ပြုံယမ်းမြို့တွင် ပြဇာတ်တစ်ခုကို အားပေးနေသော ကင်ဂျုံအွန်နှင့်
အမျိုးသမီးငယ်တို့၏
ဓာတ်ပုံကို KCNA က ဇူလိုင်လ ၉ ရက်တွင်
ထုတ်ပြန်ပေးခဲ့စဉ်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အနီး မကြာသေးမီက အခမ်းအနားများတွင် အတူတွဲလျက်တွေ့ရသော အမျိုးသမီးတစ်ဦးနှင့်ပတ်သက်ပြီး ကင်ဂျုံအွန်၏ အတူနေအဖော် သို့မဟုတ် ကင်၏ ညီမတစ်ဦး ဟုတ်၊ မဟုတ် တောင်ကိုရီးယားတွင် ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် သေဆုံးခဲ့သော အဘိုးကင်အီဆွန်းကို ကင်ဂျုံအွန်က
ဂါရ၀ပြုသည့် အခမ်းအနားအား ဇူလိုင်လ ၈ ရက်တွင် ပြုံယမ်းရှိ
ကမ်ဆူဆန်နန်းတော်တွင် ပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားသို့ ပွဲတက်
အဆောင်အယောင်ရာထူးသာသာ ယူထားရသော ၀န်ကြီးချုပ် ကင်ယုံနမ်၊ စစ်ဦးစီးချုပ်
ရီယုံဟိုတို့နှင့်အတူ ယင်းအမျိုးသမီးလည်း တက်ရောက်ခဲ့သည်။ အသက်နှစ်ဆယ်အရွယ်
သို့မဟုတ် သုံးဆယ်အရွယ်ရှိ ယင်းအမျိုးသမီးမှာ ကင်ဂျုံအွန်ဘေး
ကပ်လိုက်လာပြီး ကင်အီဆွန်းရုပ်ပုံရှေ့တွင် ဂါရ၀ပြုခဲ့ခြင်းဖြစ်သည်။
အနက်ရောင် တူညီဝတ်စုံဝတ်ထားသော ဆံပင်တိုထားသည့် ယင်းအမျိုးသမီးသည်
ဇူလိုင်လ ၆ ရက်က ပြုလုပ်ခဲ့သော နိုင်ငံအဆင့် သံစုံတီးဝိုင်း
ကြည့်ရှုရာတွင်လည်း ကင်ဂျုံအွန်ဘေးတွင် ကပ်ထိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊
ဒီဇင်ဘာလက ကင်ဂျုံအီလ် ၏ ဈာပနတွင်လည်း ကင်ဂျုံအွန်နှင့်အတူ ယင်းအမျိုးသမီး
ရှိနေခဲ့သည်။
သို့သော် JoongAng IIbo သ တင်းစာကမူ ယင်းအမျိုးသမီးမှာ HyonSong-Wol
ဟုခေါ်သော နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်ပြီး ကင်ဂျုံအွန်၏
ချစ်သူဖြစ်ဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။ ယင်းအမျိုးသမီးမှာ ၂၀၀၆ ခုနှစ်တွင်
မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင်
ပြန်ပေါ်လာခဲ့ကာ ကိုယ်ဝန်လွယ်ထားကြောင်း ဖော်ပြခဲ့သည်။
ကင်နှင့် Hyon တို့မှာ ဆယ်ကျော်သက်အရွယ်များတွင် သူငယ်ချင်းများဖြစ်ပြီး
အစိုးရ အသိုင်းအ၀ိုင်းအတွင်း သူတို့နှစ်ဦးမှာ အတွဲဖြစ်သည်ဟု ကောလာဟလများ
ပျံ့နှံ့ခဲ့ကြောင်း အမည်မဖော်သော ဆိုးလ် ထောက်လှမ်းရေး တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။
ယင်းအမျိုးသမီးမှာ ကင်ဂျုံအွန်၏ ညီမယိုဂျုံ ဖြစ်ဖွယ်ရှိသည်ဟုလည်း
တောင်ကိုရီးယားမီဒီယာအချို့က ဖော်ပြခဲ့ပြီး ယိုဂျုံမှာ ၁၉၉၀ ပြည့်နှစ်များက
ဆွစ်ဇာလန်၌ ကင်ဂျုံအွန်နှင့်အတူ ကျောင်းတက်ခဲ့ဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။
မီဒီယာအချို့ကမူ ကင်ဂျုံအွန်၏ဇနီး သို့မဟုတ် ချစ်သူ ဖြစ်ဖွယ်ရှိသည်ဟု
ဖော်ပြခဲ့သည်။
Ref:AFPEMG
No comments:
Post a Comment