Wednesday, May 30, 2012

အနောက်ကိုငဲ့ .. မျှော်လိုက်လျှင်

Ever November | 5/30/2012 01:35:00 PM | Best Blogger Tips

၉ နှစ်မြောက် ဒီပဲယင်းနေ့သို့..
(၁) ၊ မေလ ၆ ရက်နေ့၊ နေအိမ် အကျယ်ချုပ်မှ ပြန်လွတ် မြောက်လာခဲ့သည်မှစ၍ ၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့အထိ တနှစ်အတွင်း အဖွဲ့ချုပ် တည်ဆောက်ရေး၊ လူထု စည်းရုံးရေး ကိစ္စများနှင့် ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခဲ့သည်မှာ ရန်ကုန်တိုင်း အတွင်း ၁၂ မြို့နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်များအတွင်းမှ မြို့နယ်ပေါင်း ၉၇ မြို့နယ်သို့ သွားရောက်ခဲ့ပြီးဖြစ်သည်။

၂ဝဝ၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် စတင်မည့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ခရီးစဉ်အတွက် စီစဉ်ပြင်ဆင်ကြ၏။

အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလွင် က စစ်အစိုးရ၏ ဆက်သွယ်ရေးအရာရှိ ဗိုလ်မှူးချုပ်သန်းထွန်းအား မေလ ၆ ရက်နေ့ တွင် စတင်မည့် ခရီးစဉ်အတွင်း ဆိုင်းဘုတ် ပြန်တင်မည့် အဖွဲ့ချုပ် မြို့နယ်ရုံးများ၏ စာရင်းကို ပေးသည်။ ဆိုင်းဘုတ်
ပြန်တင်ရမည့် မြို့နယ်များက ကချင်ပြည်နယ်မှ မိုးညှင်း၊ မိုးကောင်း၊ တနိုင်း၊ ဝိုင်းမော်၊ ရွှေကူ၊ဖားကန့်၊ မြစ်ကြီးနားနှင့် ကချင်ပြည်နယ်ရုံး၊ မန္တလေးတိုင်းမှ သပိတ်ကျင်း၊ စဥ့်ကူ၊ မကွေးတိုင်းမှ ပခုက္ကူ၊ ဆိပ်ဖြူ၊ စစ်ကိုင်းတိုင်းမှ ရွှေဘို၊
ကောလင်း၊ ကန့်ဘလူ၊ ဝန်းသို၊ မြင်းမူ၊ ဘုတလင်း၊ ရေဦး၊ တန့်ဆည်၊ ခင်ဦး၊ အရာတော်၊ ဒီပဲယင်း၊ ရှမ်းပြည်နယ်မှ မိုးမိတ်၊ မဘိန်း စသည့် ပြည်နယ်ရုံး တရုံးနှင့် မြို့နယ်ရုံးပေါင်း ၂၅ ရုံး ဖြစ်သည်။

မေလ ၄ ရက်နေ့တွင် ဗိုလ်မှူးချုပ်သန်းထွန်းထံမှ ကချင်ပြည်နယ်ရုံးနှင့် မြစ်ကြီးနား၊ ဖားကန့်၊ ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်၊ တနိုင်း၊ မိုးကောင်း၊ မိုးညှင်း၊ ရွှေဘို ၊ ပခုက္ကူမြို့နယ်ရုံးများ၏ ဆိုင်းပုဒ်များအား တင်ခွင့် ပြုကြောင်း အကြောင်းပြန်လာ၏။

ကျန်သည့် မြို့နယ်ရုံးများ၏ ဆိုင်းဘုတ် ပြန်တင်ရေးကိုမူ နိုင်ငံတော် အကြီးအကဲများက စီစစ်နေဆဲ ဖြစ်၍ ခွင့်ပြုချက် မရသေးကြောင်း ဆို၏။ ခက်ပြီ…။ ခရီးထွက်မည့်ရက်က ၆ ရက်နေ့ဖြစ်၍ ကြားတွင် တရက်သာ အချိန်ရှိလေ၏။

