Friday, April 26, 2013

ပန်ကာ အောက်က ခေတ်သစ်သူခိုးများ

Ever November | 4/26/2013 10:41:00 AM | Best Blogger Tips
သူခိုးဖမ်းပါ၊ လမ်းကြားမှာလား။ ပန်ကာအောက်မှာ.ထိုင်နေသည်။ ဆိုတဲ့ ကဗျာလေးကို ကျွှန်မ လေးတန်း အရွယ်လောက်ကထဲက သိခဲ့၊ ကြားခဲ့ရပါတယ်။ ကဗျာရေးခဲ့သူကိုတော့ ကျွှန်မ မမှတ်မိတော့ပါဘူး။ အဲဒီတုန်းကတော့ ကလေးအတွေးနဲ့ သိခဲ့တဲ့ ၊ ကျွန်မ မျက်လုံးထဲမှာ ပြေးမြင်မိတဲ့ သူခိုးဆိုတာက စုတ်စုတ် ပြတ်ပြတ်နဲ့လေ။
 
အဲဒီိလို စားစရာ မရှိ၊ ၀တ်စရာ မရှိလို့ ခိုးစားရတဲ့၊ စုတ်ပြတ်နေတဲ့ သူခိုး တစ်ယောက်က ပန်ကာအောက်မှာ စားပွဲနဲ့ ကုလားထိုင်နဲ့ ကျကျနန ထိုင်နေတဲ့ ပုံစံကို မျက်လုံးထဲ မြင်ယောင်မိပြီး ရယ်ချင်တာကြောင့် ကြိုက်ခဲ့ မိတာပါ။
 
ကျွန်မကလေးအရွယ်မှာ သိထားတာက ပန်ကာဖွင့်ထားတဲ့ အောက်က စားပွဲမှာ ကုလားထိုင်နဲ့ ကျကျနန ထိုင်ရတာဟာ လူတော်တွေ၊ လူကြီးလူကောင်းတွေပဲ ရနိုင်တဲ့ အခွင့်အရေးလို့ ထင်ခဲ့တာလေ။ ဒါပေမဲ့ အခုအချိန် အသက်အရွယ်၊ အတွေ့အကြုံအရ သိလာတာကတော့ စုတ်ပြတ်နေတဲ့ သူခိုးတွေဟာ ပန်ကာအောက်မှာ ထိုင်နေဖို့ အခွင့်အရေးနဲ့အရည်အချင်း၊ ပြီးတော့ အတွေးအခေါ်တွေမရှိကြဘူး ဆိုတာပါပဲ။
 
တစ်ကယ်တမ်း အသက်ရလာတဲ့ အချိန်မှာ ဖြတ်သန်းလာတဲ့ ဘ၀အတွေ့အကြုံ၊ ခေတ်စနစ်တွေအရ တွေ့လာ, မြင်လာ,သိလာရတာကတော့ သူခိုးဆိုတာလည်း အဆင့်အတန်းမျိုးစုံရှိနေတယ်ဆိုတာကိုပါ။
 
စားစရာတောင် မရှိတဲ့ သူခိုးက စားရရုံသာ ခိုးပါတယ်။ ၀တ်စရာ မရှိတဲ့ သူခိုးကလည်း ၀တ်ရရုံသာ ခိုးပါတယ်။ သူခိုးက ဆင်းရဲ လေလေ ပညာမတတ်လေလေ ခိုးတဲ့ ပမာဏနဲ့လောဘက နည်းပါးလေလေပါ။
 
တစ်ခါပန်ကာအောက်မှာ ထိုင်ပြီး ခိုးနိုင်တဲ့ အခွင့်အရေး ရနေတဲ့ သူခိုးကြီးတွေကို ကျွန်မတို့ လေးစားစွာ၊ ရိုသေ စွာ၊ ကျေးဇူးတင်စွာ ပြောဆို ဆက်ဆံခဲ့ ရပါတယ်။ တွေ့မြင်ခဲ့ ရပါတယ်။ ပညာ၊အာဏာ၊လုပ်ပိုင်ခွင့်တွေကိုသုံးပြီး ခိုးတဲ့ သူခိုးကြီးတွေကို ပပျောက်အောင်ဆိုပြီး တိုက်ဖျက်နေချိန်ဖြစ်လို့ အတော်လေး စင်ကြယ်ပြီလားလို့ တွေးမိရုံ ရှိပါသေးတယ်။
 
