Wednesday, April 3, 2013

ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များ ရှိခဲ့ခြင်းကြောင့် ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်တွင် စိတ်ချရသည့် လုံခြုံရေး အစီအမံများ ပြုလုပ်ထားမည့်အပြင် သင်္ကြန်မဏ္ဍပ်များအား လုံခြုံရေး အထူးပြုရန် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ညွှန်ကြား

Ever November | 4/03/2013 10:59:00 AM | Best Blogger Tips
ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များ၊ ကောလာဟလများကြောင့် ရန်ကုန် သင်္ကြန်ပွဲတော်အတွက် အများစု စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေရာ ယခုနှစ် ရန်ကုန် သင်္ကြန်ပွဲတော်တွင် အများပြည်သူ အေးချမ်းစိတ်ချရမည့် လုံခြုံရေး အစီအစဉ်များ ပြုလုပ်ထားမည့်အပြင် သင်္ကြန်မဏ္ဍပ်များ၏ လုံခြုံရေးကိုလည်း အထူးဂရုပြုရန် ညွှန်ကြားထားခဲ့ပြီးဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားခဲ့သည်။
ဧပြီလ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်း ရေကျော်ဗလီ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမီဒီယာများအား ရှင်းလင်းပွဲတွင် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"သင်္ကြန်နဲ့ ပတ်သက်ပြီး ဧပြီလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ မဏ္ဍပ်တွေနဲ့ တွေ့ခဲ့တယ်။ မဏ္ဍပ်တွေကို အသေး၊ အကြီးအလိုက် လုံခြုံရေး အဖွဲ့လေးဖွဲ့ခိုင်းထားတယ်။ ကျွန်တော်တို့ကတော့ မဏ္ဍပ်တွေကြားမှာ လုံခြုံရေးတွေ ဖြန့်ချထားမယ်။ သင်္ကြန်မှာ အေးအေးချမ်းချမ်းဖြစ်အောင်လို့ ကျွန်တော်တို့ ဆောင် ရွက်မှာ ဖြစ် ပါတယ်။ ဒါကို ကျွန်တော်တို့ သင်္ကြန်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့တွေလည်း စီမံပြီး ဖြစ်ပါတယ်။ CCTV တပ်ဖို့ကအစ မဏ္ဍပ်တွေကို အကြောင်းကြားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ပြောပြပြီးတော့ ချပြခဲ့ပါတယ်။ ဒီနေ့လိုမှာ ဒီလိုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့အတွက် အထူးဂရုစိုက်ဖို့ မှာကြားခဲ့ပြီး ဖြစ်ပါတယ်" ဟု အဆိုပါ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။
ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ရေကစားမဏ္ဍပ် အကြီးအခု ၄၀ ကျော် ဆောက်လုပ်ခွင့် ချထားပေးခဲ့ပြီး ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၇ ခု၊ ပြည်လမ်းတွင် ၂ ခု၊ ကမ္ဘာအေး စေတီလမ်းတွင် ၁၀ ခု၊ ပါရမီလမ်းတွင် ၃ ခု၊ ဆရာစံလမ်းအနီး ၁ ခု စသည်တို့ဖြစ်ကြောင်း၊ သင်္ကြန်မဏ္ဍပ်များအတွက် လိုက်နာရမည့် စည်းကမ်းချက် ၂၇ ချက်ကို ထုတ်ပြန်ထားပြီး စည်းကမ်းပိုင်းအရ ပိုမိုတင်းကျပ်ထားသည်။
ယခုနှစ် စည်းကမ်းပိုမိုတင်းကျပ်သော အချက်အနေဖြင့် ယခင်နှစ်ကကဲ့သို့ မဏ္ဍပ်တာဝန်ခံနှစ်ဦးသာ ထားရှိ ရမည်မဟုတ်ဘဲ မဏ္ဍပ်ပိုင်ရှင်၊ မဏ္ဍပ်တာဝန်ခံနှင့် ဒုတာဝန်ခံ၊ မဏ္ဍပ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ရေပက်ခံ ယာဉ်များ ထိန်းသိမ်းရေးတာဝန်ခံနှင့် ဒုတာဝန်ခံဟူ၍ ငါးဦးထားရှိရကြောင်း သိရ သည်။
ထို့ပြင် အာမခံစပေါ်ငွေများလည်း မြင့်တက်ခဲ့ပြီး ယခင်နှစ်က မည်သည့်မဏ္ဍပ်မဆို တစ်လုံးလျှင် စပေါ်ငွေ ကျပ်သိန်း ၃၀ မှ ယခုနှစ်တွင် မဏ္ဍပ်အကြီးလျှင် ကျပ် ၇၅ သိန်းနှင့် မဏ္ဍပ်အလတ်လျှင် ကျပ် ၄၅ သိန်းသို့ တိုးမြှင်ခဲ့ပြီး ရေဆက်သွယ်ခ နှုန်းထားများလည်း တိုးမြှင့်ခဲ့သည်။
ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်များကို လက်ရှိ စတင်ဆောက်လုပ်နေပြီး သင်္ကြန်မဏ္ဍပ် လက်မှတ်ခ ဈေးနှုန်း အနေဖြင့် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်များတွင် သင်္ကြန်နေ့အကုန်လုံး ကျပ် ၆၀၀၀၀၊ ၅၀၀၀၀၊ ၄၅၀၀၀ စသည်ဖြင့် သတ်မှတ်ထားသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1