Wednesday, April 3, 2013

"စွမ်းဇာနည်ရဲ့ ဇလွန် ဖြေရှင်းချက်နဲ့ အတူ ဇာတ်ပွဲတွေ ဆက်တိုက် ကမယ့် အကြောင်း ပြောကြား"

Ever November | 4/03/2013 11:10:00 AM | Best Blogger Tips

ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲ တော် မှာ ဒေသခံ ပရိသတ်တချို့နဲ့ စွမ်းဇာနည်တို့ မတ်လ ၂၇ ရက်၊ မနက်၂ နာရီခွဲက ပဋိပက္ခဖြစ်ပွား ခဲ့ပြီး ဇာတ်စင်ကို မီးရှို့၊ ကားမှန်များ ရိုက်ခွဲ မှုတွေပြုလုပ် ခံ ရကြောင်း သိရပါတယ်။ အဲဒီအဖြစ်အပျက်ကို မတ်လ ၂၈ရက်၊ နေ့ခင်း ၂ နာရီက သင်္ဃန်းကျွန်း (သုဝဏ္ဏ) က စွမ်း ဇာနည် နေအိမ်ကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ

“ဇလွန် မှာ မတ်လ ၂၄ ရက်နေ့ ကနေ စပြီး ကတာ။ ဇလွန်ပွဲကို တအား ကချင် ခဲ့တာ။ တစ်ခါမှ အဲဒီမှာ မက ဖူးဘူး။ ပွဲကလည်း ကြိုငှားထားတာ ၁နှစ် လောက်ရှိပြီဆိုတော့ကဖြစ်သွားတာ။ ပြဿနာဖြစ်တာက ၂၆ရက်နေ့ လပြည့်နေ့ညပေါ့။ ညနေ ၆နာရီခွဲ လောက်ကတည်းက ပြဿနာက စနေတာ။ ကျွန်တော်တောင် မရောက်သေးဘူး။ ကျွန်တော်က ဟင်္သာတမှာ ပြန်တည်းတာလေ။ ဟင်္သာတမှာ ထမင်းစားနေတုန်း ဇာတ်ကနေဖုန်းလာတယ်။ မင်းသားနဲ့ အမေမြန်မြန်လာပါ။ ဇာတ်မှာကန်ထရိုက်ရော၊ အဖေရော၊ ရဲတွေရော ရှုပ်နေတယ်ဆိုတော့သွားတာ။ ဇာတ်ထဲက လူရွှင်တော်ဖိုးကျော်က ထမင်းသွားစားတာ။ အဲဒါကို ဇာတ်ထဲက လားလို့လာမေးတော့ ဇာတ်ထဲက လူရွှင်တော်ပါလို့ ပြောတော့ အဲဒါဆိုထိုးတယ်ကွာ ဆိုပြီး ဝိုင်းရိုက်ကြတာ။ နားရွက်တောင်ကွဲသွားတယ်။ နောက်ကျွန်တော်တို့ဆီမှာ ကြိုပြီးသတင်းရတယ်။ နောက်ဆုံးညကို ဒီလိုပြဿ နာဖြစ်အောင်လုပ်မယ်ဆိုပြီးကြားတယ်။ မကခင်ကတည်းက ပြဿနာ ဖြစ်နေတော့ အဖေက မကချင်တော့ ဘူး။ ပိုက်ဆံ ပြန်ပေးမယ်။ ပစ္စည်း တွေသိမ်းပြီး ပြန်တော့မယ်လို့ပြောတော့ ကန်ထရိုက်က လူတွေရဲ့ လုံခြုံရေး၊ ဇာတ်ပစ္စည်းတွေ ရဲ့လုံခြုံရေးကို တာဝန်ယူပါတယ်ဆိုပြီး လက်မှတ် တောင် ထိုးပေးသွားတာ။ အဲဒါနဲ့ပွဲစကတာက ၉နာရီ၄၅မိနစ်မှာ။ အဲဒီမှာ ယောက်ျားလေး တစ်ဖွဲ့က ဘယ်လို မှ မခံနိုင်အောင် အော်ကြ၊ ဆဲကြတယ်။တစ်ခွန်းမှ ပြန်မပြောဘဲ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်တယ်။ ပွဲကပြီးစတိတ်ရှိုးစဆိုတော့ လူတစ်ယောက်က ဆုလာချတော့၊ သွားယူတော့ ပြန်ထိုင်ပြီး သူ တောင်းစား ၊ဇာတ်သမားတွေက ဒီလို ပဲလားဆိုပြီးဆဲတာ၊ ကျွန်တော်တို့ အနုပညာသမားတွေက အောက်က ပရိသတ်ဆုချီးမြှင့်တာ ဘယ်လောက် တန်ပဲဖြစ်ဖြစ် အသိအမှတ်ပြုပြီး ယူရတာလေ။ တတိယအကြိမ် ထပ်ပြီး လာပေးတော့ ကျွန်တော့် ဇာတ်က လူရွှင်တော်က သွားယူလိုက်ပါ မကောင်းဘူးလို့ ပြောတာနဲ့ သွားတော့ အဲဒီလိုထပ်လုပ်ပြီး လက်ဆွဲပြီး လိမ်ချိုးတယ်။