ပြီးတော့ လာဘ်စားတာတွေကို မုန်းတီးပါတယ်လို့ ကြွေးကြော်နေတဲ့ လူတွေရဲ့ အသံတွေ ကျယ်လွန်းလို့ ဒီအမူအကျင့်တွေကို သူတို့ လက်ထဲမှာ အုပ်ချုပ်ရေး အာဏာတွေ အထိုက်အလျောက် ရလာချိန်မှာ ပြုပြင် ချင်စိတ်တွေနဲ့  ကောင်းအောင်များ ကျင့်သုံးနေကြပြီလားလို့ပါ။
 
ဒါပေမဲ့ မနေ့က(ဧပြီ-၂၄ရက်နေ့) ငွေ တစ်ထောင့်ငါးရာကျပ်တန် CDMA Sim Card တွေ ပြည်သူလူထုကို စ,ရောင်းတဲ့ အခါမှာတော့ ပန်ကာအောက်က ငတက်ပြားဇာတ်လမ်းတွေ ဆက်,က နေတာကို တွေ့ရတာပါပဲ။
 
ဆင်းမ်ကတ်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက တဆင့် တာဝန်ယူ ရောင်းချပေးပါတယ်။ မဲနှိုက်ပြီး မဲဖေါက်ပေးတဲ့ အစီအစဉ်နဲ့ ရောင်းချသွားကြတာပါ။ ကျွန်မတို့က ယုံလွယ်တယ်ပဲ ပြောရမလား။ ပွင့်လင်း မြင်သာမှုရှိလိမ့်မယ်လို့ ယုံကြည်မိခဲ့ကြပါတယ်။
မနေ့က ညနေလည်း ရောက်ရော..။
 
အဲဒီ ဆင်းမ်ကတ်တွေကို မဲနှိုက်စရာမလိုပဲ ငွေတစ်သောင်းခွဲနဲ့ ဆက်သွယ်ရေးမှာ လက်သိပ်ထိုးဝယ်လာတဲ့ သူတွေ တွေ့ရသလို၊ ဟံသာဝတီ Junction Square က မိုဘိုင်းဆင်းမ်ကတ်တွေ၊ ဟန်းဆက်တွေရောင်းချတဲ့ ဆိုင်တစ်ဆိုင်ကလည်း  သူတို့ရဲ့ ဆိုင်က၀န်ထမ်းတွေ အားလုံးကို အဲဒီဆင်းမ်ကတ်တွေ ရောင်းပေးလိုက်တဲ့ အကြောင်း သိရပါတယ်။
 
ပြီးတော့ မနေ့က ညနေ ရုံးအပြန်မှာ ကျမသူငယ်ချင်း တစ်ယောက်နဲ့ တွေ့လို့ အအေးဆိုင်တစ်ခုမှာ အအေး ၀င်သောက်နေကြတုန်း ကျွန်မတို့ရဲ့ဘေးက စားပွဲမှာ ထိုင်နေတဲ့ လူတွေဆီက ကြားလိုက်ရတဲ့ စကားကြောင့် ကျွန်မ တော်တော် စိတ်ရှုပ်သွားရပါတယ်။
 
မင်းကကွာ။ ငါ့ကို လူတွေ အများကြီးထဲမှာ လာပြီး ဆင်းမ်ကတ် လာတောင်း ရသလားကွ။ လယ်စိုက်ပြီး စပါး မစားရတာ မရှိအောင် ငါ့တပည့်တွေအတွက် ဖယ်ထားပေးပါတယ်ကွ။ ပြောမကောင်းလို့ မပြောတာ။ တဲ့ ဆိုပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောသံကို ကြားလိုက်ရလို့ပါပဲ။
 