ထိုတရက်အတွင်း ခွင့်ပြုချက်ရနိုင်ပါမည်လား..။

တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးအဖွဲ့အစည်း၊ ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်းကျော် လူထု၏ ရွေးကောက် တင်မြှောက်ခြင်းကို ခံထားရသည့် နိုင်ငံရေးအဖွဲ့အစည်း တခု၏ မြို့နယ်ရုံးခွဲများ ဆိုင်းဘုတ်တင်ခြင်း ကိစ္စအား
နိုင်ငံတော် အကြီးအကဲဆိုသူ ကိုယ်တိုင်က စီစစ်ပြီး ခွင့်ပြုနေခြင်းက အံ့သြစရာကောင်းလှ၏။ စင်စစ်…၊ ရွေးကောက်ပွဲ
ကော်မရှင်မှ လုပ်ဆောင်ရမည့် အလုပ်မျှသာ ဖြစ်သည်။ စစ်အစိုးရက ကိုယ်တိုင် ပါဝင်စွတ်ဖက်ချင်သည်ဆိုပါက လွန်ရောကျွံရော ပြည်ထဲရေး ဝန်ကြီး ဆိုသူလောက်က ကော်မရှင်နှင့်တွဲပြီး လုပ်လျှင်လည်း ဖြစ်၏။ သို့သော် ယခုမူကား…။ အာဏာရှင်တို့၏ ပြဿနာက ဤသို့။

အဖွဲ့ချုပ်မှ ဆုံးဖြတ်ရလေပြီ။ မေလ ၆ ရက်နေ့တွင် စတင်မည့် ခရီးစဉ်အား ရွှေ့မည်လား။ သို့မဟုတ် ဤနေ့တွင်ပင် ထွက်မည်လား…။ ဗဟို အလုပ်မှုဆောင်အဖွဲ့က ယခင်ဆုံးဖြတ်ထားသည့်အတိုင်း ၂ဝဝ၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ပင် ခရီးစဉ်အား စတင်ရန် သဘောထားပေးကြသည်။

(၂)

၂ဝဝ၃ ခုနှစ်၊ မေလ ၆ ရက်။ အင်္ဂါနေ့…။

နံနက် ၅ နာရီတွင် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှ စထွက်၏။ ခရီးစဉ်တွင် အဖွဲ့ချုပ် ဗဟိုမှ မော်တော် ယာဉ် သုံးစီးနှင့် သွားကြမည်။ ဒိုင်နာအဖြူ တစီး၊ ၄x၄ နှစ်ခန်းတွဲ ပစ်ကပ် အနက် တစီးနှင့် ခဲရောင် တောင်းအေ့စ် တစီးတို့ ဖြစ်သည်။ ၄x၄ နှစ်ခန်းတွဲ အနက်ရောင်ပစ်ကပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ် ရှစ်ဦးတို့ လိုက်ပါကြ ၏။ တောင်းအေ့စ် ခဲရောင်နှင့်က ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့မှ ပြန်ကြားရေးလူငယ် နှစ်ဦးတို့ လိုက်ပါကြသည်။

ဒိုင်နာအဖြူက နံနက် ၃ နာရီကတည်းမှ ကြို၍ ထွက်သွား၏။ ဒိုင်နာတွင် တနင်္သာရီတိုင်း၊ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမင်းနှင့် အဖွဲ့ဝင် သုံးဦးတို့ ပါသွားကြသည်။

ည ၁၂ နာရီကျော်မှပင် ဒေါ်အောင်ဆန်းစုကြည်တို့ မန္တလေးသို့ ရောက်၏။ မေလ ၇ ရက်နေ့ တနေ့လုံး မန္တလေးတွင် ပင်နေပြီး မန္တလေးတိုင်း စည်းရုံးရေး ကော်မတီဝင်များနှင့် ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေး၏။ ကချင်ပြည်နယ် ခရီးစဉ်အတွက် ပြင်ဆင်စရာများအား ပြင်ကြ၏။