ကျွန်တော် ဒေါသကတော်တော်ထွက် နေပြီ။ ၅ ကြိမ်မြောက်လည်း ကျတော့ လုံးဝ သည်းမခံနိုင်တော့ဘူး။ အဲဒါနဲ့မျက်နှာကိုကန်လိုက်တာ ပြဿနာတွေ စဖြစ်ရော ၊ကျွန်တော့် အဖေက တောင်း ပန်တော့ အောက် ကနေ ခဲတွေနဲ့ ဝိုင်း ပေါက်တာ။ မျက်နှာတွေပါ မှန်ရော၊ ကျွန်တော့်ကိုလည်း ဝိုင်းဆွဲထားတော့ ကျွန်တော် ထွက်လို့မရဘူး။ အဖေ့ကို ထပ်ထိတော့ ဇာတ်ထဲကကလေးတွေ ကမခံနိုင်ဘူး။ အဲဒါနဲ့ သူတို့က ဇာတ် ထဲမှာရှိတဲ့ ပစ္စည်းလက်နက်ကိုင်တာပေါ့။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ဘာမှမလုပ်ပါဘူး။ အမေက လုံခြုံရေးတို့၊ ကန်ထရိုက်တွေကို ခေါ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို လုံခြုံရေး ပေးမယ့် သူတစ်ယောက်မှ မရှိဘူး။ အယောက်တစ်ထောင်လောက် ဝိုင်းပြီးလုပ်ကြတာ။ သူတို့ကအစကတည်းက ဇာတ်ရုံထဲမှာ ရောအပြင် မှာပါရှိနေတာ။ ကျွန်တော့်ဇာတ်ရုံထဲမှာ ပရိသတ်ကအယောက် ငါးထောင်ကျော်တယ်။ ကြိုတင် ကြံစည်ထားတဲ့ သဘောမျိုးပဲ။ ဇာတ်ရုံ က ပစ္စည်းတွေ ရိုက်ခွဲ၊ ဇာတ်ရုံ တစ်ခု လုံးကို မီးရှို့တာ။ ဇာတ်ပွဲတောင် ပျက်အောင်၊ ရပ်သွားအောင် မဟုတ်ဘဲ အကြမ်းဖက် လုယူတဲ့ သဘောလို ဖြစ်နေတယ်” လို့ပြောပါတယ်။