ကျွန်မတို့ မပြန်ခင်ပဲ အဲဒီစကားပြောတဲ့လူက အရင် ထပြန်သွားပါတယ်။ သူ့ကိုယ်ပိုင်ကား ဖြစ်မှာပါ။ သိန်းတစ်ရာ့ငါးဆယ်လောက်တန်တဲ့ နံပါတ်အနက်နဲ့ ကားကို ကိုယ်တိုင် မောင်းပြီး ပြန်သွားတာ တွေ့လိုက် ရပါတယ်။
 
သူတို့ စားပွဲက ကျန်ခဲ့တဲ့ လူတွေက အချင်းချင်း မေးငေါ့ ပြောလို့ သိလိုက်ရတာက သူတို့ရပ်ကွက်ရဲ့ အင်မတန် တော်သော၊ မှန်ကန်သော၊ ကိုယ်ကျိုးမရှာသော၊ တပည့် များကို ကြည့်ရှု စောင့်ရှောက်တတ်သော ရပ်ကွက် ဥက္ကဌဖြစ်ကြောင်း ဆက်ကြားရတဲ့ အခါမှာတော့ ကျွန်မဖြင့် မပြုံးဘဲ ၀ါးလုံးကွဲရယ်လိုက်ချင်မိပါ တော့တယ်။
 
သူတို့ရဲ့ ဥက္ကဌဟာ သူ့ရဲ့ အာဏာစက်ကလေးအတွက် လုပ်ပိုင်ခွင့်ကို အလွဲသုံးပြီး တပဲ့ ( ကိုယ်ကျင့်တရား ပဲ့ရွဲ့နေတဲ့ တပည့် ) မွေးတတ်တဲ့ အဆင့် အနည်းငယ်ရှိနေတဲ့သူခိုး တစ်ယောက် ဖြစ်နေတာကို သူတို့ မတွေးနိုင်၊ မမြင်နိုင်အောင် ဖြစ်နေတာကို စိတ်ပျက်ဖွယ် တွေ့ရပါတယ်။
 
သူတို့ လိုတာရအောင် လုပ်ပေးနိုင်တဲ့အတွက် သူတို့ အတွက်တော့ ဆရာကောင်းဖြစ်တာ နေမှာပေါ့လေ။
ကျွန်မတို့ရဲ့ နိုင်ငံမှာ ပွင့်လင်းမြင်သာဖို့၊ သန့်ရှင်းတဲ့ Clean Government ဖြစ်ဖို့ ဆိုပြီး ပြင်တဲ့ သူတွေက ပြင်နေပါတယ်။ ဘာတွေကို ဘယ်လို ပြုပြင်ရမယ်ဆိုပြီး တောင်းဆိုတဲ့ သူတွေကလည်း တောင်းနေ၊ ဆိုနေကြ ပါတယ်။
 
ဒါပေမဲ့ အခုရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့လို အဖွဲ့အစည်း သေးသေးလေးမှာတောင် ဘာတွေ ပြောင်းသွားနေလို့ လဲ။ အဲ့ဒီလို ပြောင်းဖို့က ပြောင်းမယ်ဆိုတဲ့ မူဝါဒချမှတ်သူတွေ၊ စီစဉ်သူတွေမှာပဲ တာဝန်ရှိနေတယ်လို့ ထင် နေကြ ပါသလား။
 
လိုက်နာအကောင်အထည်ဖေါ်ရမဲ့ အောက်ခြေ အဖွဲ့အစည်း  အဆင့်ဆင့်မှာ ပါဝင်သူတွေရဲ့ စိတ်ဓါတ်တွေ၊ လုပ်ရပ်တွေကလည်း အရေးကြီးတယ် မထင်ကြဘူးလား။ အခြေခိုင်မှ မယိုင်တဲ့ စနစ်ကောင်းကို ပြောင်းနိုင်မယ် မဟုတ်လားလို့။အားလုံးကောင်းဖို့ ဆိုရင် ဦးဆောင်သူတွေရဲ့ မူဝါဒကောင်းတွေကို အကုန်လုံး ပေါင်းပြီး အကောင်အထည် ဖေါ်ဖို့လိုအပ်မယ်လို့လည်း ထင်ပါတယ်။ 
မ၀ါ(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1