရသည်။ ထို့အတူပင် “နှောင်းတမြေ့မြေ့” ဇာတ်ကားသည်လည်း အကယ်ဒမီဆုလွဲချော်ခဲ့သည် ဖြစ်ရာ ကိုစိုးသူ၏အနုပညာသက်တမ်းတစ်လျှောက် အကယ်ဒမီဆုနှင့်လွဲချော်ခဲ့သည့် ဇာတ်ကား ၃ ကားရှိခဲ့ခြင်းကလည်း ဘဝအတွက် အမှတ်တရရှိစေခဲ့ပါသည်။
ဒါရိုက်တာဘဘဦးသုခ ရိုက်ကူးသည့် ” မိုက်တယ်ဆိုတာ လွယ်ပါတယ်” ဇာတ်ကားတွင် မင်းသားကြီးဦးညွှန့်ဝင်း၊ မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဒါရိုက်တာ
စာရေးဆရာဦးကျော်နိုင်ရိုက်ကူးသည့် ” နံ့သာလူးချိန် ပန်းခူးချိန်” ဇာတ်ကားတွင်မင်းသားကြီးဦးကျော်ဟိန်း၊မင်းသမီးကြီးဒေါ်ခင်သန်းနုတို့နှင့် အတူ ပါဝင်သရုပ်ဆောင်ခဲ့ရပြီးပရိသတ်များက “မင်းသားစိုးသူ”ဟု စတင်သတိထားမိ စေခဲ့သော ဇာတ်ကားလည်းဖြစ်သည်။  ဒါရိုက်တာဦးသက်မောင်မောင်ရိုက်ကူးသည့် ” မြင်မြင်ချင်းပဲချစ်မိတယ်” ရုပ်ရှင်ဇာတ်ကားတွင် ခေတ်ပြိုင်မင်းသားတစ်ဦးဖြစ်သူ ပြေ ငြိမ်းနှင့်အတူတွဲဖက်၍ ရိုက်ကူးခဲ့သည်။ ဆရာမကြီး ဒေါ်ခင်နှင်းယု၏ နာမည်ကြီး ဝတ္ထုဖြစ်သော ” အောင်မြင်သောနေ့” ကို ဒါရိုက်တာဦးသက်မောင်မောင်က ရိုက်ကူးခဲ့ပြီး မင်းသားကြီးဦးညွန့်ဝင်း၊မင်းသမီးကြီးဒေါ်ဆွေဇင်ထိုက်၊ ဦးထွန်းထွန်းဝင်း၊ ဒေါ်မြင့်မြင့်ခိုင်၊စိုးမြတ်သူဇာ၊ တင့်တင့်ထွန်းတို့ နှင့်အတူပါဝင်သရုပ်ဆောင်ခဲ့သည်။  အနုပညာညီအစ်ကိုဖြစ်သော ဦးကျော်သူနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သော အဆိုပါ ” ဒိုး” ရုပ်ရှင်ဇာတ်ကားသည်အထူးအောင်မြင်ခဲ့သည်။ ၁၉၉၇ ခုနှစ် တွင်” အောင်မြင်သောနေ့” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ၁၉၉၅ခုနှစ် အတွက်အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိခဲ့သည်။
ဂီတအနုပညာနှင့် ကိုစိုးသူ    
၁၉၈၄-၁၉၈၅ ခုနှစ်က ဂျူပီတာကိုကျော်မင်းနှင့် ပလေးဘွိုင်းက Lead Guiter သမား ကိုကြည် ဝင်းသောင်း၊ သူငယ်ချင်းဖြစ်သူ ကိုဝင်းမြင့်ဦးတို့၏ ကမ်းလှမ်းတိုက်တွန်းမှုဖြင့်စီးရီးခွေထုတ်ဖြစ်ခဲ့သည်။ “ရည်းစားလေးအချစ်ရဲ့မှတ်တမ်း” တစ်ကိုယ်တော်စီးရီးဖြင့်လည်း ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး တေးစီးရီး၁၁ခွေထွက်ရှိခဲ့သည်။ ကိုစိုးသူသည် သူ၏ ပထမဆုံး စီးရီးမှာမမေဆွိက စုံတွဲသီချင်းနှစ်ပုဒ်ပါဝင်ကူညီသီဆို ပေးခဲ့ပြီးတေးရေးဆရာ ဝင်းမင်းထွေးက “ရည်းစားလေး” သီချင်းကို ရေးသားပေးခဲ့သည်။ ရုပ်ရှင်အနုပညာဘက်၌အောင်မြင်မှုရရှိခဲ့သလိုပင်ဂီတအနုပညာဘက်၌လည်း အောင်မြင်မှု ရရှိခဲ့သူဖြစ်သည်။