ဇာတ်ရုံက ထွက် ပြီးတောလမ်းက သူသွားခဲ့ရတဲ့ အကြောင်းကို စွမ်းဇာနည် က..”ကျွန်တော့် အခန်းထဲက ပစ္စည်းတွေ အကုန်ယူတာ။ သော့ခတ်ထားတာတွေက အစဖျက်ပြီးယူတာ။ ကျွန်တော့် စိန်ထည်တွေ၊ မျက်မှန်တွေ အကုန်ပါသွားတာ။ ပြဿနာတစ်ခု ဖြစ်ပြီးမှ ကိုယ်လွတ်ရုန်းပြီး ကိုယ့် အဖွဲ့သားတွေ အဖြစ်မခံနိုင်ဘူး။ ကျွန်တော့် ကိုဒေသခံ အမျိုး သမီး နှစ်ယောက်၊ အမျိုးသား တစ်ယောက် က ခေါ်သွားတာ။ ၁မိုင်လောက်ကို လမ်းလျှောက်ပြီး တောထဲက ဖြတ်သွားရတာ။ အဲဒီ က အိမ်မှာ ခဏနေပြီး နည်းနည်းငြိမ် သွားမှ ဆိုင်ကယ်နဲ့ ဓနုဖြူကို ခေါ်သွားပေးတာ။ ဟင်္သာတကပရိသတ် တွေက ကျွန်တော် ဓနုဖြူရောက်တယ် ဆိုတာ သိပြီး ကျွန်တော့်ကို ကားငှားပြီး၊ အိမ်ကို ပြန်လိုက်ပို့တာ။ ကျွန်တော်က စတိတ်ရှိုး ဆိုရင်းနဲ့ ဆိုတော့ ဘာမှ မပါသွားဘူး။ ကျွန်တော်က သီချင်းဆိုရင် အင်္ကျီကိုချွတ်ပြီး ပေး တတ်တော့ ဖြစ်တဲ့အချိန်မှာ အင်္ကျီ ချွတ် ကြီးနဲ့သွားရတာ” လို့ပြောပါတယ်။

အဲဒီ အကြမ်းဖက်မှုကြောင့် ပျက်စီးမှုတွေကို အမှု မဖွင့်ရခြင်း အကြောင်းက “မနက်မိုးလင်းတော့ မြို့နယ် မှူး ရောက်လာပြီး အကြမ်းဖက်မှု၊ လုယူမှု၊ မီးရှို့မှု ပုဒ်မတွေနဲ့ အမှုဖွင့်တယ်။ဒါပေမဲ့ ကျွန်တော်တို့ မတိုင် ခဲ့ဘူး။ ကျွန်တော် မှားလို့ မဟုတ်ဘူး”

”ပွဲလာကြည့်တဲ့ သူတွေသိပါတယ်။ ကျွန်တော် အမှုဖွင့်လိုက်ရင် ကျွန်တော့်ဇာတ်ရပ်ထားရမယ်။ ဒါဆို ဇာတ်အဖွဲ့သားတွေရဲ့စားဝတ် နေရေးရှိတယ်။ နောက်ဇလွန်မှာ အမှန် တကယ်လာ အားပေးတဲ့ ပရိသတ် တွေ ထိမှာစိုးလို့ အမှုမဖွင့်ဘူး။ ဒါပေမဲ့ ဒီကိစ္စ ကို ဒီအတိုင်းပြီးမှာ မဟုတ်ပါဘူး။ အကုန်လုံးက အသက် အန္တရာယ် မရှိခဲ့ပေမယ့် ဒဏ်ရာက လူတိုင်းလိုလို ရခဲ့တယ်။ ကျွန်တော်ဆို ခဲချက်၊ တုတ်ချက်၊ ဝါးချွန်နဲ့ ထိုးမိတာ တွေရော၊ အရင်က ခြေထောက်ကျိုး ထားတဲ့ ခြေထောက်ပါ ဒဏ်ပြန်ဖြစ် သွားတယ်”လို့ စွမ်းဇာနည်က ပြောပါတယ်။

