Friday, April 26, 2013

ဓါတ်ငွေ့ပိုက်လိုင်းအန္တရာယ် အပိုင်း (၁)

Ever November | 4/26/2013 11:03:00 AM | Best Blogger Tips
မြန်မာနိုင်ငံမှာ အရှည်ဆုံးဖြစ်လာမယ့် ဓါတ်ငွေ့ပိုက်လိုင်းကို ရင်မှာ ပိုက်ထားရမယ့် မြန်မာနိုင်ငံသားတွေ အတွက် ဓါတ်ငွေ့ပိုက်လိုင်းတွေနဲ့ သတိထားရမယ့် အန္တရာယ်တွေကို ဘယ်လောက် သိထားကြပါပြီလဲ။ ဒီတပါတ်မှာ ကြည့်ကြရအောင်ပါ။

ရခိုင်ပြည်နယ် ကျောက်ဖြူ ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းအထိ မိုင်ပေါင်း ၁၅၀၀ ကျော်အရှည်ရှိတဲ့ ဓါတ်ငွေ့ပိုက်လိုင်းဟာ မြန်မာနိုင်ငံထဲမှာတင် မိုင်ပေါင်း၅၀၀ လောက် ဖြတ်ပြီးဖေါက်မှာဖြစ်ပါတယ်။ ကျောက်ဖြူ ရွှေသဘာဝဓါတ်ငွေ့သိုက်က ဓါတ်ငွေ့တွေကို သယ်မယ့် ဓါတ်ငွေ့ပိုက်လိုင်းနဲ့ အတူ ရေနံပိုက်လိုင်းနဲ့ ရထားလမ်းတွေပါ ဖေါက်ဖို့အတွက် တရုတ်ကုမ္ပဏီက တာဝန်ယူထားတာဖြစ်ပြီး ၂၀၁၃ ခုနှစ် မတ်လထဲမှာ အပြီးဖေါက်ဖို့ စီစဉ်ထားတာပါ။

အခုလို မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ပြီး သွယ်တန်းဖေါက်လုပ်မယ့် ဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းကြီးတွေနဲ့ ပါတ်သက်ပြီး လုပ်ဆောင်နေတဲ့ အခြေနေကို တရားဝင် သတင်းထုတ်ပြန်မပေးတဲ့အတွက် ဒေသခံတွေ ဂဃဏန မသိကြရပါဘူး။ ဒီပိုက်လိုင်းနဲ့ ပါတ်သက်ပြီး စင်္ကာပူ နိုင်ငံမှာ ပိုက်လိုင်း အင်ဂျင်နီယာ အဖြစ် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်ငန်းခွင် အန္တရာယ် ကင်းရေးဆိုင်ရာ အကြံပေးအဖြစ် အခုအခါမှာ ပြောင်းလဲ တာဝန်ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာ ဦးအေးငြိမ်းရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

“အဲဒီပိုက်လိုင်းကို လုပ်တဲ့အခါကျတော့ မြန်မာဘက်က ဘယ်ကျွမ်းကျင်တဲ့သူ သွားပြီးစစ်ဆေးပါသလဲ? နောက် တရုတ်က လုပ်နေတာ အဲဒီပိုက်လိုင်းကို ဘယ်စံနှုံး (Standard) တွေနဲ့ လုပ်နေပါသလဲ? အဲဒါတွေကို ကျွန်တော်တို့ သေချာ သိပါသလား? နောက်ပြီးတော့ အဲဒီပိုက်လိုင်းမှာ လုပ်နေတဲ့ လုပ်သားတွေရဲ့ ကျွမ်းကျင်မှုပေါ့နော်၊ ဥပမာ ဂက်စ်ပိုက်လိုင်း ဆိုတာ အထဲမှာ ဓါတ်ငွေ့တွေ အမြဲတမ်းစီးနေတဲ့ အခါကျတော့ အကယ်၍ တနေရာကနေပြီးတော့ ပိုက်လိုင်း ယိုစိမ့်မယ် ဆိုရင် ဒါဟာ အလွန် အင်မတန်အန္တရာယ်ကြီးပါတယ်။ သိပ်မကြာခင်လေး ကမှပဲ ပြီးခဲ့တဲ့လက တရုတ်မှာ အဲဒီဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီးတော့ ကားလမ်းတလျှောက်လုံး ကျွံကျသွားတာ တခါဖြစ်ခဲ့ ဘူးပါသေးတယ်။

