Friday, July 6, 2012

ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပခြင်းကို တားမြစ်

Ever November | 7/06/2012 10:32:00 PM | Best Blogger Tips

လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နာမည်ကျော် ပုဂ္ဂိုလ်များ မွေးထုတ် ပေးခဲ့သည့် ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းရှိ ကျောင်းသားသမဂ္ဂ ဖြိုခွဲဖျက်ဆီး ခံခဲ့ရသော ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အမှတ်တရ အခမ်းအနားကို တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ကျင်းပရန် စီစဉ်နေမှုကို အုပ်ချုပ်ရေးအဖွဲ့က တားမြစ် ပိတ်ပင်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ မျိုးဆက်သစ် ခေါင်းဆောင်များက ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဆဲဗင်း ဇူလိုင် အမှတ်တရ အခမ်းအနားများ ကျင်းပရန် စီစဉ်ထားမှုကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများက ကျောင်းသား ခေါင်းဆောင်များအား ခေါ်ယူသတိပေး တားမြစ်ခြင်း ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့က ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗကသ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုနန္ဒာစစ်အောင်က ရှင်းလင်း ပြောဆိုသည်။

မန္တလေး၊ ဗန်းမော်၊ မုံရွာ၊ ကျောက်ဆည်၊ ဟင်္သာတ၊ မြောင်းမြ စသည့် မြို့များတွင်လည်း တက္ကသိုလ် အသီးသီးရှိ ကျောင်းသား ခေါင်းဆောင်များကို သတိပေးမှုများ ရှိကြောင်း ယင်းမြို့များရှိ ကျောင်းသား ကိုယ်စားလှယ်များက ပြောကြားသည်။

"အထိမ်းအမှတ် အနေနဲ့ လုပ်တာ။ ဒီနှစ် ဒီလမှာ ဘာဖြစ်ခဲ့တယ် ဆိုတဲ့ သမိုင်းမှန်ကို ပြည်သူတွေ သိသင့်တယ် ထင်လို့" ဟု ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ရန် စီစဉ်ရခြင်းနှင့် ပတ်သက်၍ ဗကသ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ကိုမင်းသွေးသစ်က ဆိုသည်။

သမိုင်းသည် ပြည်သူအားလုံးနှင့် သက်ဆိုင်ပြီး အတိတ်မှ အမှားများကို သင်ခန်စာယူရန် ဖြစ်ကြောင်း မြန်မာ သမိုင်းသည် ပြည်သူများက ရေးသောသမိုင်း ဖြစ်သင့်ပြီး အာဏာရှိသူများက တဖက်သတ် ရေးဆွဲသော သမိုင်း မဖြစ်သင့်သလို သမိုင်းမှန်ကို မဖျောက်ဖျက်သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးက သုံးသပ် ပြောကြားသည်။

ရှစ်လေးလုံး ကာလက အရပ်သားသမ္မတ ဒေါက်တာမောင်မောင်က “ကျောင်းသားသမဂ္ဂကိုလည်း ပျော်ပျော်ကြီး အုတ်မြစ်ချ ကြတာပေါ့”ဟု ပြည်သူသို့ မိန့်ခွန်းပြောကြား ခဲ့သော်လည် ၂၄ နှစ် ကြာသည်အထိ မဖြစ်လာသေးဘဲ အရှေ့တောင် အာရှတွင် အလှဆုံး တက္ကသိုလ်တစ်ခု ဖြစ်သည့် ရန်ကုန် တက္ကသိုလ်၏ အခန်းကဏ္ဍကိုလည်း မှေးမှိန်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်ဟု ခံစားရကြောင်း ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အဆောင်စည်းကမ်း လျှော့ချရန် တောင်းဆိုမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရက ယင်းနေ့ ညနေပိုင်းတွင် ကျောင်းသားများကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1