Wednesday, May 1, 2013

ရီးယဲလ်ကို အရေးနိမ့်သော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်သွားသည့် ဒေါ့တ်မန်

Ever November | 5/01/2013 01:39:00 PM | Best Blogger Tips

ယမန်နေ့ညက ကစားသည့် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ရလဒ်အရ ဘိုရပ်ရှားဒေါ့တ်မန် အသင်းသည် ဗိုလ်လုပွဲသို့ အောင်မြင်စွာ တက်ရောက်ခွင့် ရရှိသွားပြီ ဖြစ်သည်။

ရီးယဲလ်မက်ဒရစ် အသင်းသည် ပထမအကျော့ (၄-၁)ဖြင့် အရေးနိမ့်ထားမှုကို ချေဖျက်ရန် ကြိုးစားခဲ့ပြီး ဂွန်ဇာလို ဟီဂူအင်း၊ မီဆွတ်အိုဇေးလ်၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ အိန်ဂျယ်လ် ဒီမာရီယာ၊ ရှာဘီအလွန်ဆို၊ လူကာမိုဒရစ်၊ ဖေဘီယို ကွန်ထရာအို၊ ဆာဂျီယိုရာမို့စ်၊ ရာဖာရဲလ် ဗာရာနီ၊ မိုက်ကယ် အက်ဆီယန်တို့နှင့် ပွဲထွက်လာခဲ့သည်။ ဂျာမန်ကလပ် ဒေါ့တ်မန်ကမူ ရောဘတ် လီဝင်ဒေါစကီး၊ မာကိုရုစ်၊ မာရီယိုဂေါ့ဇီ၊ ဂျာကက်ဘ် ဘလက်ဇီကော့စကီး၊ ဆဗန်ဘန်ဒါ၊ အီကေဂွန်ဒိုဂန်၊ မာဆယ်လ် ရှမဲလ်ဇာ၊ မတ်စ်ဟမ်မဲလ်၊ နီဗန်ဆူဘိုတစ်၊ လူးကက်စ်ပစ်ဇ်ကက်တို့ကို ခင်းကျင်းလာခဲ့သည်။

ဂိုးများများ လိုအပ်နေသော ရီးယဲလ်သည် ပွဲအစကတည်းက တိုက်စစ်ဖွင့်ခဲ့ပြီး ဒေါ့တ်မန်ကမူ ရီးယဲလ်ကို အမှားစောင့်ကာ ထိုးဖောက်ရန် ကြိုးစားခဲ့သည်။ ပွဲချိန် (၁၃)မိနစ်တွင် ရာမို့စ်ကို ကျော်ဖြတ်ကာ လီဝင်ဒေါစကီး ဂိုးသွင်းရန် အားထုတ်မှုကို ရီးယဲလ်ဂိုးသမား ဒီယေဂိုလိုပက်ဇ် တားဆီးခဲ့သည်။ ရီးယဲလ်ဘက်ကလည်း ရော်နယ်လ်ဒို၏ ကန်ချက်များဖြင့် ဒေါ့တ်မန် ဂိုးပေါက်ကို ခြိမ်းခြောက်နေခဲ့ပြီး (၁၅)မိနစ်တွင် Marking လွတ်ထွက်သွားသည့် အိုဇေးလ် ဘောလုံးဆွဲပြေးပြီး အပိုင်ကန်ခွင့် ရသော်လည်း ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားသဖြင့် ရီးယဲလ်တို့ အပိုင်အခွင့်အလမ်းတစ်ခု လက်လွတ်သွားသည်။ 
ပွဲချိန် မိနစ်(၅၀)တွင် ရုစ်ထုတ်ပေးလိုက်သော ဘောလုံးကို လူကပ်ခြင်း မခံထားရသည့် လီဝင်ဒေါစကီးက ဆွဲထုတ်သွားပြီး အပြင်းကန်သွင်းရာ ဂိုးဘားတန်း အောက်ခြေကို ထိပြီး တစ်ချက်မြေထောက်ကာ ပြန်ထွက်သွားသဖြင့် အိမ်ရှင်တို့ သက်သာရာ ရခဲ့သည်။ (၆၂)မိနစ်တွင် လီဝင်ဒေါစကီး ခေါင်းတိုက် ချပေးသော ဘောလုံးကို ရုစ်က ပါးနပ်စွာ ခင်းပေးသည်ကို ဂိုးရှေ့တွင် ဂွန်ဒိုဂန် အပိုင်ပိတ်ခွင့် ရသော်လည်း ပစ်လှဲကာ ကာကွယ်ခဲ့သည့် ဂိုးသမား လိုပက်ဇ်၏လက်နှင့် ဘောလုံး ထိထွက်သွားပြန်သည်။ (၇၆)မိနစ်တွင် ရုစ်က ဧရိယာထဲရှိ လီဝင်ဒေါစကီးကို ဘောလုံးချိုးပေးသော်လည်း ၎င်း၏ ကန်ချက်ကို အက်ဆီယန် ပိတ်ဆို့သွားသည်။ (၈၃)မိနစ်တွင်မူ ရီးယဲလ်တို့ ဂိုးစတင် ရရှိသည်။ လူစားဝင် ကစားသမား ရီကာဒိုကာကာ ညာခြမ်းသို့ မျှောထုတ်ပေးလိုက်သော ဘောလုံးကို အိုဇေးလ်က အနိမ့်ဖြတ်ပို့ရာ ဧရိယာအတွင်းရှိ လူစားဝင် တိုက်စစ်သမား ကီရင်ဘန်ဇီးမားက အမှားအယွင်းမရှိ ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ (၈၈)မိနစ်တွင် ဒေါ့တ်မန် ခံစစ်ကြောင်းမှ ဘောလုံးခေါင်းတိုက် ရှင်းထုတ်ပုံ မသေသပ်သဖြင့် ဧရိယာအတွင်းမှ ဘန်ဇီးမားထံ ဘောလုံးရောက်သွားပြီး ၎င်းက နောက်ပြန်ချိုးပေးသည်ကို ရာမို့စ် အပြင်းကန်သွင်းကာ ရီးယဲလ်တို့ ဒုတိယဂိုး ရခဲ့သည်။ နာကျင် အပိုဆောင်းချိန် (၃)မိနစ်တွင် ထောင့်ကန်ဘောကို ရာမို့စ် ခေါင်းတိုက်ချက်လည်း ဂိုးပေါက် မတည့်ခဲ့ချေ။ ရီးယဲလ်သည် နောက်ဆုံးမိနစ်များတွင် တောက်လျှောက် ဖိကစားရန် အားထုတ်ခဲ့ပြီး နာကျင် အပိုဆောင်းချိန် (၆)မိနစ်၌ ဆန်တာနာ ဖိလစ်ပီ အော်ဂက်စတိုက ဂိုးဧရိယာအတွင်း ရော်နယ်လ်ဒိုကို ခပ်ကြမ်းကြမ်း တားဆီးခဲ့သော်လည်း ဒိုင်လူကြီး ဟောင်းဝပ်ဝက်ဘ်က ပင်နယ်တီ သတ်မှတ်ရန် ငြင်းဆိုခဲ့သည်။ နောက်ဆုံးတွင် ရီးယဲလ်တို့ (၂-၀) အနိုင်ရလဒ်ဖြင့်သာ ပွဲသိမ်းခဲ့ပြီး ဒေါ့တ်မန်က နှစ်ကျော့ပေါင်းရလဒ် (၄-၃)ဖြင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
Ref: Eurosport
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1