Wednesday, May 1, 2013
ချယ်လ်ဆီးသို့ ပြန်သွားနိုင်သည့် အခြေအနေကို မော်ရင်ဟို အရိပ်အမြွက် ထုတ်ဖော်ပြောကြား
Ever November | 5/01/2013 01:42:00 PM |
အားကစား
ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာပြီး ချယ်လ်ဆီးအသင်း မန်နေဂျာအဖြစ် တာဝန်ယူဖွယ် ရှိနေကြောင်း အရိပ်အမြွက် စကားတစ်ခွန်းကို ဟိုဆေးမော်ရင်ဟိုက ထုတ်ဖော် ပြောကြားလိုက်သည်။
ပေါ်တူဂီသား နည်းပြကြီးသည် ၎င်းကိုင်တွယ်နေသော အသင်း ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲမှ ထွက်ခွာခဲ့ရသည့်နောက် သတင်းထောက်များနှင့် အင်တာဗျူးတွင် ဘာနေဗျူးကို နွေရာသီ၌ ကျောခိုင်းနိုင်ကြောင်း သဲလွန်စတစ်ခု ချပြခဲ့ခြင်း ဖြစ်သည်။ မော်ရင်ဟိုသည် ရီးယဲလ်ကို ရာသီကုန်တွင် စွန့်ခွာဖြစ်ဖွယ် ရှိနေကြောင်း ပြီးခဲ့သည့် လပိုင်းများ ကတည်းက သတင်းများ ထွက်ပေါ်နေသည်။ ရီးယဲလ်သည် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲတွင် ဂျာမန်ကလပ် ဘိုရပ်ရှား ဒေါ့တ်မန်ကို (၂-၀)ဖြင့် အိမ်ကွင်း၌ အနိုင်ရသော်လည်း နှစ်ကျော့ပေါင်းရလဒ် (၄-၃)ဖြင့် ပြိုင်ပွဲမှ အရေးနိမ့် ထွက်ခွာခဲ့ရသည်။
မော်ရင်ဟိုက ဘာနေဗျူးတွင် နောက်ရာသီ ဆက်ရှိမရှိ မေးမြန်းမှုများအား "ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်"ဟု မတင်မကျ ဖြေဆိုခဲ့သည်။ ၎င်းက "ကျွန်တော့် အနေနဲ့ကတော့ ကိုယ့်ကို ချစ်မြတ်နိုးတဲ့ သူတွေရှိရာ နေရာမျိုးမှာပဲ ပိုပြီး နေချင်တယ်"ဟုလည်း ဆိုသည်။ ချယ်လ်ဆီးနှင့်အတူ အောင်မြင်မှုများ ရယူခဲ့ဖူးသည့် နည်းပြက "ကျွန်တော် အင်္ဂလန် ဘောလုံးလောကကို ချစ်မြတ်နိုးမှန်း ကိုယ့်ဖာသာလည်း သိပါတယ်။ ပရိသတ်တွေ၊ မီဒီယာတွေကလည်း ကျွန်တော့်ကို ချစ်တယ်။ ပြီးတော့ ကျွန်တော့်ကို မျှတတဲ့ နည်းလမ်းနဲ့ ဆက်ဆံတယ်။ သူတို့ ကျွန်တော့်ကို အမြဲတမ်း ဝေဖန်လေ့ရှိတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် ထိုက်တန်တဲ့ ချီးကျူးစကားတွေကို ပြောဖို့လည်း ဘယ်တော့မှ မမေ့ကြဘူး။ ကျွန်တော့်ကို အင်္ဂလန်မှာ တချို့ ကလပ်အသင်းတွေက ချစ်ခင်ကြမှန်း သိတယ်။ အထူးသဖြင့် တစ်သင်းပေါ့။ စပိန်မှာတော့ အခြေအနေတွေက ကွာခြားပါတယ်။ ကျွန်တော့်ကို လူတချို့က မုန်းတယ်။ အဲဒီထဲကမှ အများစုဟာ ဒီသတင်းစာ ရှင်းလင်းပွဲ အခန်းထဲမှာတောင် ရှိနေတယ်"ဟု ပြောကြားသွားသည်။
မော်ရင်ဟိုသည် ချယ်လ်ဆီးအပြင် ပေါ်တိုနှင့် အင်တာမီလန် အသင်းများတွင်လည်း နည်းပြတာဝန် ယူခဲ့ဖူးပြီး ၎င်းအနေဖြင့် ရာသီကုန်တွင် အနာဂတ်အတွက် ရီးယဲလ်နှင့် ပြန်လည် ဆွေးနွေးရန် စီစဉ်ထားသည်။ မော်ရင်ဟိုက "ကျွန်တော်ကတော့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လို့ မရပါဘူး။ ကျွန်တော့်မှာ စာချုပ်ရှိနေတယ်လေ။ ဘောလုံးမှာ စာချုပ်တစ်ခုကို ဖောက်ဖျက်တယ် ဆိုတာ ကိုယ်လေးစားတဲ့ ကလပ်အသင်းနဲ့ ကိုယ်လေးစားတဲ့ အသင်းဥက္ကဋ္ဌကို ယုံကြည်မှု ဖောက်ဖျက်သလိုပါပဲ။ ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ ကျွန်တော့် ဥက္ကဋ္ဌ၊ ကျွန်တော့် မိတ်ဆွေကောင်းပါ။ ကျွန်တော့်အတွက် အကောင်းဆုံး ဖြစ်စေဖို့ သူတစ်ခုခု ဆုံးဖြတ်ပါလိမ့်မယ်"ဟုလည်း မော်ရင်ဟိုက ဆက်လက် ပြောဆိုသွားခဲ့သည်။
Ref: Daily Mail
soccer myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment