Friday, April 26, 2013

ဧပြီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း သေနတ်ပစ်ဖောက် ဟန့်တားခဲ့သည့် ပဋိပက္ခနှင့် ပတ်သတ်၍ ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

Ever November | 4/26/2013 03:19:00 PM | Best Blogger Tips

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း သေနတ်ပစ်ဖောက် ဟန့်တားခဲ့သည့် ပဋိပက္ခနှင့် ပတ်သတ်၍ ပြည်ထဲရေး ၀န်ကြီးဌာနက ဧပြီလ ၂၅ ရက်နေ့ ညပိုင်းတွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ လုပ်ကွက်အမှတ် ၈ MCC ၏ မြောက်ဘက်ရှိ ယာခင်းတွင် အောင်စိုး၊ ကိုထက် (ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်) သောင်းထက်ဦး (ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ ကျောင်းသားသမဂ္ဂအဖွဲ့)၊ မိုးကြိုး ပြင်အလယ်ရွာနေ ဇော်နိုင်နှင့် ၀င်းကျော်တို့ ဦးဆောင်ပြီး ဇီးကုန်းရွာနှင့် မိုးကြိုးပြင်ရွာတို့မှ ရွာသူရွားသား ၃၀ ဦးခန့်သည် နွားလှည်းငါးစီး၊ ထွန်လေးရှဉ်းဖြင့် ၀င်ရောက်ထွန်ယက်ခဲ့ရာ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ဆာလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က သွားရောက်တားမြစ်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီခန့်မှာ ရွာသူရွာသား ၇၀ နှင့် နွားကိုးရှဉ်းခန့်ရောက်ရှိလာပြီး ထွန်ယက်နေသူများအား တားမြစ်နေသည့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့အား ထွန်ယက်နေသူများက ၀ိုင်းဝန်တားသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့မှ ပြန်လည် ကယ်ထုတ်ခဲ့ရသည်ဟု ပြန်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင်လည်း ကြေးနီးစီမံကိန်း ဧရိယာ လုပ်ကွက် အမှတ် ၈၊ MCC ၏ အရှေ့ဘက်ရှိ ဆည်းတဲရွာမှ ကိုခင်ငြိမ်းနှင့် မယဉ်ယဉ်ဝင်းတို့၏ ယာထဲသို့ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ အဖွဲ့အ၀င်အချို့ အပါအ၀င် ရွာသူရွာသား ၇၀ ဦးခန့်တို့သည် စုဝေးခဲ့ရာ အဆိုပါ လူစုလူဝေးအား မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ် မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာဖြစ်၍ ၀င်ရောက်ထွန်ယက်ခြင်း မပြုရန်၊ ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေးအား ချက်ချင်းဖယ်ရှားရန် သုံးကြိမ် သတိပေး ကြေညာခဲ့ကြောင်း သိရသည်။ သို့ရာတွင် လူစုကွဲမသွားဘဲ ရန်ကုန်ပြည်သူ အကျိုးဆောင် ကွန်ရက်အဖွဲ့မှ အဖွဲ့ဝင်တစ်ချို့၏ မြှောက်ပင့်ပေးမှုကြောင့် ရွာသူရွာသား များမှ ရဲတပ်ဖွဲ့ဝင်များအား ခဲများဖြင့် ပစ်ပေါက်ခဲ့သည့် အတွက် လိုက်လံဖမ်းဆီးခဲ့ရာ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ လူစုလူဝေးမှာ ဆက်လက်ပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် လူစုခွဲရန် ကြေညာခဲ့ပြီး သေနတ်ဖြင့် သုံးချက်ခန့် မိုးပေါ်ထောင်ဖောက်ခဲ့ရာ ရွာသူရွာသားများသည် ဆုတ်ခွာသွားပြီး ယင်းဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦး မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ထို့ပြင် ၉ နာရီ ၁၅ မိနစ်ခန့်တွင် လုပ်ကွက်အမှတ် ၈ MCC ၏ အနောက်ဘက် မိုးကြိုးပြင် အလယ်ရွာနေ ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ ကျောင်းသားသမဂ္ဂအဖွဲ့မှ အဖွဲ့ဝင်အချို့ အပါအ၀င် ရွာသူရွာသား ၂၀ ဦးခန့်သည် နွားလှည်းနှစ်စီးဖြင့် ရောက်ရှိလာခဲ့ပြီး ၄င်းတို့၏ လယ်ယာမြေအတွင်း ထွန်ယက်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာတို့မှ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၄င်းတို့မှ ရန်လိုသည့် အပြုအမှုဖြင့် တုံ့ပြန်လာသည့်အတွက် ၄င်းတို့အား မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဖမ်းဆီးစဉ် ရွာသူရွာသားများမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ငါးဦး မစိုးရိမ်းရ ဒဏ်ရာအသီးသီး ရရှိခဲကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နံနက် ၁၀ နာရီ ၀န်းကျင်တွင် ရွာသူရွာသားများမှ ဖမ်းဆီးထားသူများအား ပြန်လည်လုယူရန်အတွက် လုပ်ကွက်အမှတ် ၈ MCC ၏ အရှေ့ဘက် နေရာသို့ ဆည်းတဲရွာဟောင်းမှ ရွာသူရွာသား နှစ်ရာဦးခန့်သည် တုတ်၊ ဓား၊ ကျောက်ခဲ၊ လေးခွများ ကိုင်ဆောင်ပြီး ထပ်မံစုဝေး ရောက်ရှိလာသည့်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးက လူစုကွဲ ထွက်ခွာရန် ကြေညာခဲ့သော်လည်း ရွာသူရွာသူများက ရဲတပ်ဖွဲ့ဝင်များ အနီးသို့ရောက်ရှိလာခဲ့ပြီး ရွာသားတစ်ဦးက ဓားဖြင့် ၀င်ခုတ်ခဲ့သည့် အပြင်၊ အမျိုးသမီး တစ်ဦးက ထန်းလျက်တုတ်ဖြင့် ၀င်ရိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ လုပ်ဆောင်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များက သတိပေး ကြေညာကာ ရိုင်ဖယ်သေနတ်ဖြင့် မိုးပေါ်သို့ ၆ ချက် ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း ၊ရွာသူရွာသားများက ရဲတပ်ဖွဲ့ဝင်များအား ခဲများ လေးခွများဖြင့် ဆက်၍ ပစ်ခတ်သည့် အပြင် ရှေ့သို့တက်လာကာ ပလက်စတစ် ရေသန့်ဗူးအတွင်း ဓာတ်ဆီထည့်ကာ ကြိုးဖြင့် မီးစာ ပြုလုပ်ထားသည့် မီးလောင်ဗုံးဖြင့် ရဲတပ်ဖွဲ့ဝင်များ ဟန့်တားသည့်နေရာသို့ပစ်ပေါက် အန္တရာယ်ပြုလာပြီး ခဲများဖြင့် အင်အားသုံး ပစ်ပေါက် ရှေ့သို့တိုးလာမှုကြောင့် ရိုင်ဖယ်သေနတ်ဖြင့် မိုးပေါ်သို့ ၁၂ ချက် ထပ်မံပြီး ခြောက်လှန့်ပစ်ခတ် ခဲ့ရကြောင်း၊ ရွာသားသုံးဦးက ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးချုပ်နှောင်ပြီး ထရွတ်တိုက် ဆွဲခေါ်သွားမှုကြောင့် သေနတ်လေးချက် ပစ်ဖောက်ပြီး ပြန်လည်ဆွဲထုတ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ရွာသူရွာသားများ ဘက်မှ ပလက်စတစ် ရေသန့်ဗူးအတွင်း ဓာတ်ဆီထည့်ကာ ကြိုးဖြင့်မီးစာ ပြုလုပ်ထားသည့် မီးလောင်ဗုံးများဖြင့် ဆက်လက်ပစ်ခတ် လုံးထွေး တိုက်ခတ်လာ၍ ရာဘာကျည်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ရာ ရွာသားများ နောက်ဆုတ်သွားပြီး ၁၀ နာရီ ၄၀မိနစ်တွင် လူစုကွဲသွား ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲသည်။
ယင်းသို့ ဒေသခံ လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကြောင့် ရွာသားသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီးရမိသူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည့်အပြင် ပြစ်မှုကျူးလွန် သူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်သည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1