ကိုစိုးသူ၏ ပထမ အနုပညာရင်ခုန်ခံစားမှုစကား
ကိုစိုးသူက ဂီတအနုပညာနှင့် ပတ်သက်၍ စတင်ထိတွေ့ဖြစ်ခဲ့ပုံကို ” ကျောက်ဆည်မြို့တန်ဆောင်တိုင်မှာ ကျောက်ဆည်ဝန်ကြီးဌာနကနေပွဲတွေလုပ်ကြတော “ဧရာလှိုင်း”ဆိုတဲ့ တီးဝိုင်းကို ငှားပြီးဖျော်ဖြေခဲ့တယ်။ အဲဒီ” ဧရာလှိုင်း” တေးဂီတဝိုင်းမှာ သီချင်းတက်ဆိုဖူးခဲ့တာ ကျွန်တော်ခြောက်တန်းနှစ်ရောက်တဲ့ အချိန်ပေါ့။ ကျွန်တော်က အဆိုတော်ဦးဘိုဘိုဟန်ရဲ့ “ပွမ်ပွမ် မြည်တဲ့အသည်း”သီချင်းကိုဆိုပြီး ကျွန်တော်ရဲ့ညီမလေး ယဉ်သူဇာလွင်က ကလို့ပေါ့။ ကျွန်တော့်ရဲ့ပထမဆုံးဂီတနဲ့ပတ်သက်လို့ စင်ပေါ်က အတွေ့အကြုံလည်းဖြစ်သလိုစင်ပေါ်စဆိုတဲ့ သီချင်းလည်း ဖြစ်ပါတယ်”ဟု ပြော ပြသည်။ဆက်လက်ပြီး အနုပညာလောကထဲသို့ ပထမဆုံးခြေလှမ်း အဖြစ်စတင်သရုပ်ဆောင်တစ်ယောက်အနေဖြင့် ပါဝင်သရုပ်ဆောင် ခွင့်ရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီးနှင့် ပတ်သက်၍
အမှတ်တရရှိ ခဲ့ပုံကို“ကျွန်တော့်အတွက် အမှတ်တရအဖြစ်ဆုံး အခက်အခဲဆုံး ဇာတ်ကားဆိုရင် ပထမဦးဆုံးစရိုက်ခဲ့တဲ့ ” မိုက်ကြွေးမိုက်ပြစ်” ဇာတ်ကားကြီးပါပဲ။ ဒီဇာတ်ကားကဒရာမာလိုတအားငိုရတာမျိုး မဟုတ်ပေမယ့် အက်ရှင်ဖိုက်တင်လိုပုံစံမျိုးချည်းပဲ။နယ်မှာ အချိန်အကြာ ကြီးယူပြီး ရိုက်ခဲ့ရတာ။ဖိုက်တင်အက်ရှင်ဆိုပေမယ့်လည်း ဇာတ်ဝင် ခန်းတွေမှာ ပြေးလွှားရဆိုတော့ ပိုပင်ပန်းပါတယ်။ အဲဒီအချိန် အခါက ကျွန်တော်တို့ မြန်မာပြည်မှာက ဇာတ်ကားရိုက်ကူးရေး အတွက် ပစ္စည်းတွေက စုံစုံလင်လင်မရှိသေးတဲ့ကာလဆိုတော့ လူကြမ်းသရုပ်ဆောင်တွေဆိုရင် သိပ်သနားဖို့ကောင်းတယ်” ဟု ကိုစိုးသူက ရင်ခုန်အလွမ်းစိတ်တို့ဖြင့် အမှတ်တရစကားဆိုခဲ့သည်။
အမိမြေသို့ အပြန် ရှင်သန်နေဆဲ အနုပညာဝိဥာဉ်
၁၉၉ဝပြည့်နှစ် မြန်မာ့ရုပ်မြင်သံကြားနှစ်ပတ်လည်အခမ်းအနား အတွက် ” အချစ်ရိပ်အောက်ဝယ်” အမည်ရှိ ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုကို ကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ခဲ့သည်။ ၂ဝဝ၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး နှလုံးနှင့်ပတ်သက်သော ဆရာဝန်တစ်ဦးအဖြစ် အသက်မွေးရပ်တည်ခဲ့သည်။၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် မိခင်ကျန်းမာရေးကြောင့် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာပြီး ၂ဝ၁၃၊ ဖေ ဖော်ဝါရီလတွင် မိခင်ကျန်းမာရေးကြောင့်ပင် ထပ်မံရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏မိခင် ဒေါ်ခင်သူဇာ (အသက်- ၇၂ နှစ်) သည် ၁၆.