ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဇွန်လ ၈ ရက်နေ့မှ ၁၃ 
ရက်နေ့အထိ သိရှိရသော စာရင်းများအရ မီးလောင်မှုဖြစ်စဉ်တွင် နေအိမ် ၂၅၂၈ လုံး 
မီးလောင်ကျွမ်းခဲ့ပြီး ရခိုင်တိုင်းရင်းသားများ၏အိမ် ၁၁၉၂ အိမ်နှင့် 
မူစလင်များ၏နေအိမ် ၁၃၃၆လုံး ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ 
ဗလီ ၇ လုံး၊ စာသင်ကျောင်းတစ်ကျောင်း မီးလောင်ခဲ့ကြောင်း၊ သေဆုံးသူ ၂၉ ဦး 
ရှိခဲ့ပြီး ရခိုင်တိုင်းရင်းသား ၁၃ ဦးနှင့် မူစလင် ၁၆ ဦးဖြစ်ကြောင်း၊ 
ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက 
သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
"၈ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ အားလုံးတောက်လျှောက်ပေါင်းကြည့်မယ်ဆိုရင် 
မီးလောင်ဖျက်ဆီးခံခဲ့ရတာ ရခိုင်လူမျိုးတွေရဲ့အိမ် ၁၁၉၂ အိမ်ရှိပါတယ်။ 
မူစလင်အိမ် ၁၃၃၆အိမ် ရှိပါတယ်။ စုစုပေါင်း ၂၅၂၈ လုံး 
မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဗလီ ၇ လုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ 
ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ 
သေဆုံးမှုအနေနဲ့ ၂၉ ဦးသေဆုံးခဲ့ပြီး ရခိုင်လူမျိုး ၁၃ ဦးနဲ့ မူစလင် ၁၆ ဦး 
ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် အားလုံးစုစုပေါင်း 
၃၈ ဦးရှိပြီးတော့ ရခိုင်လူမျိုး ၁၆ ဦးနဲ့ မူစလင်လူမျိုး ၂၂ ဦးရှိပါတယ်။ 
ဒီကိန်းဂဏန်းတွေကတော့ ကျနော်တို့ ၁၃ ရက်နေ့အထိ ကျနော်တို့ ဖွဲ့စည်းထားတဲ့ 
စာရင်းဇယားရယူရေးအဖွဲ့နဲ့ တောက်လျှောက်ကောက်ခံရရှိထားတဲ့ စာရင်းဇယားအရ 
တင်ပြခြင်းဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားရှိတဲ့ စခန်းတွေအကြောင်း
 တင်ပြလိုပါတယ်။ ပရိပက္ခကြောင့် တိမ်းရှောင်ခဲ့တဲ့ အဖွဲ့တွေစုစည်းပြီး 
ယာယီနေထိုင်ဖို့ စခန်း ၃၇ ခု ကျနော်တို့ လက်ရှိဖွင့်ထားပါတယ်။ စုစုပေါင်း 
လူဦးရေ ၃၁၈၈၄ ဦး စခန်း အသီးသီးမှာ ရောက်ရှိနေပါတယ်။ မရောက်ရှိသေးတဲ့ 
အချို့အချို့သော အဖွဲ့တွေလည်း ရှိကောင်းရှိမှာဖြစ်ပါတယ်။ 
စစ်တွေမှာဆိုရင်တော့ ရခိုင်လူမျိုးတွေအတွက် ဖွင့်လှစ်ထားတဲ့ စခန်း ၁၅ ခု 
ရှိပါတယ်။ အဲ့ဒီမှာ လူဦးရေ ၅၆၉၀ ရှိပါတယ်။ တိမ်းရှောင်နေတဲ့ 
 မူစလင်တွေစုစည်းပြီးထားတဲ့ စခန်း ၂ ခုရှိပါတယ်။ အင်အားအနေနဲ့ ၁၈၈၈၆ ဦး 
ရှိပါတယ်။ ဒါ့ကြောင့်မို့ စစ်တွေမှာ ရခိုင်ရော မူစလင်ရော ပေါင်းမယ်ဆိုရင် 
၂၄၅၇၆ ဦးရှိနေတာ တွေ့ရပါတယ်။ ရသေ့တောင်မှာကတော့ ၁၄ နေရာရှိပါတယ်။ 
ရခိုင်လူမျိုးတွေ သင့်တော်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့မှာ 
ဖွင့်လှစ်ထားတာရှိပါတယ်။ အင်အားကတော့ ၃၁၀၄ ဦးရှိပါတယ်။ ပုဏ္ဏားကျွန်းမှာ 
စခန်း ၄ နေရာ ဖွင့်ထားပြီးတော့ ၂၇၀၄ ဦးရှိပါတယ်။ ပေါက်တောမှာတော့ 
