Wednesday, April 3, 2013

ဘာစီလိုနာ သရေကျပြီး ဘိုင်ယန် အနိုင် ရခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များ

Ever November | 4/03/2013 10:30:00 AM | Best Blogger Tips

ယမန်နေ့ညက ကစားခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်များတွင် PSGနှင့် ဘာစီလိုနာတို့ သရေကျခဲ့ပြီး ဂျူဗင်းတပ်စ်မှာမူ ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ကာ နောက်တစ်ဆင့်တက်ရေး ရုန်းကန်ရတော့မည် ဖြစ်သည်။
PSG ၂ - ၂ ဘာစီလိုနာ
ဥရောပ၏ ဓနအင်အား တောင့်တင်းသော အသင်းနှင့် အတွေ့အကြုံ ကြွယ်ဝသော အသင်းတို့၏ ရင်ဆိုင်တိုက်ပွဲမှာ ပဲရစ်မြို့တော်တွင် အရှုံးအနိုင် မပေါ်ဘဲ ပြီးဆုံးခဲ့သည်။ အိမ်ရှင် PSGအသင်းတွင် ဇလာတန် အီဘရာဟီမိုဗစ်၊ အက်ဇ်ကွီရယ်လ် လာဗက်ဇီ၊ ဟာဗီးယား ပက်စ်တိုရီ၊ ဒေးဗစ်ဘက်ဟမ်း၊ ဘလာဆီ မိုင်တူဒီ၊ လူးကက်စ်၊ မက်စ်ဝဲလ်၊ အဲလက်စ်နှင့် သီယာဂိုဆေးလ်ဗားတို့ ပွဲထွက်လာသည်။ ဘာစီလိုနာဘက်တွင် ဒေးဗစ်ဗီလာ၊ လီယွန်နယ်လ်မက်ဆီ၊ အလက်ဆစ်ဆန်းချက်ဇ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ဆာဂျီယိုဘုရှ်ကွက်စ်၊ ရှာဗီဟာနန်ဒက်ဇ်၊ ယော်ဒီအယ်လ်ဘာ၊ ဟာဗီးယား မာရှေယာနို၊ ဂျရတ်ပီကေးနှင့် ဒန်နီအဲလ်ဗက်စ်တို့ ပါဝင် ကစားခဲ့သည်။
ပွဲအစပိုင်းတွင် PSGက ဖိအားပေး တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ဘာစီလိုနာ ဂိုးသမား ဗစ်တာဗဲလ်ဒက်စ် လက်စွမ်းပြနေသဖြင့် ဂိုးမရခဲ့ချေ။ (၃၈)မိနစ်တွင်မူ အဲလ်ဗက်စ် ကွင်းလယ်မှ ခုတ်တင်ပေးလိုက်သော မက်ဆီက တားပင်မတားဘဲ မြေမကျ ထောင့်ဖြတ် အနိမ့်ကန်သွင်းကာ ဘာစီလိုနာတို့ ပွဲကို ဦးဆောင်သည်။ ပထမပိုင်း အပြီးတွင် ဘာစီလိုနာသာ (၁)ဂိုးအသာရနေပြီး ဒုတိယပိုင်း အစတွင် ဒဏ်ရာရသွားသည့် မက်ဆီအစား ဆက်စ်ဖာဘရီဂက်စ် ဝင်ကစားခဲ့သည်။ ပွဲချိန် မိနစ်(၈၀)တွင် ဘာစီလိုနာတို့ ချေပဂိုး ပေးရသည်။ နောက်ခံလူ သီယာဂို ဆေးလ်ဗား၏ ခေါင်းတိုက် ဂိုးသွင်းရန် အားထုတ်မှု တိုင်ထိထွက်လာသည်မှတစ်ဆင့် လူကျွံ အနေအထားမှ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်က ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် မိနစ်(၉၀)တွင်မူ ဆန်းချက်ဇ်ကို PSGဂိုးသမား ဆီဗက်တောလ် ဆီရီဂူ ဆွဲလှဲသဖြင့် ပင်နယ်တီ ပေးရပြီး ယင်းကို ရှာဗီက အမှားအယွင်းမရှိ ကန်သွင်းကာ ပွဲကို ဧည့်သည်တို့ ပြန်လည် ဦးဆောင်သည်။ သို့သော်လည်း မိနစ်ပိုင်း အတွင်းမှာပင် အီဘရာဟီမိုဗစ် နောက်ပြန် ခေါင်းတိုက် ချပေးသည်ကို မိုင်တူဒီက အဝေးမှ ကန်သွင်းရာ ဗဲလ်ဒက်စ် ကာကွယ်ပုံ မသပ်ရပ်ခြင်းကြောင့် ဂိုးပေးလိုက်ရပြီး PSGတို့၏ နောက်တစ်ကျော့အတွက် မျှော်လင့်ခွင့် ဆက်လက် ရှင်သန်ခဲ့သည်။