၁.၂ဝ၁၃တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ဖခင်ဦးခင်မောင်လွင် (ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးချုပ် -အငြိမ်းစား)နှင့် မိခင် ဒေါ်ခင်သူဇာ(ဗဟိုတရား ရုံးချုပ်ရှေ့နေ)တို့က တောင်တွင်းကြီးမြို့တွင် မွေးဖွားခဲ့ပြီး ၇ တန်း၊ ၈ တန်းကစ၍ ရန်ကုန်မြို့တွင် ကျောင်းတက်ကာ ပညာသင်ဆည်းပူးခဲ့သည်။ ၈တန်းမှ ၁ဝတန်း အထိရန်ကုန်မြို့၊ဒဂုံအ.ထ.က (၁) ကျောင်း ၌ ပညာသင်ဆည်းပူးခဲ့ရာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ် ။ ညီအစ်ကို မောင်နှမ မွေးချင်းသုံးယောင်ရှိရာအစ်မဖြစ်သူ မချိုသူဇာလွင်ကအမေရိကန်၌နေထိုင်လျက်ရှိပြီး ညီမဖြစ်သူမယဉ်သူဇာလွင်က စင်ကာပူနိုင်ငံ၌ နေထိုင်လျက်ရှိသည်။ဇနီးဖြစ်သူမှာ ခင်မြမြဝတ်မှုံဆွေဖြစ်ပြီးသမီးဖြစ်သူမှာ အိန်ဂျယ်စိုးသူလွင်ခေါ် ဆုဝတ်မှုံစိုးဖြစ်ပြီး အမေရိကန်နိုင်ငံ၊မေရီလန်း (Maryland) ပြည်နယ်တွင် နေထိုင်လျက်ရှိသည်။
ငယ်ငယ်ကဝါသနာငယ်ငယ်တုန်းက ရည်ရွယ်ချက်က သီချင်းဆိုတဲ့အဆိုတော်နားက ဂစ်တာကိုအဓိကတီးခတ်ရတဲ့ Lead ဂီတာသမား ဖြစ်ချင်တာ။ နောက်ရည်မှန်းချက်တစ်ခုက လူရွှင်တော်ကြီးတွေကို အားကျပြီး တအားရယ်ရတဲ့ ပြက်လုံးကောင်းကောင်းတွေထုတ်နိုင်တဲ့  လူရွှင်တော်ဖြစ်ချင်တာပါ” ဟု ကိုစိုးသူက ပြောဖူးသည်။
အလွမ်းမိုးတွေရွာ
ကိုစိုးသူသည် သူအမေရိကန်နိုင်ငံရောက်စ ၁နှစ်၊ ၂ နှစ် အတွင်း မြန်မာနိုင်ငံကိုလွမ်း ရပုံနှင့်ပတ်သက်၍လည်း ” အမေရိကကို ရောက်စနှစ်တွေတုန်းက တမင်သက်သက်ကို၂နှစ်ကျော်ကျော်၊ ၃ နှစ်လောက်အထိ သီချင်းတွေနားမထောင်မိအောင်၊ ရုပ်ရှင်တွေမကြည့်မိအောင်၊ ဘာရုပ်ရှင်၊ ဘာသီချင်းမှ မကြည့်မိ၊ နားမထောင်မိအောင်နေတယ်။ ကိုယ်ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာရော၊ ကိုယ်ကိုယ်တိုင် ဘာကိုမှမကြည့်မိ၊ နားမထောင်မိအောင်ကြိုးစားပြီးနေတယ်။ တအား သတိရလွန်းလို့ နေ့တိုင်းမျက်ရည်ကျရတယ်” ဟုပြောသည်။
အနုပညာလောကအပေါ်အမြင်
” အရာရာကတော့ ဘုရားဟောပဲ။ ပြောင်းလဲနေတဲ့သဘောတရားရှိတယ်။ ကောင်းတဲ့ဘက်ကို တိုးတက် ပြောင်းလဲသွားရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့။ ဒါလည်း ကျွန်တော့်လိုပဲ ကောင်းစေချင်တဲ့ဆန္ဒအားလုံးအတူတူရှိကြမှာပါ။ ဘက်စုံထောင့်စုံကအခွင့်အလမ်း တွေရမယ်။ ပံ့ပိုးမှုတွေရမယ်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်လောက ကြီးတစ်ခုလုံးပိုပြီးတိုးတက်လာမယ်။ဘက်စုံထောင့်စုံက အကုန်လုံး အဆင်ပြေလာရင် ပိုကောင်းတာပေါ့။ ပြည်သူတွေအတွက် လည်း ကောင်းတယ်။ ရုပ်ရှင်လောက အတွက်လည်း ကောင်းတယ်။ တိုင်း ပြည်အတွက်လည်းကောင်းတယ်လို့မြင်ပါတယ်”ဟု အနုပညာလောက နှင့်ပတ်သက်၍ မှတ်ချက်စကားပြောခဲ့သည်။
