မြန်မာနိုင်ငံမှ ထွက်ရှိသော ငါး၊ ပုစွန်များမှာ အဓိကအားဖြင့်  ထိုင်းနိုင်ငံရှိ ရနှောင်းမြို့သို့ ရောက်ရှိနေပြီး အိမ်နီးချင်း  ထိုင်းနိုင်ငံတွင် ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံ  တောင်ဘက်ဆုံးပိုင်းရှိ မြိတ်ကျွန်းစုနှင့် မြန်မာ့ပင်လယ်ပြင်အတွင်းမှ  ထွက်ရှိသော ငါးပုစွန်များကို ထိုင်း နိုင်ငံရနှောင်းမြို့သို့  အဓိကတင်ပို့ပေးရလျက်ရှိကာ အဆိုပါဒေသနှင့် မဟာချိုင်ဒေသမှာ  အရှေ့တောင်အရှတွင် အဓိက ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း သိရသည်။   မြန်မာနိုင်ငံမှ ထွက်ရှိသော ငါးပုစွန်များအပေါ်တွင် ထိုင်းနိုင်ငံမှ  အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိနေပြီး မြန်မာနိုင်ငံမှ အကျိုးအမြတ် ၃၀  ရာခိုင်နှုန်းသာ ရရှိနေသောကြောင့် ငါးဈေးကွက်ကြီး မြန်မာနိုင်ငံတွင်  ပြန်လည်ရောက်ရှိလာရန်အတွက် တာဝန်ရှိသူများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။
''ထိုင်းနိုင်ငံ ရနှောင်းမြို့မှာရှိတဲ့ ဂိုဒေါင်တွေမှာ လာရောင်းတဲ့  လှေအားလုံးလိုလိုက မြန်မာနိုင်ငံက လာရောင်းတဲ့ ငါးလှေတွေပါ။ ရနှောင်းက  ဂိုဒေါင်တွေမှာ လေလံတင်ပြီး သူတို့က မဟာချိုင်နဲ့ ဘန်ကောက်ကို  ပြန်တင်ပို့ပေးတာပေါ့။ ဈေးကွက်အဆုံးကို ကျွန်တော်တို့က မတင်ပို့နိုင်သလို  မြန်မာနိုင်ငံကထွက်တဲ့ ရေထွက်ပစ္စည်းကို အမှီပြုပြီး ရနှောင်းမှာ  ငါးဈေးကွက်ကြီး ဖြစ်နေတာတွေ့ရတယ်။ မြန်မာနိုင်ငံက ရွှေ့ပြောင်း  လုပ်သားတွေပါ သွားရောက်လုပ်ကိုင်နေရတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံက  ရေထွက်ပစ္စည်းလည်း တင်ပို့ပေးရ၊ အဲဒီလုပ်ငန်း အဆင်ပြေစေဖို့  ရွှေ့ပြောင်းလုပ်သားတွေလည်း တင်ပို့ပေးရတယ်။ ငါးပုစွန် ဈေးကွက်က  ရတဲ့အကျိုးအမြတ်ကိုတော့ ထိုင်းနိုင်ငံက တန်ဖိုးမြှင့် ထုတ်ကုန်တွေ  ထုတ်လုပ်နိုင်တာတို့၊ အခွန်အခတွေကြောင့် မြန်မာနိုင်ငံက တင်ပို့တဲ့  ငါးပုစွန်တွေပေါ်မှာ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိနေပြီး မြန်မာနိုင်ငံက   ၃၀ ရာခိုင်နှုန်းလောက်သာ ရရှိတယ်လို့ တွက်ချက်ထားတာ တွေ့ရတယ်။ အဲဒီတော့  မြန်မာနိုင်ငံက ထွက်တဲ့ ငါးပုစွန်တွေကို မြန်မာနိုင်ငံမှာ  ဈေးကွက်ပြန်လည်ရရှိရေးအတွက် မြန်မာနိုင်ငံမှာ ရှိပြီးသားလည်းဖြစ်တဲ့  အရှေ့တောင်အာရှမှာ အကြီးဆုံး ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးကြီး  ပြန်လည်လည်ပတ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနအသီးသီးနဲ့  ဒေသခံလုပ်ငန်းရှင်တွေ ပါဝင်မယ့် ပညာရှင်အဖွဲ့ကို မြိတ်မြို့က  အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးကြီးကို စေလွှတ်ပြီး ဆွေးနွေး  ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ် လို့သိရတယ်''ဟု ပညာရှင်တစ်ဦးက  ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ  အဆင့်မီငါးလေလံဈေးကြီးသို့ လာရောက်လေ့လာပြီး သက် ဆိုင်သည့်  နယ်ပယ်အသီးသီးမှ ပညာရှင်အဖွဲ့ စေလွှတ်ပြီး ငါးလေလံဈေးကြီး ပြန်လည်  လည်ပတ်နိုင်ရန်အတွက် ဆွေးနွေးသွားရန် မှာကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ၁၉၆၂ ခုနှစ်မှ စတင်ပြီး ၎င်းတို့နိုင်ငံတွင်  ငါးမျိုးသုဉ်းသွားပြီဖြစ်ကြောင်း ကမ္ဘာကို ကြေညာထားခဲ့သော်လည်း  မြန်မာနိုင်ငံမှထွက်ရှိသော ငါးပုစွန်များကို အမှီပြုကာ အရှေ့တောင်အာရှတွင်  ကြီးမားသော ငါးဈေးကွက်ကြီးကို ပိုင်ဆိုင်ရယူထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ရနှောင်းမြို့တွင် မြန်မာ့ပင်လယ်မှထွက်ရှိသော  ငါးပုစွန်များကိုအမှီပြုကာ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ သုံးသန်းမှ  လေးသန်းကြား အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့်  မြိတ်-မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ကာ  အဆင့်မီလမ်းဖောက်လုပ်နိုင်ပါက ဒေသခံလုပ်ငန်းရှင်များ အပါအ၀င်  အခြေခံလူတန်းစားများ၊ အလယ်အလတ်လုပ်ငန်းရှင်များပါ အလုပ်အကိုင်  အခွင့်အလမ်းများစွာ ပွင့်သွားနိုင်ပြီး ရေထွက်ကုန်တင်ပို့မှုများလည်း  မြန်ဆန်စွာ တင်ပို့နိုင်မည့်အပြင် ငါးဈေးကွက်ကြီးမှာလည်း  မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိလာမည်ဟု ဒေသခံလုပ်ငန်းရှင်များက  သုံးသပ်ပြောကြားလျက်ရှိကြောင်း သိရသည်။Ref; EMG

No comments:
Post a Comment