Monday, June 3, 2013

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ၌ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုမှာ တစ်နှစ် ပျမ်းမျှသုံးသန်းခန့် အထိရှိကြောင်း သိရ

Ever November | 6/03/2013 08:58:00 AM | Best Blogger Tips
ရန်ကုန်မြို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုရှိ လုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ အနေဖြင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှု အခြေအနေမှာ တစ်နှစ်လျှင် ပျမ်းမျှ (၂ ဒသမ ၅) သန်းမှ သုံးသန်းခန့်ထိ ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအပေါ် အခြေခံ၍ မြန်မာနိုင်ငံ ဆောက် လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားခဲ့သည်။

အလားတူ ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွက် ဆောက်လုပ်ရေး ကဏ္ဍတစ်ခုလုံး၏ အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုးစုစုပေါင်းမှာ ကျပ် ၂၀၀၄ ဒသမ ၈ ဘီလျံခန့် ရှိကြောင်း၊ အဆိုပါ ဘဏ္ဍာနှစ်အတွက် ဆောက်လုပ်ရေး ကဏ္ဍတစ်ခုလုံး၏ ကာလပေါက်ဈေးအရ တန်ဖိုးမှာ ကျပ် ၃၂၅၀ ဘီလျံခန့်ရှိကြောင်း၊ ယင်းအနက် ကျပ် ၂၂၇၀ ဘီလျံခန့် တစ်နည်းအားဖြင့် စုစုပေါင်း တန်ဖိုး၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ကဏ္ဍမှ ပါဝင်တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

''ကုန်ခဲ့တဲ့ သုံးနှစ်တာကာလ အတွင်းကစပြီး ဆောက်လုပ်ရေး ကဏ္ဍအနေနဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုဟာ တစ်နှစ်ကို သုံးသန်းခန့်ထိ ရှိနေတာကို တွေ့ရပါတယ်။ အဲဒီအချက်က ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းတွေဆိုတာ လုပ်ငန်းသဘော သဘာဝအရ အလုပ်အကိုင် သစ်များစွာ ဖန်တီးပေးနိုင်တဲ့ ကဏ္ဍတစ်ခုဖြစ်တာ တွေ့ရပါတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ၏ (GDP) သည် ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်တွင် ကျပ် ၅၃၁ ဒသမ၉ ဘီလျံခန့်ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် ကျပ် ၂၀၀၄ ဒသမ၈ ဘီလျံခန့်အထိ လေးဆနီးပါးအထိ တိုးတက်ခဲ့ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်က ပြောကြားခဲ့သည်။

''အခုချိန်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေ နိုင်ငံတွင်းကို တဖွဲဖွဲ ၀င်ရောက်လာနေပြီး အထူးစီးပွားရေးဇုန် အပါအ၀င် အခြားစီးပွားရေး လုပ်ငန်းတွေကို လာရောက်ရင်းနှီး မြှုပ်နှံကြတော့မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အခြေခံစီးပွားရေး အဆောက်အအုံများ တည်ဆောက်ပြီးစီးမှုကလည်း လွန်စွာအရေးကြီးတဲ့အတွက် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်'' ဟု ဒေါက်တာ ၀င်းမြင့်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီး လုပ်ကိုင်ရန် လေ့လာမှုများ ရှိနေကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1