ကျမရဲ့ လူ့သက်တမ်း ၆၆ နှစ်ဆိုတဲ့ ရောင်စုံမှန်ပြောင်းနဲ့ ကြည့်လိုတော့ ကြည့်လိုက်တော့ လွန်ခဲ့တဲ့ အနှစ် ၆ဝ မပြောနဲ့၊ လွန်ခဲ့တဲ့ ၆ နှစ်ကနဲ့တောင် ကွာခြားနေပြီဆိုတာ တွေ့ရပါတယ်။ ဘာကြောင်းလဲဆိုတော့ ကမ္ဘာလောကကြီးရော၊ ကျမ ရော နှစ်ခုစလုံးက ဒီအချိန်တွေထဲမှာ ပြောင်းလဲသွားခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၆ဝ က ကျမနဲ့ တိရစ္ဆာန်လေးတွေရဲ့ ပတ် သက်မှု (ဒီလိုပဲ သုံးနှုန်းလို့ရမယ်ဆိုရင်) က ခပ်လှမ်းလှမ်းမှာပဲ ရှိနေခဲ့ပါတယ်။ ခွေးဝဲစားတွေနဲ့ သနားစဖွယ် မြင်ရတဲ့ မြင်းတွေအကြောင်းကို ကျမငယ်ဘဝရဲ့ တစိတ်တပိုင်းအဖြစ် ကျမ ရေးခဲ့ဘူးပါတယ်။ ငယ်ဘဝမှာ အကျွမ်းဝင်ခဲ့တဲ့ အခြားတိရစ္ဆာန်ကမ္ဘာကတော့ ငှက်တွေ ဖြစ်ပါတယ်။
ရန်ကုန်မှာ အဲဒီတုန်းက အဆောင်အအုံတွေ များများစားစားမရှိသေးဘဲ
ကျမတို့နေတဲ့ လမ်းကလည်း မြေနီတွေ ကျောက်ကျိုးတွေ ခင်းထားတဲ့ တိတ်ဆိတ်တဲ့
လမ်းသွယ်လေးဖြစ်ပြီး အနားသတ်အနေနဲ့ ဝါးရုံတွေ၊ ကျမတို့ရဲ့နွားတွေကို
လွှတ်ကျောင်းထားလို့ရတဲ့ တွင်းတွေ၊ ချိုင့်တွေနဲ့ စားကျက်ကွင်း ကျိုးကျဲ၊
ရေမှော်တွေ ဖုံးနေတဲ့ ရေကန်ကလေးနဲ့ တပိုင်း တစ ပြိုလဲနေတဲ့ အုတ်နံရံတွေ
ရှိတယ်။ ကျမတို့ရဲ့ အိမ်ရှေ့မျက်နှာချင်းဆိုင်မှာက
ဘုန်းကြီးကျောင်းတကျောင်းရှိတယ်။ ရှေးကျကျ ဆောက်ထားတဲ့
သစ်သားကျောင်းဖြစ်ပြီး ပြုပြင်ထိမ်းသိမ်းမှုမရှိတဲ့ ကျောင်းဝင်း၊
ဘုရားကျောင်းအဟောင်း တွေ၊ စေတီငယ်တွေနဲ့ ပြင်ပ ပုထုဇဉ်တို့ရဲ့ လောကနဲ့
မဆက်စပ်တဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ ဘအာဝါသရှိတယ်။ ဘုန်းကြီး ကျောင်းရော၊
ကျမတို့အိမ်ရော တောင်ကုန်းခပ်သေးသေးနီးပါးအရွယ်ရှိတဲ့
ကုန်းမြင့်ပေါ်မှာရှိပြီး ကျမတို့အိမ်ရှေ့က လမ်း ဟာ တောင်ကြားဖြတ်လမ်း
ကလေးလို ဖြစ်နေပါတယ်။
ကျမတို့အိမ်ရဲ့ ဥယျာဉ်က အဆင့်မညီတဲ့ မြေခင်းသုံးထပ်ပေါ် ဖြန့်ကျင်းနေပြီး
သစ်ပင်တွေ ပေါများတဲ့အတွက် ငှက်မျိုးစုံ အတွက် နေချင်စရာနေရာ
ဖြစ်လို့နေပါတယ်။ များသောအားဖြင့်ကတော့ ကျီးကန်းတွေ၊ ဆက်ရက်တွေ၊ ချိုးတွေ၊