မူစလင်စခန်း ၂ ခု ဖွင့်ထားပါတယ်။ အင်အားက ၁၅၀၀ ရှိပါတယ်။
မနေ့ကစပြီးတော့ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ 
မနေ့ညကဆိုရင် မီးရှို့ဖျက်ဆီးဖို့ ကြံတဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များ 
ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့နေရာက ၂ နေရာဖြစ်ပါတယ်။ 
တစ်နေရာမှာတော့ အဝတ်စတွေပါ ထိုးထည့်ထားတဲ့ ဓါတ်ဆီပုလင်း ၂၅ ပုလင်း၊ 
ပြင်ဆင်မှုလုပ်ဖို့ ရည်ရွယ်ပြီး ဆောင်ထားတဲ့ ပုလင်းခွံ ၃၄ လုံး၊ ဓားတို့ 
ဓားမြောင်တို့ ဦးချွန်တို့ သစ်သားအရိုးတပ်မှန်တို့၊ သံချွန်တွေ၊ 
သံတူရွင်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာရှိပါတယ်။ ဒါကို ပြန်ကြည့်မယ်ဆိုရင် 
စစ်တွေ ကုန်းတန်းရပ်ကွက်မှာ ၂၃ ဦး ဖမ်းဆီးရမိပါတယ်။ နောက်ထပ် 
မီးရှို့ဖို့အတွက် တက်လာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက 
ဝိုင်းဝန်းဖမ်းဆီးတဲ့အတွက် ၆ ဦးထပ်မိပါတယ်။ အားလုံး ၂၉ ဦးရှိပါတယ်။ ဒါကိုလဲ
 အမှတ် (၁) ရဲစခန်းကို အပ်နှံပြီးတော့ ကျင့်၁၅၁အရ ချုပ်နှောင်ထားရှိပြီး 
အရေးယူဆောင်ရွက်နိုင်ဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ 
ဒါကြောင့်မို့လို့ လက်ရှိအခြေအနေမှာတော့ တည်ငြိမ်အေးချမ်းမှု 
ရရှိနေပြီဖြစ်ပါတယ်။ " ဟု သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
"ယနေ့မှာဆိုလျှင် မနေ့ကထက်ပိုပြီးတော့ အခြေအနေကောင်းတာတွေ 
တွေ့ရမှာဖြစ်ပါတယ်။ ဆိုင်ခန်းများလည်း ပြန်လည်ဖွင့်လှစ်သလို 
ဘဏ်တွေလည်းပြန်လည်ဖွင့်လှစ်ပါတယ်။ လုပ်ငန်းတွေ အုပ်ချုပ်မှု ယန္တရားလည်း 
လည်ပတ်နိုင်အောင် ကျနော်တို့ စီမံထားပါတယ်။ ကယ်ဆယ်ရေးအတွက်ကို 
ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းပြီး 
ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရင်းနဲ့ တစ်ပြိုင်နက်ထဲ 
အုပ်ချုပ်မှုယန္တရားပါ ပြန်လည် လည်ပတ်နိုင်အောင် စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။
 အခြေအနေအရပ်ရပ်ကိုလည်း လက်ရှိထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း 
တင်ပြလိုပါတယ်။"
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အခြေအနေများမှာ အယ်လ်ကေဒါအဖွဲ့နှင့်
 ဆက်သွယ်ဆောင်ရွက်မှု ရှိသည်ဆိုသောအချက်ကို နိုင်ငံတော်မှ 
ရှင်းလင်းတင်ပြလိမ့်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် 
လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက ပြောကြားခဲ့သည်။ "အယ်လ်ကေဒါနှင့် 
ဆက်နွယ်ဆောင်ရွက်တယ်ဆိုတဲ့ အချက်မှာ နိုင်ငံတော်ကနေပြီးတော့ စနစ်တကျ 
ရှင်းလင်းတင်ပြပါလိမ်မယ်။ ကျနော်တို့အနေနဲ့ကတော့ 
ကျနော်တို့နယ်မြေအတွင်းမှာတော့ အယ်လ်ကေဒါနဲ့ပတ်သက်ပြီး ထူးခြားလှုပ်ရှားမှု 