စာနယ်ဇင်း ရှင်းပွဲတစ်ခု လုပ်မယ့် အကြောင်းကို စွမ်းဇာနည်က “ကျွန်တော့်ဆီကို ကိုဖိုးချစ်၊ ကိုဟန်ဇာမိုးဝင်း၊ ကိုတင်မောင်ဆန်းမင်းဝင်း တို့မန္တလေး ကအစ ဖုန်းဆက် ကြတယ်။ကျွန်တော်တို့သဘင် သမားတွေ အားလုံး စုပြီး ဒီဇလွန်မှာဖြစ်တဲ့ ပြဿနာ အပေါ် စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ခု လုပ်မယ်။ ကျွန်တော့်ရဲ့ ပျက်စီးသွားတဲ့ ပစ္စည်းတွေကို မနှမြော ပါဘူး။ ကျွန်တော့် ဇာတ်သမားတွေ အသက် ဘာမှမဖြစ်တာဘဲ ဝမ်းသာ ပါတယ်။ သဘင်က လူကြီးတွေနဲ့လည်း တိုင်ပင်မှာပါ။ သဘင် အစည်းအရုံး ကလည်း ကျွန်တော့် အ တွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေး မယ် လို့ပြောပါတယ်။ ကျွန်တော် အခုပြောတာတွေက မုသား တစ်ခွန်း မှ မပါပါဘူး”လို့ ပြောပါတယ်။

ဇာတ်ပွဲတွေ ဆက်ကသွားမယ် ဆိုတဲ့ စွမ်းဇာနည်က ”ကျွန်တော့်သမိုင်း ကျွန်တော် ရေးမှာပါ။ စိုးရိမ် နေကြတဲ့ သူတွေက အသက်သေပြီး ဆေး ရုံရောက်နေတယ်ပြောကြတယ်။ ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်ဇာတ်မှာ ဘာပစ္စည်းမှ မရှိတော့ပါဘူး။ ကျွန်တော် ပဲခူးပွဲလည်း ကမှာပါ။ ကျွန်တော့် ဇာတ်မှာဘာမှ မစုံတော့ လို့ လာမကြည့်ဘဲ ၃ ယောက်ပဲ လာလည်း အဲဒီ၃ယောက်ကို အကောင်းဆုံး တင်ဆက်သွားမှာပါ။ ကျွန်တော့် ရဲ့ စွမ်းသဘင် မရပ်ရေးအတွက် တောက်လျှောက်ကသွားမှာပါ။ မတ် လ ၃ဝ ရက်နေ့ အပေါင်၊သဲကုန်းမှာ စ ကမှာ။ ဒါပေမဲ့ကျွန်တော့်မှာ ဇာတ်အဝတ်စား၊ ပစ္စည်းဘာမှ မရှိတော့ဘူး။ ကိုဖိုးချစ်က သူ့ဇာတ်က လိုတဲ့ ပစ္စည်းတွေ ကူညီမယ်လို့ပြောပါတယ်။ သူ့ဇာတ်က ၁၂ဘီးကား၂စီး နဲ့ Express ပါငှားပေးမယ် လို့ ပြော ပါတယ်။ ဇာတ်သဘင်လောကက လူတွေ တအား ကောင်းကြပါတယ်။ အဲဒီမှာ ၃ရက်ကပြီး ရင် ဝေါမှာသွား ကကြမယ်။ ပျက်စီးတန်ဖိုးက သိန်း ၁၇ဝဝလောက် ရှိတယ်။ ကျွန်တော် တစ်က ပြန်စမယ်။ ကျွန်တော့် အပေါ် အထင် မလွဲစေချင်ဘူး။ ကျွန်တော်က ရိုင်းစိုင်းတဲ့သူ မဟုတ်ဘူး။ ကျွန်တော်က ပရိသတ်ကို တန်ဖိုးထားတဲ့ သူတစ်ယောက် ပါ” လို့ ရှင်းပြပါ တယ်။

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1