အတိတ်နှင့် ပစ္စုပ္ပန်
ကိုစိုးသူသည် သူ၏ ” Past & Present Soe Thu+Free Show ” ကို ၂ဝ၁၃ ခုနှစ်၊ မတ်လ ၃ဝ တွင် ကျင်းပမည်ဖြစ်သည်။ ဖျော်ဖြေပွဲ ခေါင်းစဉ်နှင့်ပတ်သက်၍ ” အတိတ်၊ ပစ္စုပ္ပန်မှာ ကျွန်တော့်အနေနဲ့ပရိသတ်အပေါ်ထားတဲ့စိတ်က အတူတူပဲရှိနေသေးတယ်ဆိုတဲ့ သဘောနဲ့ ဒီနာမည်လေးပေးဖြစ်တာပါ။ အဓိကကတော့ဘယ်အချိန်ပဲဖြစ်ဖြစ်ပရိသတ်ကိုကျေးဇူးတင်စွာနဲ့ အတတ်နိုင်ဆုံးပြန်ပေးဆပ်ချင်တဲ့အတွက် အခုလို စီစဉ်ဖြစ်သွားတာပါ” ဟုကိုစိုးသူကဖွင့် ဟဆိုခဲ့သည်။
အကယ်ဒမီပွဲတက်ခဲ့တဲ့ အကယ်ဒမီ မင်းသားကိုစိုးသူသည် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံ၌ကျင်းပခဲ့သော ၂ဝ၁၁ ခုနှစ်၊ ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးခဲ့သည်။ အကယ်ဒမီပွဲ မှတ်ချက်စကားကတော့ ” အကယ်ဒမီပွဲက ကြည့်ရတာ တော်တော် လေးအဆင်ပြေပါတယ်။ ကြည့်ရတာ အင်မတန်ကို ကြည်နူးစရာ၊ ပျော်စရာကောင်းပါတယ်။ အကြိုက်ဆုံးကတော့ ဆုရတဲ့ တစ် ယောက်ချင်း ချက်ချင်းကျေးဇူးတင်စကားပြောရတာ တော်တော် အဆင်ပြေတယ်ထင်ပါတယ်” ဟူ၍ ဖြစ်သည်။
မှတ်မှတ်ရရ ‘ဒိုး’ ဇာတ်ကား
” အဲဒီ “ဒိုး” ဇာတ်ကားရိုက်တာ ၁၉၈၆- ၈၇ ဝန်း ကျင်လောက်ကပါ။ ကိုကျော်သူတို့ရဲ့အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးက အန်ကယ်ဦးစိန်တင်ကိုယ်တိုင်လာပြီးတော့ ဆရာ မောင်ညွန့်လွင်ရဲ့ အမျိုးသားစာပေဆုရ ” လင်္ကာလေးများပါ” ဆိုတဲ့ ဆရာ့ရဲ့ဝတ္ထုကို ရိုက်ချင်တယ်။ ဇာတ်ကိုဖတ် ကြည့်ပါဆိုလို့ ကျွန်တော်တို့ ဖတ်ကြည့်တယ်။သဘောကျတယ်၊ တိုင်ပင်တယ်။ ရိုက်မယ့် ဒါရိုက်တာကလည်း ဆရာဦးကြည်စိုးထွန်း။ အားလုံး သဘောတူညှိနှိုင်းပြီးတော့ ” ဒိုး” ဇာတ်ကား ရိုက်ဖြစ်တာပေါ့။ သရုပ်ဆောင်တွေကလည်း အကယ်ဒမီ ဒေါ်မေဝင်းမောင်တို့၊ အကယ်ဒမီ ဇင်မာဦးတို့၊ တခြား ဇာတ်ပို့၊ ဇာတ်ရံ တွေလည်း အများကြီး ပါပါတယ်။ အဓိကက အားကစားနဲ့ လူငယ် ပညာပေးဇာတ် လမ်းလေးပါ”  ဟု “ဒိုး” ရုပ်ရှင်ဇာတ်ကား နှင့်ပတ်သတ်ပြီး မှတ်မှတ် ရရစကားဆိုခဲ့သည်။

အလင်းဆက်၊ လင်းထိပ်သျှင်
Popular Journal
Share

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1