မေလ ၈ ရက်နေ့ နံနက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ မန္တလေးမှ ထွက်ကြ၏။ မန္တလေးမှ ထွက်သည့် ခရီးစဉ်တွင်
မော်တော်ယာဉ် နှစ်စီးနှင့် မန္တလေးတိုင်းမှ အဖွဲ့ဝင် ၂ဝ ခန့် ထပ်၍ လိုက်ပါ လာကြသည်။

မန္တလေးမှ စစ်ကိုင်း…။ စစ်ကိုင်းမှ ရွှေဘို…။

ရွှေဘိုသို့ နေ့ခင်း ၁၂ နာရီခန့်တွင် ရောက်သည်။ ငါးမည်ရ ပြည်ရွှေဘိုတွင် အာဏာပိုင်တို့က စတင်၍ နှောက်ယှက် ၏။ ရွှေဘိုသားတို့အား အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို မကြိုဆိုရဟု ခြိမ်းခြောက်ထား၏။ သို့သော်…။ မုဆိုးဘိုသားတို့က ခြိမ်းခြောက်သည်ကို မကြောက်။ ဒေါ်အောင်ဆန်း စုကြည်အား ကြိုဆိုကြ၏။ ဦးအောင်ဇေယျ၏
သွေးက နီရဲဆဲ။

ရွှေဘိုလူထုအား ဒေါ်အောင်ဆန်းစုကြည်က ကတိပေး၏။ အဖွဲ့ချုပ်အနေနှင့် ပြည်သူ့အကျိုးအား ဦးဆွေးဆံမြေ့ အသက်ထက်ဆုံး ထမ်းရွက်သွားမည့်အကြောင်း ပြောသည်။ ရွှေဘိုသားတို့က လက်ခုပ်သံ တဖြောင်းဖြောင်းနှင့် သြဘာပေးကြ၏။ ရွှေဘိုပရိသတ်အား ကြည့်ပြီး အာဏာပိုင်တို့ ရွံ့သွားကြသည်။ ဤတွင် မြို့နယ်အာဏာပိုင်တို့က
ရွှေဘိုရုံး ဆိုင်းဘုတ် တင်မည့် နေရာသည် လယ်မြေနှင့် မလွတ်ကင်းဟု အကြောင်းပြပြီး တင်ခွင့်မပြု ကန့်သတ်လိုက်၏။

ရွှေဘို မှ ခင်ဦး…။

ခင်ဦးသို့ ရောက်သည့်အချိန်တွင် နေညို၍ပင်နေပြီ။ ခင်ဦးလူထုသည်လည်း ရွှေဘိုလူထုကဲ့သို့ပင်။ ဒေါ်အောင်ဆန်းစုကြည်အား အုံနှင့်ကျင်းနှင့် တခဲနက် ကြိုဆိုကြ၏။ လူထု၏ ထောက်ခံမှုက တုန်လှုပ် အားတတ်ဖွယ်ရာ။

ခင်ဦး မှ ကန့်ဘလူ…။ ကန့်ဘလူ မှ ကောလင်း…။

ခင်ဦးနှင့် ကောလင်း ခရီးက ညပိုင်းတွင် မောင်းနှင်ကြသည့် ညခရီး…။

ကြံ့ခိုင်ရေးတို့၏ လူစုလူဝေးနှင့် နှောင့်ယှက်မှုက ကောလင်းတွင် စသည်။ ကောလင်းမြို့ အထက်တန်းကျောင်း
ရှေ့တွင် ကြံ့ခိုင်ရေးတို့က “ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဟူသည့် ဆိုင်းဘုတ်များကို ကိုင်၍ အော်ဟစ်ကြ၏။ ကောလင်းမှ အင်းတော်၊ ကသာ၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ တနိုင်း၊ နမ္မတီး…။ နမ္မတီးမှ မြစ်ကြီးနား…။ ခရီးစဉ်က နေ့နေ့ ညညပင်။ ဆက်တိုက် နှင်သည့် ခရီးပြင်း။