ခိုတွေ နဲ့ စာကလေးတွေ ဖြစ်ပါတယ်။ များလွန်းလို့ ကျမတို့ သတိမထား
မိအောင်ပါပဲ။ ဒါပေမဲ့ ကျမက ကျီးကန်းတွေ ညနေ စောင်း အိပ်တန်းတက်ဖို့
ပျံကြတာကို စောင့်ကြည့်ရတာ သိပ်ကြိုက်ပါတယ်။ ကောင်းကင်တခုလုံး
အမည်းတောင်ပံတွေ ဖြန့်ကြက် စွန်းထင်းပြီး အုတ်အုတ်ကျက်ကျက်နဲ့
ဖြစ်နေတာကိုပါ။ လွမ်းစရာကောင်းအောင် တွန်တတ်တဲ့ ဥသြသံက တော့ နွေဦးရဲ့
ဂီတတပိုင်းလိုပါပဲ။ ဒါပေမဲ့ သူ့ကို တွေ့ဖို့တော့ ခက်တယ်။ ကျမ
အခုပြန်စဉ်းစားကြည့်တော့ ကျမ ငယ် ငယ်တုန်းက အဲဒါအတွက် သိပ်ပြီးတော့
စူးစူးစမ်းစမ်းမရှိခဲ့ပါဘူး။ ကျမ မှတ်မိတာ တခုကတော့ ကြက်တူရွေးတကောင်
ခြံထဲက သစ်ပင်ပေါ်ကနေ ကျမတို့ကို ငုံ့ကြည့်နေပုံဟာ လူတွေအားလုံး သူ့အပေါ်
အံချီးဘနန်း ဖြစ်နေတာကို သိနေတဲ့ ပုံပေါက်နေတယ်။ တရက်မှာတော့
နေ့ခင်းကြီးမှာပဲ ဇီးကွက်တကောင် သစ်ပင်ပေါ်က ပြုတ်ကြလာတယ်။ ကျမတို့ရဲ့ မာလီက
ကောက်ယူပြီး လာပြတော့ သူ့ကို တအံတသြ ကြည့်နေတဲ့ ကျမ မျက်နှာကို
အိပ်ချင်မူးတူးနဲ့ မျက်တောင်ခတ် ကြည့်နေခဲ့ပါတယ်။
ကျမတို့ လမ်းကလေးရဲ့အဆုံး အပေါ်ကုန်းထိပ်မှာ ၁၉ ရာစု လက်ရာ
အိန္ဒိယနွယ်များနေခဲ့တဲ့ တိုက်အိမ်ဟောင်းကြီး တလုံးရှိပါတယ်။
အိမ်ရဲ့ခမ်းနားခဲ့တဲ့ အရိပ်အယောင်တွေနဲ့ ဖြစ်ချင်သလိုဖြစ်
ပစ်ထားခြင်းခံရတဲ့ ဥယျာဉ်ရဲ့ လွမ်းမော ဘွယ်ရာအဖြစ်ကို အိမ်ရှင်
တောက်လျှောက်ကင်းမဲ့နေခဲ့တဲ့ အဖြစ်က ပိုလို့ အားဖြည့်ထားနေပါသေးတယ်။
ဟိန္ဒူသူဋ္ဌေး တွေပိုင်တာဖြစ်ပြီး ဒုတိယကမ္ဘာစစ် မြန်မာပြည်ရောက်တဲ့အချိန်
အိန္ဒိယကို ပြန်ပြေးကြတယ်လို့ ပြောကြပါတယ်။ စိတ်ချ ရတဲ့ ခြံစောင့်တွေနဲ့
ထားခဲ့ကြတာ၊ စစ်အတွင်းတလျှောက်လုံးလည်း စောင့်ရှောက်ပေးခဲ့ပြီး အိမ်ရှင်တွေ
ဘယ်တော့မှ ပြန်ပေါ်မလာတော့ပေမဲ့ သစ္စာရှိရှိနဲ့ ဒီလိုပဲ ဆက်လက်
နေထိုင်နေခဲ့ကြပါတယ်။ ကျမ မှတ်မိသလောက် ရှားရှားပါးပါး တခါ နှစ်ခါလောက်ပဲ
အရပ်ရှည်ပြီး ဒိုတီဝတ်ထားတဲ့ အဲဒီ့ခြံစောင့်တွေက ကျမတို့ကို သူတို့ ခြံထဲ
လာလည်ခွင့်ပေးပါ တယ်။ ချုံတွေ နွယ်ပင်တွေကြားထဲ မီးခိုးရောင် ကျောက်တုံး
ရေကန်ထဲက ရေပန်းနှစ်ခုကတော့ ရေမရှိတော့ပေမယ့် ကျမ အတွက် အင်မတန်
