Monday, May 21, 2012

ပုလဲစက်ရုံမှ အလုပ်သမားများ အခြားစက်ရုံများနည်းတူ ရှားပါးစရိတ်ရရှိပါက ဆန္ဒပြတောင်းဆိုမှုအား ရပ်ဆိုင်း ပေးမည်

Ever November | 5/21/2012 08:29:00 PM | Best Blogger Tips
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုံ(၃)ရှိ ပုလဲအထည်ချုပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် အခြားစက်ရုံများ နည်းတူ ရှားပါးစရိတ်သုံးသောင်းတိုးပေးမည်ဆိုပါက ဆန္ဒပြတောင်းဆိုခြင်းအား ရပ်ဆိုင်းပေး မည်ဟု တောင်းဆိုထားကြောင်း သိရသည်။
 
မေလ(၂၁)ရက်နေ့တွင် ဆန္ဒပြစက်ရုံများထဲမှ ရက်စ်စက်ရုံတစ်ခုတည်းသာ ရှားပါးစရိတ်ရရှိကြောင်း သိရှိရပြီး၊   မြန်မာအေးရှား ပလပ်စတစ်စက်ရုံနှင့် စံပယ်ဖြူစက်ရုံမှ အလုပ်သမားများမှာ ဆက်လက်ဆန္ဒပြနေကြသည်။
 
“ကျွန်မတို့ တောင်းဆိုတဲ့ ရှားပါးစရိတ်ကို သုံးသောင်းတိုးပေးမယ်ဆိုရင် ကျွန်မတို့ အခုစက်ရုံရှေ့မှာ အစုလိုက် အပြုံလိုက်   တောင်းဆိုတာတွေကို ရပ်ပေးမယ်၊ မဟုတ်ရင်တော့ နောက်ရက်တွေလဲ ကျွန်မတို့က ဆက်တောင်း ဆိုနေအုံးမှာပါ” ဟု ပုလဲအထည်ချုပ်စက်ရုံမှ အလုပ်သမားကိုယ်စားလှယ် မသဇင်ခိုင်က ပြောသည်။
 
ပုလဲအထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် အလုပ်ရှင်အားအချက်(၁၅)ချက်ကို တောင်းဆိုခဲ့သော်လည်း အဓိကအချက်ဖြစ်သော ရှားပါးစရိတ် သုံးသောင်းပေးလျှင် တောင်းဆိုခြင်းကို ရပ်ဆိုင်းပေးမည်ဖြစ်သည်။
 
အဆိုပါဆန္ဒပြလုပ်သားများမှာ စက်ရုံပိုင်ရှင်မှကျပ်တစ်သောင်းခွဲသာ လိုက်လျောပေးနိုင်သောကြောင့်  ဆက်လက် တောင်း ဆိုနေကြခြင်း   ဖြစ်သည်။
 
“ အလုပ်ရှင်ဘက်က ရှားပါးစရိတ်ကို တစ်သောင်းခွဲပဲပေးမယ်တဲ့ ကျွန်မတို့အနေနဲ့ လက်မခံနိုင်ပါဘူး” ဟု မသဇင်ခိုင်က ပြောသည်။
 
ပုလဲစက်ရုံမှ ၀န်ထမ်းများသည် ရှားပါးစရိတ်ထောက်ပံ့ရန် တောင်းဆိုရခြင်းမှာ အလုပ်ချိန်နောက်ကျပါက ဒဏ်ကြေးအား လစာထဲမှ ဖြတ်တောက်ခြင်းကြောင့် ရှားပါးစရိတ်အနေဖြင့် သီးခြားတောင်းဆိုရခြင်းဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
 
စက်မှုဇုံ(၃)ရှိ ပုလဲစက်ရုံမှ ၀န်ထမ်းများသည် ရှားပါးစရိတ်တောင်းဆိုခြင်းသည် တစ်ပတ်ကြာ ကြာမြင့်ခဲ့ သော်လည်း ယနေ့အချိန်ထိ အလုပ်ရှင်ဘက်မှ လိုက်လျောပေးခြင်း မရှိသေးပေ။
 
မြန်မာအမျိုးသားကွန်ကယက်ပါတီမှ ထိုကဲ့သို့ လှိုင်သာယာမြို့နယ်ရှိ စက်ရုံအချို့မှဝန်ထမ်းများ ဆန္ဒပြ တောင်းဆိုခြင်းများ   ဖြစ်ပေါ်ရခြင်းမှာ အလုပ်သမားများအတွက် တိကျခိုင်မာသော ဥပဒေပြဌာန်းချက်မရှိခြင်း ကြောင့်ဟု နိုင်ငံရေးပါတီများက ဆိုသည်။
 
“ဒီလိုအလုပ်သမားတွေ စက်ရုံအသီးသီးမှာ ဆန္ဒပြတာတွေ ဖြစ်နေရတာက တိကျခိုင်မာတဲ့ ဥပဒေပြဌာန်းချက် မရှိလို့ဖြစ်တာ တိကျတဲ့ဥပဒေဖြစ်ဖို့ ကြိုးစားဖို့လိုတယ် ကျွန်တော်တို့လည်း အဲ့ဒါကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မှာပါ” ဟု မြန်မာအမျိုးသားကွန်ကယက်ပါတီမှ ဥက္ကဌ ကောင်မြင့်ထွဋ်က ပြောသည်။
 
၂၀၁၂ခုနှစ် မေလ ၂၁ရက်နေ့တွင် ပုလဲစက်ရုံသို့ဝန်ထမ်းများ ၀င်ရောက်လုပ်ကိုင်ခြင်းမရှိပါက မိမိသဘော ဆန္ဒအလျောက် အလုပ်ထွက်သည်ဟု သတ်မှတ်ပြီး မေလ ၂၅ရက်နေ့တွင် (၅/၂၀၁၂)၏လုပ်ခလစာကို နေ့လည် ၂နာရီတွင် ထုတ်ပေး မည်ဖြစ်ကြောင်း   ကြေငြာချက်ထုတ်ပြန်ထားသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1