ဥပဒေအရ ကြိုတင်မဲ ပေးခွင့် ရှိသူမှအပ အခြား မဲဆန္ဒရှင်များဟာ မဲရုံတွေမှာပဲ  မဲပေးကြရမယ် လို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ပြောဆို  လိုက်ပါတယ်။
ကြိုတင်မဲ  ပေးခွင့်ရှိသူ အုပ်စု ၂ ခု ရှိပြီး ဒီအုပ်စုတွေထဲမှာ မဲဆန္ဒနယ် ပြင်ပရောက်  တပ်မတော်သားတွေ၊ ကျောင်းသားတွေ၊ သင်တန်းသားတွေ၊ အချုပ်သားတွေ၊  အသက်ကြီးသူတွေ၊ နာမကျန်း ဖြစ်တဲ့သူတွေ၊ အချုပ်ခန်းထဲ ရောက်နေတဲ့သူတွေ  ပါဝင်တယ်လို့  မတ် ၇ ရက်နေ့ထုတ် သတင်းစာတွေမှာ ပါရှိတဲ့ ကော်မရှင်ရဲ့  နှိုးဆော်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 
ဒီတိုက်တွန်းနှိုးဆော်ချက်နဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်း မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မှတ်ချက်ပေးပြောပါတယ်။
“ရွေးကောက်ပွဲ  ဥပဒေမှာ ပြဌာန်းထားတဲ့အချက်တွေထဲမှာ အရေးအကြီး ဆုံး ကတော့ ကြိုတင်မဲတွေက  ရပ်ကွက်မှာပေးတဲ့ ကြိုတင်မဲတွေ အားလုံးက မနက် မိုးလင်းရင် မဲရုံဖွင့်တာနဲ့  ရက်ကွက်မဲရုံတွေကို ရောက်လာဖို့၊ နောက် ညနေ မဲရေတွက်တဲ့အခါ အဲဒီကြိုတင်မဲ  တွေကို အရင်ရေတွက်ဖို့ လိုတယ်။ ရေတွက်တဲ့အခါမှာလည်း သက်သေ ၁၀ ယောက်အပါအ၀င်  ပြင်ပက စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုဖို့  လို တယ်။ မဲရုံထဲမှာ ၁၀ ယောက်ပေါ့။ မဲရုံအပြင်မှာ ၁၀၀ ရှိချင်လည်း ရှိမယ်။
ဒုတိယ  အချက်ကတော့ မြို့နယ်ကော်မရှင်ရုံးကို ပို့တဲ့မဲ။ ဒီမဲတွေကို ညနေ ၄ နာရီ  အရောက် မြို့နယ်ကော်မရှင်ကို ပို့ဖို့လိုတယ်။ မြို့နယ်ကော်မရှင်မှာလည်း  မဲတွေကို ရေတဲ့အခါမှာ ကြိုတင်မဲတွေကို ပထမဆုံး စရေဖို့လိုတယ်။ အဲဒီလို  ရေတွက်တာ ၂ ခုကို လုပ်လိုက်ပြီးရင် ရပ်ကွက်ကျေးရွာရုံကို မနက် ၆ နာရီပို့၊  ညနေ မဲရေတဲ့အခါ ကြိုတင်မဲကို စရေ။ ဒီလို မြို့နယ်ကော်မရှင်ခွဲကို ၄  နာရီအရောက်ပို့၊ ပို့တာနဲ့ အရင်ဆုံး ကြိုတင်မဲကို စရေ၊ အဲဒီလို  စလုပ်လိုက်ရင် ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့ ၂၀၁၀ တုန်းက ဖြစ်တဲ့  အဖြစ်အပျက်မျိုး အများကြီး တားဆီးနိုင်ပါတယ်။”
၁၉၉၀ရွေးကောက်ပွဲနဲ့  ၂၀၁၀ ရွေးကောက်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ သူ့အတွေ့ အကြုံအရ  ကြိုတင်မဲ ရေတွက်တဲ့အခါမှာ ပြင်ပက စောင့်ကြည့် လေ့လာသူတွေကို  စောင့်ကြည့်ခွင့် ပေးသင့်ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။
ကြိုတင်မဲနဲ့  ပတ်သက်လို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို မေ့ထားလိုက်ပြီး အခုလုပ်မယ့်  ရွေးကောက်ပွဲကို သန့်ရှင်းမျှတအောင် လုပ်မယ်လို့ လက်ရှိ  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်တွင်း သတင်း  ထောက်တွေကို ပြောခဲ့ပါတယ်။
Ref; DVB 

No comments:
Post a Comment