“အရင်က
၁၅ နှစ်အောက် ကလေးသူငယ်တွေနဲ့ ၃၀ အထက်လူကြီးတွေပဲ အဖြစ်များတာ။ အခုဆို
အသက်အရွယ်မရွေး ဖြစ်လာတယ်။ အခုချိန်ထိ သွေးလွန်တုပ်ကွေးရောဂါကို
ပိုးသတ်နိုင်မယ့်ဆေး၊ ကာကွယ်နိုင်မယ့်ဆေး မရှိသေးလို့ ဂရုပြုနေ
ထိုင်သင့်တယ်၊ ဒီရောဂါက နောက်ကျသွားရင် အသက် သေနိုင်တဲ့အထိ ဖြစ်နိုင်တယ်” ဟု အလုံမြို့နယ်၊ ၀င်းဆေးခန်းမှ အထွေထွေရော ဂါကု ဒေါက်တာ မြင့်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင်
သွေးလွန်တုပ်ကွေးရောဂါသည် (၁၉၆၉) ခုနှစ်တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး
ဖြစ်ပေါ်စဉ်က ကလေးများတွင်သာ အဖြစ်များသော်လည်း ယခုအခါ
အသက်အရွယ်မရွေးဖြစ်ပွားလာကြောင်း ဆရာ ၀န်များက ဆိုသည်။
သွေးလွန်တုပ်ကွေးရောဂါသည်
ခြင်မှတဆင့်(ဒိန်ဂီ)ဟုခေါ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာသော
ရောဂါဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါ၏ သာမန်လက္ခဏာများမှာ ဖျားနာခြင်း၊
ကိုက်ခဲခြင်း၊ မျက်လုံး အောင့်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊
အနီအစက်အပျောက်များဖြစ်ပေါ်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်ကြောင်း သိရသည်။
“ကလေးတွေဆိုတာ
ခံနိုင်ရည်လည်း နည်းတယ်။ မဖြစ်အောင် ဂရုစိုက်နေထိုင်တာ ကောင်းပါတယ်။
ဖြစ်လာတယ်ဆိုရင်လည်း ဆရာဝန်နဲ့ပြသင့်တယ်။ သွေးလွန်တုပ်ကွေးရောဂါက
သာမာန်လောက်ဆို ကုသလို့ ရတယ်။ တဆင့်ဆင့် ဆိုးလာမယ်ဆိုတော့
အသက်အန္တရာယ်စိုးရိမ်ရတယ်။ အဲလိုဖြစ်တာ မျိုးလည်း ကိုယ်တိုင်တွေ့ခဲ့ရဘူးတယ်”
ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၃ရပ်ကွက်မှ မစံပယ်က ဆိုသည်။
သွေးလွန်တုပ်ကွေးရောဂါသည်
အဆင့်(၁)နှင့် (၂)တွင် ဆေးခန်းများ၌ ကုသနိုင်သော်လည်း အဆင့်(၃)
(တစ်ပတ်ကျော် ခန့် ဖျားပြီး သွေးပေါင်ကျလာသည့်အခြေအနေ) တွင်
ဆေးရုံသို့တက်ရန် လိုအပ်ကြောင်း၊ အဆင့် (၃)အား သတိမပြုမိပါက အဆင့်(၄) တွင်
သွေးပေါင်တိုင်း၍ ကုသရန်နောက် ကျသော အခြေအနေရောက်ရှိကာ
အသက်သေဆုံးနိုင်ကြောင်း ဆရာဝန်များ၏ ပြောဆိုမှုအရ သိရသည်။
"သွေးလွန်တုပ်ကွေးရောဂါက
မိုးတွင်းမှာအဖြစ်များတယ်။ ဘာလို့လဲဆိုတော့ ဘုရားပန်းအိုးတွေ၊
သစ်ခေါင်းထဲမှာရှိတဲ့ရေတွေမှာ ခြင်တွေဥတယ်။ ပိုးလောက်လန်းတွေပေါက်တယ်။
အဲဒါကြောင့် နေ့စဉ်ရေလဲတာတို့၊ ပိုးသတ်ဆေးခတ်တာတို့
သန့်ရှင်းရေးတွေလုပ်သင့်တယ်။ အဲဒါဆို ခြင်ပေါက်ဖွား မူနူန်းလည်း နည်းမယ်။
ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူပြုနိုင်တယ်" ဟု
ဒဂုံမြို့သစ်မြောက်ပိုင်းမှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာစန်းသီတာအောင်က
ပြောသည်။
မိုးရာသီတွင်
ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်နိုင်ရန်အတွက်
ပိုးလောက်လန်းနှိမ်နှင်းရေး ဆေးဖြစ်သော 'အဘိတ်' ဆေးခတ်ခြင်းနှင့်
ဖုံးအုပ်ခြင်း၊ သွန်ပစ်ခြင်း၊ လဲလှယ်ခြင်း၊ စစ်ပစ်ခြင်း (ဖုံး၊သွန်၊လဲ၊စစ်)
လေးချက်ဖြင့် ကျန်းမာရေးဦးစီးဌာနများမှ လိုက်လံ
ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။
ကမ္ဘာပေါ်တွင်
နှစ်စဉ်သွေးလွန်တုပ်ကွေးအဖြစ်အများဆုံးသုံးနိုင်ငံတွင် မြန်မာနိုင်ငံ
ပါဝင်နေပြီး ကျန်နှစ်နိုင်ငံမှာ အရှေ့တောင်အာရှရှိ အင်ဒိုနီးရှားနှင့်
ထိုင်းနိုင်ငံတို့ဖြစ်သည်။
ယမင်း(မြစ်မခ)
No comments:
Post a Comment