ခမ်းနားကြီးကျယ်လှပါတယ်။ ဒီအပေါ် ထပ်ဆင့်အားဖြည့်လိုက်တာကတော့ ခုံတန်းလေးတွေ
ပေါ် ထိုင်နေတဲ့ အကောင်ကြီးကြီး ကတ္တဝါကြီးနှစ်ကောင်က ခြောက်သွေ့လှတဲ့
ဝင်းခြံဥယျာဉ်ကို သူတို့ရဲ့ တောက်ပလှ တဲ့ အရောင်တွေနဲ့ တောက်ပစေခဲ့ပါတယ်။
ကျမ အတွက် သူတို့ကတော့ ရန်ကုန်တိရစ္ဆာန်ရုံကလွဲရင် အပြင်မှာ မြင်ဖူးတဲ့
အံဖွယ်အကောင်းဆုံး သတ္တဝါကြီးတွေပါပဲ။
အလည်အပတ်လုပ်ဖို့ နေရာတွေနည်းလှတဲ့ အဲဒီ့အချိန်တွေတုန်းက
တိရစ္ဆာန်ရုံသွားတယ်ဆိုတာ အထူးအခွင့်အရေးပဲ။ တိရစ္ဆာန်ရုံက ကျမတို့အိမ်နဲ့
သိပ်မဝေးလှတော့ မှောင်ရီပျိုးလို့ တိတ်ဆိတ်တဲ့ အချိန်မျိုးမှာ ခြင်္သေ့တွေရဲ့
ဟိန်းဟောက် သံက ကျမအတွက် အံစရာချည်းပါပဲ။ ခြင်္သေ့တွေဘာလို့ ညနေတိုင်း
ဟိန်းနေတာလဲလို့ လူကြီးတွေကိုမေးတော့ တချို့ က ညနေအစာကျွေးချိန်ကြောင့်လို့
ဖြေကြပြီး တချို့ကတော့ သူတို့အိမ်ကိုလွမ်းလို့ ဟိန်းကြတာလို့ ပြောကြတယ်။
သူတို့ ကို တိရစ္ဆာန်ရုံမှာ သွားကြည့်တဲ့အခါ ကျမက သူတို့တွေ လှောင်အိမ်တွေထဲ
ဂနာမငြိမ်ပုံကို စိတ်ဝင်စားမိပြီး ဟိုဘက် လျှောက်၊ ဒီဘက် လျှောကလှမ်းနေတဲ့
ခြေလှမ်းတွေဟာ အဝေးကြီးက သူတို့အိမ်ကို လွမ်းလို့ဖြစ်မှာပဲလို့
တွေးမိပါတယ်။ ကျမ ကိုယ်တိုင်ကလည်း အင်္ဂါနေ့မှာ မွေးတာဖြစ်တဲ့အတွက်
ဗမာ့အစဉ်အလာဗေဒင် အလိုအရ ခြင်္သေ့ဖြစ်တာကြောင့် ကျမက ဒီခြင်္သေ့ကြီးးတွေကို
သက်သက်သနားနေမိတာ ဖြစ်မှာပါ။
မျောက်မျိုးနွယ်တွေနဲ့ ပတ်သက်လို့ကတော့ တမျိုး၊ တိရစ္ဆာန်ရုံ အလည်လာကြတဲ့
သူတွေ အကြိုက်များလှတဲ့ “မျောက် ရွာ” ကြတော့ ကျမသိပ်မကြိုက်ဘူး။ ကျမ
မျက်စိထဲ မျောက်တွေကြည့်ရတာ သိပ်ပြီးမဖော်ရွေလှသလို ပျော်ရွင်ပုံလည်း
မပေါက်ဘူး။ သူတို့ မျက်လုံးစိုက်ကြည့်ပုံက မလိုမုန်းထားရှိပြီး သူတို့
လုပ်ပုံကိုင်ပုံကိုကြည့်ပြီး ရယ်နေကြသူတွေကို လှောင်သလို
သွားစေ့ပြတတ်ကြတယ်။ သူတို့ရှိရာ ပစ်ပေးသမျှ မြေပဲနဲ့ အခြားစားစရာတွေကို
တရှုပ်ရှုပ် တမဲမဲနဲ့ပဲ ပိုင် ပိုင်နိုင်နိုင် ဖမ်းကြတယ်။ ဒီနေရာမှာ
ဆင်တွေနဲ့ သိပ်ကွာကြတယ်။ ဆင်တွေဆို သူတို့ကို ပေးတဲ့ ငှက်ပျော်သီးနဲ့
