Monday, May 21, 2012

 လာဘ်ပေးလာဘ်ယူမှုများကို အမြစ်ပြတ်ချေမှုန်းပါက နိုင်ငံအနာဂတ် ပိုမိုကောင်းမွန်လာနိုင်ကြောင်း ယင်လက်ခ်ပြောကြား

Ever November | 5/21/2012 09:41:00 AM | Best Blogger Tips

ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်တွင် လွှတ်တော်၌ တွေ့ရစဉ်

လာဘ်ပေးလာဘ်ယူမှုများကို အမြစ်ပြတ်ချေမှုန်းပါက နိုင်ငံအနာဂတ်သည် ယခုထက် ပိုမိုကောင်းမွန်နိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်က မေလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုအမြစ်ပြတ် ချေမှုန်းရေး လှုပ်ရှားမှုကို ထောက်ခံကူညီရန် ယင်လက်ခ်က အစိုးရ အကြီးတန်းတာဝန်ရှိသူများအား တိုက်တွန်းခဲ့ပြီး အစိုးရရာထူးအလဲ အလှယ်ပြုလုပ်နိုင်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုပြုလုပ်မှုများကို အဓိကထား ပြောကြားခဲ့သည်။

အကြီးမားဆုံးခြိမ်းခြောက်မှု ဖြစ်သော လာဘ်ပေးလာဘ်ယူမှုကို အမြစ်မှစ၍တွန်းလှန်နိုင်ပါက နိုင်ငံ အနာဂတ်ပိုမိုကောင်းမွန်နိုင်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ ခြင်းဖြစ်သည်။

ယင်လက်ခ်သည် သတင်းစာ ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး အစိုးရ၏ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး မဟာဗျူဟာများကို ထုတ်ဖော်ခဲ့သည်။ ယင်းလှုပ်ရှားမှုတွင် အစိုးရ၀န်ကြီးများ၊ အေဂျင်စီအကြီးအကဲများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် ပုဂ္ဂလိကနယ်ပယ်များမှ ဦးဆောင် သူများအပါအ၀င် လူ ၆၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၁၈ လအတွင်း ထိုင်းနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးလုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး သိသာထင်ရှားသော တိုးတက်မှုများ မမြင်တွေ့ခဲ့ရကြောင်း ယင်လက်ခ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အစိုးရတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ပွင့်လင်းမြင်သာမှုရှိခြင်း၊ ကောင်းမွန်စွာ အုပ်ချုပ်ခြင်း စသော တာဝန်ဝတ္တရားများ ထမ်းဆောင်ရမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အရည်အသွေး ထူးချွန်သည့်အလျောက် မြှောက်စားသည့်စနစ် (meritocracy) ရှင်သန်လာအောင် အားပေးသင့်ပြီး ယင်းမှသာ လာဘ်ပေးလာဘ်ယူလုပ်မှ အလုပ်ပြီးမြောက်သည့် အလေ့အထကို ဟန့်တားနိုင်မည်ဖြစ်ကြောင်း ယင်လက်ခ်က ပြောကြားခဲ့သည်။
လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်ပြီး အသိပညာပေးမှုတိုး မြှင့်ပြုလုပ်ခြင်း၊ အေဂျင်စီများကိုလည်း ပွင့်လင်းမြင်သာမှု ရှိစေရေး လုပ်ဆောင်ရန် အားပေးခြင်း၊ လာဘ်ပေးလာဘ်ယူမှုများကို ဖြစ်လာမှ တုံ့ပြန်ခြင်းထက် မဖြစ်မီ ကြိုတင်ထောက်လှမ်းခြင်း၊ လာဘ်ပေး လာဘ်ယူမှု ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး နှိပ်ကွပ်နိုင်ရန် ခိုင်မာသော ဥပဒေတစ်ရပ် ပြဋ္ဌာန်းခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1