မေလ ၁၆ ရက်နေ့ နံနက်တွင် မြစ်ကြီးနားသို့ ရောက်၏။ မြစ်ကြီးနားမြို့အဝင် “နန်းကွေ့” တံတား အနီးတွင် ကြံ့ခိုင်ရေး ၃ဝဝ ခန့်က ထုံးစံအတိုင်း လမ်းဘေးဝဲယာတွင် ဆိုင်းဘုတ်များ ကိုင်ပြီး အော်ဟစ်နေကြ၏။ ပြီးလျှင် တံတား အဝင် လမ်းအား ပိတ်ပြီး ဟန့်တားရန်လည်း ကြိုးစားကြသည်။ ထိုသူတို့၏ လက်များတွင် လောက်လေးခွ၊ ဝါးချွန်များနှင့် ကချင်ဓါးတိုများ ကိုင်ဆောင်ထားကြ၏။ အချိန်မရွေး ရန်မူမည့်ဟန်များနှင့်…။ ထိုလူအုပ်၏ အနီးတွင် ဒိုင်းများ၊ တုတ်များနှင့် လုံထိန်း ရဲတပ်ဖွဲ့ဝင်များလည်း ရှိ၏။ သို့သော် ငြိမ်ငြိမ်သက်သက်နှင့်ပင် ဆူပူအကြမ်းဖက်ရန် ဟန်ပြင်နေသည့် ကြံ့ခိုင်ရေးတို့အား ကြည့်နေကြ၏။ မဟန့်တား။ မထိန်းသိမ်း။

ကြံ့ခိုင်ရေးတို့၏ လူစုလူဝေးနှင့် နှောက်ယှက်မှုကား တဆင့်တတ်၍ အတင့်ရဲလာလေပြီ။ ပထမ ဆိုင်းဘုတ်များ ကိုင်၍ အော်ဟစ်ကာ နှောင့်ယှက်သည်။ ယခုမူ တုတ်များ၊ ဓါးများပင် ကိုင်ဆောင်ပြီး အန္တရာယ်ပြုမည့်ဟန် ပြင်လာ ကြ၏။ တိုင်းပြည်က မင်းမဲ့စရိုက် ဆန်၍နေလေပြီ။

မြစ်ကြီးနားမှ မေ ၁၈ ရက်နေ့တွင် ပြန်ထွက်ခဲ့ကြ၏။ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်…။

မိုးမောက်မြို့နယ် လယ်ဂျားယမ်ရွာသို့ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရောက်သည်။ လယ်ဂျားယမ်ရွာက တရုတ်-မြန်မာ နယ်စပ့်စည်းပေါ်တွင် ရှိသည်။ လယ်ဂျားယမ်မှ လိုင်ဇာသို့ ဆက်ကြမည်။ လိုင်ဇာတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် KIO အဖွဲ့ ရှိ၏။ ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်က လိုင်ဇာသို့ သွားပြီး KIO နှင့်
တွေ့မည်။

သို့သော် ထောက်လှမ်းရေး အမှတ် ၈ မှ ဗိုလ်မှူးတင်အောင်ကြည်နှင့် ထောက်လှမ်းရေး အမှတ် ၂၁ မှ ဗိုလ်မှူး မင်းလွင်ဦး တို့က တားမြစ်ကြ၏။ လိုင်ဇာသို့ ခရီးမဆက်ရန် ဟန့်တားကြ၏။ ဤအတွက် လိုင်ဇာခရီးစဉ်အား ဖျက်ပြီး ဗန်းမော်သို့ ပြန်လှည့်ခဲ့ရသည်။