မုန့်တွေ ကို လှမ်းယူရင်လည်း သူတို့ရဲ့ကြီးမားတဲ့ မျက်နှာကြီးတွေ့
ရောင့်ရဲမှုနဲ့ ဣနြေ္ဒရရ၊ နှာမောင်းတွေ ယမ်းလိုက်ပုံကလည်း ယို့ယို့
ကျိုးကျိုးနဲ့ ကျမအထင်တော့ ကျေးဇူးတင်ကြောင်း ပြလိုက်တာလို့ ထင်ပါတယ်။
ကျမ အရွယ်ရောက်လာပြီး နောက်ပိုင်းမှာတော့ တိရစ္ဆာန်ရုံကို
နှစ်ခေါက်ပဲရောက်တော့တယ်။ နီပေါမှာ တခေါက်၊ လန် ဒန် မှာ တခေါက်။ ကျမတို့ရဲ့
တနေ့လည်ခင်း အချိန်ဖြုန်းဖို့ အတွက်နဲ့ နောက်ပြီး ဟိမဝန္တာတောင်တန်းပေါ်က
တိရစ္ဆာန်ရုံ ဆိုတာလည်း ဖြစ်နိုင်ခြေသိပ်မရှိသလိုမို့ မိုက်ကယ်နဲ့ ကျမ
ခတ္တူမန္ဒူ တိရစ္ဆာန်ရုံကို သွားကြတယ်။ ဒါပေမဲ့ ကြည့်ရတာ
ဝမ်းနည်းစရာတောင်ကောင်းတယ်လို့ ထင်တယ်။ သန့်ရှင်းမှုလည်းမရှိ
တိရစ္ဆာန်တွေကလည်း အသက်မဝင်လှဘူး။ ခြင်္သေ့တွေ ကျားတွေကို ခွေးသားတွေ
ကျွေးတာမို့ ခွေးအရှင်နံရရင် သူတို့လှုပ်ရှားသောင်းကျန်းမှာ စိုးလို့
ကျမတို့ရဲ့ ဘူတန်မျိုး တယ်ရီယာခွေးလေးကို အပြင်မှာ ထားခဲ့ခိုင်းတယ်။
ဒီလိုနေရာမျိုးတော့ နောင်လည်း ဘယ်တော့မှ သွားချင် စရာမကောင်းတဲ့
အတွေ့အကြုံပဲ ရခဲ့ပါတယ်။
နောက်တခေါက်၊ နောက်ဆုံးလည်းဖြစ်တဲ့ တိရစ္ဆာန်ရုံအလည်တခေါက်ကတော့
နောက်နှစ်အနည်းငယ်အကြာမှာ ကျမ သား အလက်စန္ဒြားကို ဝှစ်ပ်စနိတ်
တိရစ္ဆာန်ရုံကို လိုက်ပို့ရပါတယ်။ ခတ္တူမန္ဒူ တိရစ္ဆာန်ရုံနဲ့ ယှဉ်လိုက်ရင်
အင်မတန် လှပအောင် ထိမ်းသိမ်းထားတယ်ဆိုပေမယ့် အလှောင်ခံ၊ အကျဉ်းကျခံရတဲ့
တိရစ္ဆာန်တွေ ကြည့်ရတာ စိတ်ပျက်မိတယ်။ တိရစ္ဆာန်တွေက မပြောင်းလဲပေမယ့် လူတွေက
တိရစ္ဆာန်တွေအပေါ် လွှမ်းမိုးတာကို ခံစားမိတဲ့ ကျမအမြင်က ပြောင်းလဲ
သွားပြီလေ။ ကျမ ဝန်းကျင်ကမ္ဘာမှာ ကျမ မျှော်လင့်မထားတဲ့
ပြောင်းလဲပုံတွေကြောင့် တိရစ္ဆာန်တွေနဲ့ လူတွေကြားထဲ ပတ်သက်မှုအပေါ် ကျမရဲ့
အမြင်တွေ ပိုပြီးတောင် ပြောင်းလဲလာ လိမ့်မယ်ဆိုတာ ဒီတုန်းက မသိခဲ့ပါဘူး။
အောင်ဆန်းစုကြည်
ဇွန်လ ၂၅ ရက်နေ့ထုတ် Mainichi ဂျပန်သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပြီး)
ပြည်သူ့ခေတ် အတွဲ ၂ ၊ အမှတ် ၁ဝ၂ naytthit.net
No comments:
Post a Comment