ဘိုင်ယန်မြူးနစ် ၂ - ၀ ဂျူဗင်းတပ်စ်
အဖွင့်ဂိုး စောစောစီးစီး ပေးခဲ့ရသည့် ဂျူဗင်းတပ်စ်သည် ဂျာမန်မြေတွင် ရုန်းကန်ခဲ့ရပြီး အဝေးဂိုးလည်း မသွင်းနိုင်ခြင်းကြောင့် နောက်တစ်ဆင့် တက်ရေးအတွက် မျှော်လင့်ခွင့် နည်းပါးလာခဲ့သည်။ ဘိုင်ယန်မြူးနစ်တွင် မာရီယို မန်ဇူကစ်၊ ဖရန့်ခ် ရစ်ဘာရီ၊ တိုနီခရူးစ်၊ သောမတ်စ်မူလာ၊ လူးဝစ်ဇ် ဂူစတက်ဗ်၊ ဘက်စတိန်းရှဝိန်းစတိုင်ဂါ၊ ဒေးဗစ်အလာဘာ၊ ဒန်တီ၊ ဒန်နီရယ်လ်ဗန်ဘိုင်တန်၊ ဖိလစ်လမ်းတို့ ပွဲထွက်လာသည်။ အီတလီ စီးရီးအေ ချန်ပီယံ အသင်းကမူ ဖေဘီယို ကွာဂလီရယ်လာ၊ အလက်ဇန္ဒရို မာထရီ၊ ဖက်ဒရေကို ပီလူဆို၊ ကလော်ဒီယို မာချီစီယို၊ အန်ဒရီယာ ပီယာလို၊ အာတူရိုဗီဒယ်လ်၊ စတီဖန် လစ်ခ်ျစတိန်းနာ၊ ဂရီဂိုရီ ချီလီယေနီ၊ လီယိုနာဒို ဘိုနူစီ၊ အန်ဒရီရာ ဘာဇာဂါလီတို့အား အသုံးပြုခဲ့သည်။
ပွဲအစ (၁)မိနစ်မှာပင် ဂျူဗင်းတပ်စ်၏ အထနှေးမှုကို အခွင့်အရေး ယူကာ ဘိုင်ယန်က ဦးဆောင်ဂိုး သွင်းယူသည်။ တိုက်စစ်ထိ လိုက်ပါလာသည့် တောင်ပံခံစစ်မှူး အလာဘာက ရှဝိန်းစတိုင်ဂါ ပေးပို့သည့် ဘောလုံးကို ဂိုးဧရိယာ အပြင်ဘက် ခပ်လှမ်းလှမ်းမှ အလစ် လှမ်းကန်ရာ မြေထောက်ပြီး ဂိုးဝင်သွားခြင်း ဖြစ်သည်။ ထိုဘောလုံးသည် ဂျူဗင်းတပ်စ် ခံစစ်မှူး တစ်ဦး၏ ခြေဖျားနှင့် ကပ်ထိကာ လမ်းကြောင်းအတန်ငယ် ပြောင်းသွားသည့်နောက် ဂိုးသမား ဂီယန်လူဂီဘူဖွန်ပါ တွက်ဆပုံ လွဲမှားသွားခြင်း ဖြစ်သည်။ ဘိုင်ယန်အတွက် အနိုင်သေချာစေမည့် ဂိုးကိုမူ (၆၃)မိနစ်တွင် ရရှိခဲ့သည်။ အဝေးကန်ချက်မှ လျှံထွက်လာသော ဘောလုံးကို မန်ဇူကစ်က ဂိုးရှေ့သို့ အသာပြန်ချပေးသည်ကို မူလာက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့သည့်နောက် ပွဲအပြီးတွင် အိမ်ရှင်အသင်း (၂-၀)ဖြင့် အနိုင်ရခဲ့သည်။
Ref: Eurosport
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1