အဲ ကျွန်တော်တို့ ဆီမှာလည်း အခု ပိုက်လိုင်းက စတောင် မစသေးဘူး၊ အပေါ်က မြေပြိုတာတို့ လိုစတာတွေ အများကြီး ဖြစ်နေပါတယ်။ ဆိုတော့ အဲဒီဟာတွေကို သတိပြုမိ စေချင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ဘက်ကလည်း အဲဒီဟာကို သွားပြီးတော့ စစ်ဆေးပြီးတော့ အမြဲတမ်း ကြည့်နေဖို့ လိုမယ်လို့ ကျွန်တော် ဒီလိုပဲ ယူဆပါတယ်”

ကျောက်ဖြူကနေ မကွေး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ သီပေါ၊ နမ္မတူ၊ နမ်းခမ်းနဲ့ ရွှေလီမြို့တွေနား ဖြတ်သွားမယ့် ဒီဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖို့အတွက် စပြီးမလုပ်ခင် စဉ်းစားသင့်တာတွေအများအပြားရှိသလို ပိုက်လိုင်းဖြတ်သန်းမယ့် နေရာတွေက ဒေသခံတွေအတွက် အသိပညာပေးရမှာတွေလို လုပ်ဆောင်သင့်တဲ့ အလုပ်အများအပြား ရှိပါတယ်။ ဒီအဆင့်တွေကို သေသေချာချာ မသိကြရပေမယ့် အပြီးသတ်တော့မယ့် အနေထားရောက်နေချိန်မှာတော့ စစ်ဆေးရေးဟာ သိပ်ကို အရေးပါနေပြီဖြစ်ပါတယ်။

“ပိုက်လိုင်းပြီးသွားလို့ စပြီးမောင်းမယ် ဆိုရင် ဒီတရုတ်တွေ မြန်မာနိုင်ငံထဲမှာ မရှိတော့ ပါဘူး။ သူတို့က ဒီပိုက်လိုင်းကို ထားပြီး ထွက်သွားမှာပါ။ ဒီမှာ ကျန်ရစ်ခဲ့တဲ့ လူတွေက မြန်မာပြည်သူ ပြည်သားတွေပါ။ နောက်ပြီးတော့ ဒီပိုက်လိုင်းကြီးက တနေရာထဲ နေတာ မဟုတ်ဖူး။ မြန်မာနိုင်ငံကို ဖြတ်ပြီး သွားတဲ့ အတွက်ကြောင့် မြို့တွေ ရွာတွေ၊ ဥပမာ ရေနံချောင်း ဆိုရင် တော်တော် နီးပါတယ်။ ကျွန်တော် ရေနံချောင်းကို ရောက်ခဲ့တော့၊ အဲဒီလို မြို့တွေ ရွာတွေကို ဖြတ်ပြီးတော့ သွားတဲ့အခါမှာ မတော်တဆများ အဲဒီ ပိုက်လိုင်းက ယိုစိမ့်ပြီးတော့ ပေါက်ကွဲမယ် ဆိုရင် လူတွေရဲ့ အသက် အန္တရာယ် အများကြီး ဆုံးရှုံး နိုင်ဖို့ ရှိပါတယ်။ အလွန် အင်မတန် အန္တရာယ် ကြီးပါတယ်။ အဲဒီအတွက်ကြောင့် ပိုက်လိုင်းရဲ့ quality control ပေါ့၊ ဥပမာ ပိုက်သားတွေရဲ့ အရည်အသွေး၊ ပိုက်တွေရဲ့ အဆက်တွေရဲ့ အရည်အသွေး၊ (Valve) ဘားတွေရဲ့ အရည်အသွေး စသဖြင့် အားလုံးကို စစ်ဆေး ကြည့်ဘို့တော့ လိုပါတယ်။ နောက် သူတို့ နိုင်ငံတခုခု ဥပမာထားပါတော့ အမေရိကန် နိုင်ငံက Standard စံနှုံးတခုနဲ့ လုပ်တယ်ဆိုရင် အဲဒီ စံနှုံးတွေကို သူတို့ အပြည့်အ၀လိုက်နာရဲ့လားဆိုတာကိုလည်း ကျွန်တော်တို့ ဘက်က စစ်ဆေးဖို့ လိုပါတယ်။ သူတို့ပြောတာနဲ့တင် ကျေနပ်နေလို့ မရပါဘူး။”