မတွေ့ပါဘူး" ဟု ဗိုလ်မှုးကြီးထိန်လင်းကပြောပါသည်။
ထို့အပြင် စစ်တွေမြို့ လောကနန္ဒါ ဘုရားရှေ့ရှိ ဗလီ၌ ယနေ့မွန်းလွဲပိုင်းက 
သေနတ်ကျည်ဆံများ ရှာဖွေတွေ့ရှိသည်ဆိုသော သတင်းကို Eleven Media Group မှ 
အတည်ပြုမေးမြန်းခဲ့ရာ ဗိုလ်မှုးကြီးထိန်လင်းက ၎င်းတို့အနေဖြင့် သတင်းများကို 
နာရီနှင့်အချိန်အလိုက် ရရှိနေကြောင်း အဆိုပါသတင်းကို မရရှိသေးကြောင်း 
ပြန်လည်ဖြေကြားပါသည်။
ထို့နောက် UN အဖွဲ့အစည်းတစ်ခုမှ ရခိုင်ပြည်နယ်ဆိုင်ရာ 
ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် NGO တစ်ခု၏ ရခိုင်ပြည်နယ်ဆိုင်ရာ 
အဖွဲ့ခေါင်းဆောင်တစ်ဦးကို ထိန်းသိမ်းထားခြင်းအား Eleven Media Group မှ 
ဆက်လက်မေးမြန်းခဲ့ရာ ဗိုလ်မှုးကြီးထိန်လင်းက "အဲ့ဒါကတော့ 
အခြေအမြစ်ဖြစ်ခဲ့တဲ့ဒေသက ကျနော်တို့ဒေသမဟုတ်တော့ ကျနော်မဖြေနိုင်ပါဘူး"ဟု 
ပြန်လည်ဖြေကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် မည်သူ့အတွက်မျှ 
အကျိုးအမြတ်မရှိခဲ့ကြောင်း မည်သည့်နေရာတွင်မှ မဖြစ်စေလိုကြောင်း 
ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ယနေ့ညနေပိုင်း၌ ပြုလုပ်သော 
သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ "ဖြစ်တာတွေကတော့
 ဖြစ်ပြီးသွားပြီ၊ ဖြစ်ပြီးသွားတဲ့အနေအထားမှာ ကြည့်လိုက်တဲ့အခါ 
ဘယ်သူမှမနိုင်ဘူး ဘယ်သူမှအကျိုးအမြတ်မရှိဘူး။ သို့သော် ဒီဖြစ်ရပ်အပေါ်မှာ 
ဖြစ်စေချင်တဲ့လူတွေကတော့ စိတ်ထဲမှာ နည်းနည်းကျေနပ်ကောင်း 
ကျေနပ်သွားလိမ့်မယ်၊ ဒါပေမယ့် ကျနော်တို့သည် ဒုက္ခသည်တစ်ပုံတပင်ကြီးကို 
ရရှိလိုက်တာ အကျိုးအမြတ်က ဒါပဲဖြစ်ပါတယ်၊ အဲဒါကြောင့် 
ဒီလိုရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ဖြစ်ရပ်မျိုး ဘယ်နေရာမှာမှ ကျနော်တို့ 
မဖြစ်စေချင်ဘူး။ အရင်တုန်းက အတူတကွ နေထိုင်လာကျတဲ့ ဒီလူမျိုး ၂ မျိုးဟာ 
မလိုလားအပ်တဲ့ ပယောဂတွေ၊ ကောလာဟာလတွေ၊ တစ်ချို့လည်း မြှောက်ပေးနေကြတာတွေ 
ရှိပါတယ်။ သူတို့အယူအဆ အတွေးအခေါ်အမျိုးမျိုးနဲ့ မြှောက်ပေးနေကြတာ၊ 
ဒီဟာတွေကို ယုံကြည်ပြီးတော့ လုပ်တယ်ဆိုတဲ့ သူတွေကလည်း အတွေးအခေါ် 
အမြော်အမြင်နည်းတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဘယ်သူမှ အမြတ်ထွက်တဲ့ 
ကိစ္စမဟုတ်တဲ့အတွက်ကြောင့် မဖြစ်ဖို့အတွက် ကျနော်တို့ မြန်မာနိုင်ငံအနှံ့ 
အားလုံးဟာ တစ်ဦးချင်းမှာ တာဝန်ရှိပြီးတော့ အသိတရားနဲ့ 
ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဘယ်သူကနာတယ်၊ ဘယ်သူကသာတယ်၊ 
စာရင်းဇယားနဲ့ နှစ်ဖက်စလုံး နိဂုံးချုပ်မှာတော့ အရှုံးတရားတွေ ရရှိခဲ့တဲ့ 
ဖြစ်ရပ်ဖြစ်ပါတယ်။" ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်က ဦးလှသိန်းက 
ပြောကြားခဲ့သည်။
EMG 


No comments:
Post a Comment