တာဝန်ရှိသူတွေက အနီးဝန်းကျင်မှာ နေသူတွေကို ရှောင်ခိုင်းပြီး မပေါက်ကွဲသေးတဲ့ ဗုံးတွေကို ရှင်းလင်းခဲ့တယ်လို့ မြို့ခံက ပြောပါတယ်။
“၆ နာရီလောက်က  စာတိုက်ရှေ့မှာ ဆယ်လူလာ လက်ဘက်ရည်ဆိုင် ရှိတယ်။ လက်ဘက်ရည်ဆိုင်  နောက်ကျောကြားထဲမှာ ၂ လုံး တွေ့တယ်။ စာတိုက်က ၀န်ထမ်းတွေက တွေ့တယ်ဆိုပြီး  အကြောင်းကြားတယ်လို့ ပြောတာပဲ။ ကျနော်တို့တော့ သွားကြည့်လို့မရတော့ဘူး။  စာတိုက်ကို ၀င်လို့ရမယ့် ဗိုလ်ချုပ်လမ်းနဲ့အထက ၃ ရှေ့က ရွှေစေတီလမ်းတို့  အကုန်လုံး ပိတ်ထားတယ်။ စနက်တံ မဖြုတ်ရသေးတဲ့ ချိန်ကိုက် ဗုံးမျိုး  တွေ့တယ်လို့ပဲ သိရတယ်။ မနေ့ကလို ဓာတ်ပုံတွေနဲ့ အတိအကျတော့ မကြည့်ရဘူးဗျာ။  ကိုယ်နဲ့ နီးစပ်ရာက ဓာတ်ပုံရိုက်ပြီးသားကို ကြည့်တဲ့သူက ပိုကြီးတယ်လို့  ပြောတာပဲ။”
ဗုံးပေါက်ကွဲမှုကြောင့်  မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဟသာင်္တ ရဲစခန်းကို  မေးမြန်းကြည့်ရာမှာ သူတို့အနေနဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ ဖြေဆိုပါတယ်။
ဟသာင်္တမြို့  ရဲမင်းကြီး ဦးမြင့်ဆွေကို ထပ်မေးကြည့်ရာမှာ “ဒီကိစ္စ နဲ့ ပတ်သက်ပြီး  ကျနော်တို့ ထွေထွေထူးထူး ဘာမှ ပြောလို့မရပါဘူး”လို့ ပြောဆို ပါတယ်။
ဟသာင်္တမြို့မှာ အခုလို ဗုံးပေါက်ကွဲမှုမျိုး အရင်က မဖြစ်ဖူးဘူးလို့ မြို့ခံ တဦးက ပြောပါတယ်။
“ဒါမျိုးက  ဟသာင်္တမှာ ဂျပန်ခေတ်နဲ့ အင်္ဂလိပ်ခေတ် တုန်းကတောင် မဖြစ်ဘူး။ အရေးအခင်း  ဖြစ်တုန်းကတောင် ဗုံးပေါက်တယ်ဆိုတာ မရှိဘူးလေ။ အခုကျတော့ ဒီလို ဖြစ်တယ်  ဆိုတော့ အကုန်လုံးက တမျိုးတော့ ထင်ကြတာပေါ့ဗျာ။ ပေါက်သွားတဲ့ ဗုံးရယ်၊  မိုက်ခရိုဝေ့အောက်မှာ တွေ့တာရယ်၊ ဒီနေ့မနက် တခါထပ်တွေ့တယ် ဆိုတာဟာ ဒီနေရာ၊  ဒီနားမှာပဲတွေ့တယ်။ ဘယ်လိုဖြစ်လို့ ချက်ချင်းတွေ့ရတာလဲ။” 
Ref; DVB 
No comments:
Post a Comment