စစ်ဆေးတဲ့နေရာမှာ စစ်ဆေးမယ့် သူကိုယ်တိုင်က နားလည်တတ်ကျွမ်းသူ အတွေ့အကြုံရင့်ကျက်သူ ဖြစ်ဖို့ အရေးကြီးပါတယ်။

“စစ်ဆေးခိုင်းတယ် ဆိုတာကလည်း အဲဒီ quality control အရည်အသွေးမှီမမှီ စစ်ဆေးတဲ့ အဖွဲ့ကလည်း စစ်ဆေးသူကိုယ်တိုင်က ဘာကိုစစ်ရမယ် ဆိုတာကို သေချာသိတဲ့လူဖြစ်မှ ရမှာပါ။ သူများတွေလုပ်ထားတာကို မျက်စိနဲ့ ကြည့်ပြီး ပြန်လာလို့ ဘာမှ တန်ဖိုး မရှိဘူးလေ။ စစ်တဲ့သူက ကိုယ်ဘာကိုစစ်ရမလဲ ဆိုတာ သေချာဂဃနဏ သိမှ တကယ်လို့ ဂဟေဆက်တွေကို စစ်မယ်ဆိုရင် အဲဒီ ဂဟေအဆက်တွေက ဘယ်လို standard တွေ ရှိပြီးတော့၊ ဘယ်ဟာတွေနဲ့ ဘယ်လို ဆက်ရမလဲ ဆိုတာ သူတို့ သိထားမှ ဖြစ်မှာပါ။ အဲဒီနေရာမှာ welding inspecting သင်တန်းတက်ထားတဲ့ တကယ် အတွေ့အကြုံရှိတဲ့ welding inspector တွေ ပေါ့နော်။ အဲဒါမျိုး ဖြစ်စေချင်တာပါ။”

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီကမ်းလွန်ဒေသနဲ့ မုတ္တမ ပင်လယ်ထဲမှာ ရှိနေတဲ့ ရတနာနဲ့ ရဲတံခွန် သဘာဝ ဓါတ်ငွေ့တွေကို ၁၉၈၀ နှစ်တွေ နောက်ပိုင်း ထိုင်းနိုင်ငံကို တင်ပို့ရောင်းချရာမှာ ပြင်သစ်က တိုတယ် (TOTAL)၊ အမေရိကန်က ယူနိုကယ်လ် (UNOCAL) ဗြိတိန်က ပရီမီယာ (PREMIER) အပြင် အတွေ့အကြုံများတဲ့ ကုမ္မဏီကြီးတွေ ဦးဆောင်ပြီး ဓါတ်ငွေ့ပိုက်လိုင်းတွေကို တည်ဆောက် ခဲ့တာပါ။

ရတနာဓါတ်ငွေ့သိုက်က ဓါတ်ငွေ့တွေကို ကန်ဘောက်ကနေ မြိုင်ကလေးမှာ ရှိတဲ့ ဘိလပ်မြေစက်ရုံကို ပို့ပေးတဲ့ ကန်ဘောက် မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်းဟာ ၂၀၀၂ခုနှစ်ဆန်းက မွန်ပြည်နယ် မုဒုံနားမှာ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပါတယ်။

“ကျွန်တော်တို့ ဆီမှာ အခုလောလောဆယ် ရှိတဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေကနေ ပြီးတော့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာလည်း တွေ့ခဲ့ပါတယ်။ ထင်ရှားတဲ့ဟာကတော့ ကန်ဘောက် မြိုင်ကလေး သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းပါ။ အဲဒီ ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲတာကို ဓါတ်ပုံရိုက်ထားတာ ကြည့်ရတာကတော့ အခြေနေ အတော်လေး ဆိုးပါတယ်။

ဓါတ်ငွေ့ပိုက်လိုင်းက မြေအောက်ကို အနက်ဆုံး အနိမ့်ဆုံးနေရာမှာ ပေါ့နော်။ အနဲဆုံးနေရာမှာ ပိုက်ရဲ့ အထက်ကို ၂ ပေ ဖို့ရမယ့် နေရာမှာ အခု ဓါတ်ပုံထဲမှာ တွေ့ရတာကတော့ တပေတောင်မှ မရှိပါဘူး။ သူတို့က ပိုက်ကိုဖုံးထားတဲ့ နေရာမှာ အဲဒီမှာ ၂၀၀၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့က ဒီမြိုင်ကလေး သဘာဝဓါတ်ငွေ့ ပိုက်လိုင်းမှာ ပေါက်ကွဲမှု ဖြစ်ပါတယ်။ အဲဒီမှာ မီးတော်တော် လောင်သွားတယ်။ အဲဒီနားမှာရှိတဲ့ အိမ်တွေ မီးလောင်တယ်။ နောက် မီးညွန့်က ထန်းပင် တပင်ထက်တောင်မှ မြင့်တယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ အဲဒီနားမှာ ရှိတဲ့ ကားတွေလည်း မီးလောင်တယ်။ အဲဒီနားကလူတွေ တော်တော် ဒုက္ခ ရောက်သွားတာပေါ့။ သူတို့အိမ်တွေ မီးလောင်ခံရတယ်။ ဘာမှလည်း လျှော်ကြေးမရဘူး။ အဲဒီလိုတွေ ဖြစ်ကြတယ်။”