ဗန်းမော်၊ ရွှေကူ၊ မိုးမိတ်၊ မိုးကုတ်…။

မိုးကုတ်သို့ မေလ ၂၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်တို့ ရောက်ကြသည်။ မိုးကုတ် လူထုက မြို့လုံးကျွတ် ကြိုဆိုကြသည်ဟုပင် ပြောရမည်။ မိုးကုတ်မြို့၏ လမ်းမထက်တွင် လူထုသည်။ ပြည့်ပြည့် ကျပ်ကျပ်။ ခရီးက ပမ်းပြီ။ ကြံ့ခိုင်ရေးတို့၏ ဥပဒေမဲ့ နှောက်ယှက်မှု များကလည်း စိတ်ကသိကအောက် ဖြစ်ရ၏။ မိုးကုတ်တွင်
ဒေါ်အောင်ဆန်းစုကြည်တို့ ၂၄ ရက်နေ့ တရက်နားကြပြီး ၂၅ ရက်နေ့ နံနက်တွင် မိုးကုတ်မှ ပြန်ထွက်၏။

သပိတ်ကျင်း…၊ စဥ့်ကူ။

စဥ့်ကူသို့ ညနေ ၇ နာရီခန့်တွင် ရောက်သည်။ အလင်းအမှောင်က ဝိုးတဝါး။ စဥ့်ကူးမြို့နယ် အတွင်းရှိ ကျည်တောင်
ပေါက်နှင့် နွယ်ရုံရွာအကြား ကြံ့ခိုင်ရေးတို့၏ နှောက်ယှက်မှုက ဒေါ်အောင်ဆန်း စုကြည်တို့ ယာဉ်တန်းအား ကာယကံမြောက် ထိုးနှက် တိုက်ခိုက်မည့်ဟန်၊ အကြမ်းဖက်မည့် ဟန်များ တွေ့ရ၏။

ကားကြီး ကားငယ် အစီး ၃ဝ ဖြင့် ကြံ့ခိုင်ရေး ၅ဝဝ ခန့်က ယာဉ်ထိန်းရဲများ၏ အကူအညီနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ယာဉ်တန်း မောင်းနှင်နေသည့် ယာဉ်ကြောအတွင်း ဘေးချင်းယှဉ်၍ အတင်းဝင်ရောက် မောင်းနှင်ကာ
မော်တော်ယာဉ်ချင်း ယှဉ်မိလျှင် ဝါးချွန်များ၊ ဝါးရင်းတုတ်များ၊ လောက်လေးခွများနှင့် ထိုးနှက်၊ ရိုက်ပုတ်၊ ပစ်ခတ်မည် တကဲကဲ ပြုလုပ်ကြ၏။

ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်နှင့် ယှဉ်မိသည့်အခါတွင်မူ ကြံ့ခိုင်ရေးတို့က ကားပေါ်မှ ခဲများနှင့် ပစ်ပေါက် ကြ၏။ မန္တလေးတိုင်း လူငယ်အဖွဲ့ဝင် မောင်ထွန်းထွန်းဝင်း ကြံ့ခိုင်ရေးတို့၏ ခဲဒဏ်ကြောင့် ခေါင်းကွဲသွားသည်။
နှုတ်မှလည်း “ကုလားမယား အလိုမရှိ”၊ “ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား အလိုမရှိ” စသဖြင့် ဆူပူအော်ဟစ်ကြ၏။ ကျည်တောင်ပေါက် ရွာအဝင်တွင်မူ လမ်းဘေး ဝဲယာမှ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေကြသည့် ရွာသားများကို ကြံ့ခိုင်ရေးက ကားများဖြင့် အတင်းဝင်တိုက်ရန်ပင် ကြိုးစားကြသည်။

“ဖယ်ရင် ဖယ်။ မဖယ်ရင် ကိုယ့်အလောင်း ကိုယ်ကောက်ကြ” ဟူ၍လည်း အော်ဟစ်ကာ ကြိမ်းဝါး ကြ၏။ ရမ်းကားနေ သည့် ကြံ့ခိုင်ရေးများက အရက် အလွန်အကျွံ မူးနေကြသည်။

ကြံ့ခိုင်ရေးတို့၏ တိုက်ခိုက်မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရသွားခဲ့သည့် မောင်ထွန်းထွန်းဝင်း၏ အမှုအား စဥ့်ကူ ရဲစခန်းတွင် အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦှး က အမှုဖွင့် တိုင်ကြားခဲ့၏။ သို့သော် စဥ့်ကူ ရဲစခန်းက မည်သို့မျှ အရေးယူခြင်း မရှိခဲ့။

