အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်  နယူးဇီလန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နယူးဇီလန်  နိုင်ငံခြားရေးဝန်ကြီး Murray McCully သည် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက  ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ လာရောက်တွေ့ဆုံခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်   နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully တို့သည် နံနက် ၁၁ နာရီမှ  မွန်းတည့် ၁၂ နာရီ အထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထို့နောက် မီဒီယာများနှင့်  တွေ့ဆုံရာတွင် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully က ၎င်း၏  နှစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူများ၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်  တွေ့ဆုံခဲ့ကြောင်း၊ မိမိ၏  မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံတွင်  ဖြစ်ပေါ်ပြောင်းလဲနေသည့် တိုးတက်မှုများနှင့် စပ်လျဉ်း၍ နယူးဇီလန်အနေဖြင့်  စိတ်ဝင်စားမှု ရှိနေသည်ဆိုသည်ကို ပြသလိုသည့်အတွက်ဖြစ်ကြောင်း၊ ယခုအချိန်သည်  မြန်မာနိုင်ငံသမိုင်းအတွက် အရေးကြီးသော အချိန်ဖြစ်ကြောင်း၊ နေပြည်တော် တွင်  မြန်မာအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင်  လာမည့်ကြားဖြတ်ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတမှုများ  ရှိလိမ့်မည်ဆိုသည်ကို မျှော်လင့်ကြောင်းတို့ကို ပြောကြားခဲ့ကြောင်း၊  ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမှာ ကောင်းမွန်ပြီး  အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully သည် နယူးဇီလန်နိုင်ငံမှ  မတ်လ ၅ ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး မြန်မာနိုင်ငံ နေပြည်တော်သို့ မတ်လ ၆  ရက်နေ့က ရောက်ရှိလာခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က  နယူးဇီလန်နိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများရှိပါကြောင်း၊  နယူးဇီလန်နိုင်ငံသည် ၎င်းအကြိုက်ဆုံး နိုင်ငံများထဲတွင် ပါဝင်ကြောင်း၊  မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် မိတ်ဆွေ  နယူးဇီလန်နိုင်ငံက နားလည်မှုရှိစွာဖြင့် ကူညီဆောင်ရွက်ပေးလိမ့်မည်ဟု  မျှော်လင့်ကြောင်းတို့ကို ပြောကြားခဲ့သည်။  
ထို့နောက် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully သည်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်  သံတမန်ဆောင်ဧည့်ခန်းမသို့ အဆိုပါနေ့ နံနက် ၁၁ နာရီတွင်  သွားရောက်တွေ့ဆုံပြီး မြန်မာ - နယူးဇီလန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု  တိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအပေါ်  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုခရီးစဉ်မှာ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သည်။
ယခုခရီးစဉ်မှာ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သည်။
Ref; EMG 

No comments:
Post a Comment