ဓါတ်ငွေ့ပိုက်လိုင်းတွေမှာ ပေါက်ကွဲမှုတွေဖြစ်တတ်သလို ယိုစိမ့်မှုတွေ မကြာမကြာဖြစ်ပွါးတတ်ပါတယ်။ ဒါကြောင့်လည်း ပိုက်လိုင်းဖြတ်သန်းရာဒေသတွေမှာ မတော်တဆဖြစ်မှု အန္တရာယ်တွေကို သတိထားဖို့ လိုပါတယ်။

“ဓါတ်ငွေ့ပိုက်လိုင်း တွေနဲ့ ပါတ်သက်လို့ မတော်တဆ ဖြစ်ပွါးမှုတွေ မကြာမကြာ တွေ့ခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်တို့၊ ကနေဒါတို့၊ စတဲ့ နိုင်ငံကြီးတွေမှာပေါ့နော်။ နောက် တရုတ်မှာလည်း ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု သိပ်မကြာခင်ကမှာ ဖြစ်ပွါးခဲ့ပါတယ်။ ကြီးကြီးကျယ်ကျယ် အနေနဲ့ ဆိုရင် ဒီ ၂၀၀၀ ခုနှစ်ထဲမှာ တော်တော်များများ ဓါတ်ငွေ့ ပိုက်လိုင်းပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ဖေဖေါ်ဝါရီမှာ မက်ဆီကိုမှာ ဖြစ်ခဲ့တယ်။ နောက် အဲဒီ ၂၀၀၀ ခုနှစ် မေလ ၂၇ ရက်နေ့မှာ ကနေဒါမှာ ဖြစ်ခဲ့တယ်။ ၂၀၀၀ ခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလ တွေတုန်းက အမေရိကားမှာ ဖြစ်ခဲ့တယ်။ နောက် အမေရိကန်မှာပဲ ထပ်ပြီးတော့ အဲဒီလထဲမှာ ဖြစ်ပါသေးတယ်။ နောက် ၂၀၀၀ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့မှာ ရုရှားမှာဖြစ်တယ်။ ဒီဇင်ဘာမှာ အမေရိကန်မှာ ထပ်ဖြစ်ခဲ့ပါသေးတယ်။

အဲဒီလို ပေါက်ကွဲမှုတွေ ဖြစ်တာကို ကြည့်ခြင်းအားဖြင့် ဒါအမေရိကန်တို့ ရုရှားတို့ မက်ဆီကိုတို့ စတဲ့ နိုင်ငံတွေက သူတို့ သေချာ စံချိန်စံညွှန်းတွေ နဲ့ ကျကျနန လုပ်ဖို့ များပါတယ်။ ဆိုတော့ အဲလိုလုပ်နေရက်သားနဲ့ တောင်မှ ဒီလို ဓါတ်ငွေ့ ပိုက်လိုင်းပေါက်ကွဲမှု တွေ ဖြစ်ခဲ့တယ် ဆိုတော့ အကယ်၍ ဓါတ်ငွေ့ပိုက်လိုင်း ဆင်တဲ့ နေရာမှာ ဖြစ်ကတတ်ဆန်းလုပ်မယ် ဆိုရင် တော်တော့ကို အန္တရာယ် ကြီးပါတယ်။”

ဓါတ်ငွေ့ပိုက်လိုင်း တွေကို အန္တရာယ်နဲနိုင်သမျှ နဲအောင် လုပ်ဖို့ လိုအပ်တာတွေကိုတော့ နောက်တပါတ်မှာ ဆက်ပြီး ပြောပြပေးမှာပါ ဆိုတာတင်ပြရင်း ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

ဒေါ်ခင်မျိုးသက်
moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1