စဥ့်ကူ မှ မတ္တရာ…။ မတ္တရာပြီးလျှင် မန္တလေးသို့။

ရက်ပေါင်း ၂ဝ ကြာ ထွက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကချင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်က ပြီးပြီ။ ကြံ့ခိုင်ရေးတို့၏ နှောက်ယှက်မှု၊ ရန်ပြုမှု၊ အကြမ်းဖက်မှု မျိုးစုံအကြားမှ ပြီးဆုံးခဲ့ရသည့် ခရီးစဉ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့ မန္တလေးသို့ ညနေ ၆ နာရီခန့်တွင် ပြန်ရောက်ကြသည်။ ကြိုဆိုနေကြသည့် မန်းသူ မန်းသားတို့က အမှတ် ၇၈/၇၉ လမ်းမထက်တွင် ဖွေးဖွေးလှုပ်၍ နေသည်။ ရဟန်း ပရိသတ်၊ လူပရိသတ်တို့နှင့်
ပြည့်သိပ်၍ နေသည်။ ည ၇ နာရီခွဲ ၈ နာရီအထိ မန်းပရိသတ်က ဒေါ်အောင်ဆန်း စုကြည်၏ မိန့်ခွန်းစကားကို “နာ”ရန် စောင့်ဆိုင်း၍ နေကြသည်။

ဤတွင်လည်း ယာဉ်ထိန်းရဲတို့၏ အကူအညီနှင့် ဒိုင်နာအမျိုးအစား ၅က/၈၁၇၅ မော်တော်ယာဉ်ကြီး တစီးက လူအုပ်ကြီး အတွင်းသို့ အတင်းတိုးဝင်၍ တိုက်ရန် ကြိုးစားပြန်သည်။ လူအုပ်ကြီးက ခဲများနှင့် ဝိုင်း၍ ပစ်ပေါက်ကြမှ သာ ကားနှင့် ဝင်တိုက်မည့် အစီအစဉ် ပျက်သွားခဲ့၏။ ထိုနေ့ညဦးတွင် မဟာအောင်မြေမြို့နယ်၊ ၃၈လမ်း (၇၉x၈ဝ) လမ်းကြား၊ အကွက် ၆၅၄ တွင် ရှိသည့် မန္တလေးတိုင်းရုံး ဒုတိယထပ်မှ ရုံးရှေ့လမ်းပေါ်ရှိ ရဟန်းပရိသတ်၊ လူပရိသတ်ကြီးအား ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းစကား ဆိုရသည်။

“ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့က တရားဥပဒေနဲ့ မညီတဲ့ကိစ္စတွေကို လုပ်နေပါတယ် ဆိုပေမယ့်လည်း အာဏာပိုင်တွေက အရေးမယူဘူး။ အရေးမယူတော့ အာဏာပိုင်တွေက သူတို့ဘက်မှာ ရှိတယ်ဆိုတဲ့ သဘောထားနဲ့၊ ကျမတို့ကလည်း ဘာမှ မတုန့်ပြန်ဘူးဆိုတာကို သိနေတော့ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ကလည်း တစထက်တစ ပိုပြီးတော့ ဆိုးလာတယ်။ ကျမတို့ ဒီ မတ္တရာကို၊ စဥ့်ကူးကို လာတဲ့အခါမှာ ကျည်တောင်ပေါက်ရွာမှာကျတော့ တုတ်တွေ၊ ဓါးတွေ၊
လောက်လေးဂွတွေနဲ့ ကျမ တို့ရဲ့ အဖွဲ့တွေကို၊ ကျမတို့ကို ထောက်ခံတဲ့သူတွေကို ရမ်းကားလာတဲ့အထိ ဖြစ်လာတယ်”

(ဆောင်းပါး နိဂုံးပိုင်းအား ဆက်လက် တင်ဆက်ပါမည်။)
မင်းဟန်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1